Tuesday, September 16, 2014

အကျဉ်းသား၏ ဆန္ဒအတိုင်း ထောင်ဒဏ်တစ်သက်မှ သေဒဏ်သို့ ပြောင်းလဲပေးရန် ဘယ်လ်ဂျီယံတရားရုံးခွင့်ပြု

လူသတ်မှုနှင့် မုဒိမ်းမှုများကြောင့် ထောင်ဒဏ်တစ်သက် ချမှတ်ခံထားရသည့် အမျိုးသားတစ်ဦးက မိမိကို သေဒဏ်ပေးရန် တောင်းဆိုခဲ့မှုကို ဘယ်လ်ဂျီယံ တရားရုံးတစ်ခုက လက်ခံခွင့်ပြု ပေးလိုက်ကြောင်း သတင်းရရှိသည်။
အသက်(၅၀) အရွယ်ရှိ ဖရန့်ခ်ဗန်ဒန် ဘလီကန်က မိမိသည် လိင်ပိုင်းဆိုင်ရာ အလိုရမ္မက် ထက်သန်မှုများ၏ သားကောင်အဖြစ်မှ ရုန်းမထွက်နိုင်ဘဲ ဖြစ်နေကြောင်း ဝန်ခံခဲ့သည်။ (၁၉၈၀)ပြည့်လွန် နှစ်များက ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုအတွက် အကျဉ်းထောင်ထဲတွင် ချုပ်နှောင်ခံထားရသည့် ဗန်ဒန် ဘလီကန်သည် သေဆုံးခွင့် ရရှိရန်အတွက် (၃)နှစ်ကြာ တရားရင်ဆိုင်ပြီးမှ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

မကြာမီ ရက်ပိုင်းများအတွင်း ဗန်ဒန် ဘလီကန်ကို ဆေးရုံတစ်ခုသို့ လွှဲပြောင်း ပို့ဆောင်မည်ဖြစ်ပြီး သတ်မှတ်ဆေးဝါးများ ထိုးသွင်းကာ ငြင်သာစွာ ဇီဝိန်ခြွေပေးရန် စီစဉ်ထားကြောင်း သိရသည်။ ၎င်း၏ ရှေ့နေ ဂျော့စ်ဗန်ဒါ ဗယ်လ်ပန်က “ကျွန်တော့်အနေနဲ့ ဘယ်အချိန်၊ ဘယ်နေရာမှာ ဒီကိစ္စ အကောင်အထည်ဖော်မလဲ ဆိုတာကို ထုတ်မပြောနိုင်ပါဘူး”ဟု ဆိုသည်။
ဗန်ဒန် ဘလီကန်သည် မိမိကို ငြင်သာသော နည်းလမ်းဖြင့် အဆုံးစီရင်ပေးပါရန် (၂၀၁၁)ခုနှစ်တွင် စတင် တောင်းဆိုခဲ့သည်။ ၎င်းက မိမိ၏ အလိုဆန္ဒ လွန်ကဲမှုသည် သည်းမခံနိုင်သည့် စိတ်ဝေဒနာတစ်ရပ်သဖွယ် ဖြစ်နေသဖြင့် သိက္ခာရှိသော နည်းလမ်းဖြင့် သေခွင့်ပေးရန် လျှောက်ထားခဲ့သည်။ ဘယ်လ်ဂျီယံ တရားရေးဌာန၏ အဆုံးစီရင်မှုများကို ကွပ်ကဲသော ကော်မရှင်က ဗန်ဒန် ဘလီကန်အတွက် သင့်တော်သည့် ကုသမှု နည်းလမ်းတစ်ရပ်ကို အချိန်ယူ ရှာဖွေခဲ့သဖြင့် (၃)နှစ်မျှ ကြာမြင့်နေခဲ့ပြီး ယခုအခါတွင်မူ ၎င်း၏ တောင်းဆိုမှုကို လိုက်လျောခဲ့ခြင်း ဖြစ်သည်။
လူတစ်ဦးချင်း၏ ဆန္ဒအရ ငြင်သာစွာ အဆုံးစီရင်ပေးသည့် ဥပဒေကို (၂၀၀၂)ခုနှစ်တွင်  ဘယ်လ်ဂျီယံ၌ စတင်ပြဋ္ဌာန်းခဲ့သည့်နောက် ယင်းနည်းလမ်းဖြင့် သေဆုံးရန် တောင်းဆိုမှုသည် တစ်နှစ်ပြီးတစ်နှစ် မြင့်တက်လာခဲ့သည်။ အငြင်းပွားစရာ အဆိုပါ ဥပဒေကို လက်တွေ့ အသုံးချ တောင်းဆိုသူ အများစုသည် အလွန်အကျွံ နာမကျန်းဖြစ်နေပြီး ဝေဒနာခံစားနေရသည့် လူနာများ ဖြစ်ကြသည်။ သို့သော်လည်း ရောဂါဝေဒနာကြောင့် အသက်ဆုံးရှုံးရန် အချိန်ကို စောင့်ဆိုင်းနေရသည့် လူနာမျိုး မဟုတ်ဘဲ ယင်းနည်းလမ်းကို တောင်းဆိုခဲ့သူများလည်း ရှိကြောင်း သိရသည်။
(၂၀၁၃)ခုနှစ်၊ ဇန်နဝါရီလက အသက်(၄၅)နှစ်အရွယ် နားလေးနေသည့် အမြွှာနှစ်ဦးဖြစ်သည့် မက်ဗာဘက်ဆမ်နှင့် အက်ဒီဗာဘက်ဆမ်တို့သည် မျိုးဗီဇ ဖောက်ပြန်ချွတ်ယွင်းမှုကြောင့် အမြင်အာရုံ ဆုံးရှုံးတော့မည်ကို သိရှိလာသည့်နောက် သေဆုံးခွင့် တောင်းခံခဲ့ဖူးကြောင်း ဘယ်လ်ဂျီယံ မီဒီယာများက ဖော်ပြခဲ့သည်။ ထို့အပြင် လိင်ပြောင်းလဲရန် ခွဲစိတ်မှု အကြိမ်ကြိမ် ခံယူပြီး မအောင်မြင်ခဲ့သည့် နေသန် ဗာဟတ်စ်သည်လည်း စိတ်ဓာတ်ကျဆင်းပြီး မိမိကို ငြင်သာစွာ အဆုံးစီရင်ပေးရန် လျှောက်ထား တောင်းဆိုခဲ့ဖူးကြောင်း သိရသည်။
မည်သို့ပင်ဖြစ်စေ ကိုယ်တိုင် တောင်းဆိုမှု ဆန္ဒအရ ငြင်သာသော နည်းလမ်းဖြင့် ဇီဝိန်ခြွေပေးခြင်းသည် ထောက်ခံမှု၊ ကန့်ကွက်မှုများဖြင့် အငြင်းပွားနေဆဲ ဖြစ်သည်။ ထောက်ခံသူများက ယင်းနည်းလမ်းသည် လူသားဆန်မှု၏ အဆုံးစွန်သော အပြုအမူတစ်ရပ်ဟု ဆိုသည်။ ဆန့်ကျင်သူများက အဆိုပါ ဥပဒေက လမ်းကြောင်းလွှဲမှားမှုများထံ ဦးတည်သွားနိုင်သည့် အခြေအနေ အမြောက်အမြား ရှိနေကြောင်း ဝေဖန်ခဲ့သည်။
ဗန်ဒန် ဘလီကန်၏ ဖြစ်ရပ်တွင်မူ သေလုမျောပါး ဝေဒနာမျိုး ခံစားနေရခြင်း မရှိသည့်တိုင် ဆိုးရွားသည့် စိတ်ပိုင်းဆိုင်ရာ နာကျင်သက်ရောက်မှုမျိုး ရှိနေသည့် အကျဉ်းသား တစ်ဦးသည် နောက်ထပ် ရာဇဝတ်မှုများ ထပ်မံ ကျူးလွန်နိုင်ကြောင်း တရားရုံးက လက်ခံပေးပြီး ငြင်သာစွာ အဆုံးစီရင်ပေးရန် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

7 Day Daily

No comments:

Post a Comment