Saturday, September 20, 2014

ဂီနီရာတွင် အီဘိုလာဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့တစ်ဖွဲ့ကို ရွာသားများက သတ်ဖြတ်

ဂီနီရာ နိုင်ငံတွင် အီဘိုလာ ကူးစက်မှုကို လူအများ သတိပြုမိစေရန် လိုက်လံဆော်ဩနေသည့် ကျန်းမာရေး စောင့်ရှောက်မှု စေတနာ့ဝန်ထမ်း အဖွဲ့တစ်ခုကို အထင်အမြင် လွဲနေသည့် ရွာသားများက သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဆရာဝန်များနှင့် သတင်းထောက်များ ပါရှိသော အဖွဲ့သည် စက်တင်ဘာ (၁၆)ရက်က နိုင်ငံတောင်ပိုင်း အန်ဇာရီကိုရီ ရွာအနီးတွင် တိုက်ခိုက်ခံရပြီးနောက် လူစုကွဲကာ ပျောက်ဆုံးသွားခဲ့သည်။ ယင်းတို့အနက် သတင်းထောက် တစ်ဦးမှာ ထွက်ပြေး လွတ်မြောက်လာခဲ့ပြီး အာဏာပိုင်များထံ အသိပေးခဲ့သည်။ သူမအနေဖြင့် ပုန်းအောင်းနေစဉ် အတောအတွင်း ရွာသားများက ဒေါသတကြီး လိုက်လံရှာဖွေနေသော အသံများကို ကြားခဲ့ကြောင်းလည်း သတင်းထောက်က ဆိုသည်။

ယခုနှစ်အတွင်း အနောက်အာဖရိကတွင် အီဘိုလာ ကူးစက်မှုများကြောင့် လူပေါင်း (၂၆၀၀)မျှထိ သေဆုံး ခဲ့သည့်နောက် ဂီနီရာ အဆိုပါ ရောဂါနှင့် ပတ်သက်၍ အထူးတလည် ကြောက်ရွံ့ထိတ်လန့်လျက် ရှိသည်။ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့သည် အခင်းဖြစ်ရာ ဝိုမီရွာသို့ ရောက်ရှိလာချိန်တွင် ရွာသားများက ၎င်းတို့ကို ခဲလုံးများဖြင့် ပစ်ပေါက် ရန်မူခဲ့သည်။ အဆိုပါရွာသည် ဂီနာရာတွင် အီဘိုလာရောဂါ စတင်တွေ့ရှိသည့် ဒေသအနီးတွင် တည်ရှိသည်။
အစိုးရ ကိုယ်စားလှယ် အဖွဲ့တစ်ခုသည် သတင်းကြားသည်နှင့် ဝိုမီရွာသို့ လိုက်သွားခဲ့သော်လည်း လမ်းခရီးတွင် တံတားတစ်စင်းကို ပိတ်ဆို့ထားခြင်းကြောင့် နှောင့်နှေးခဲ့ရသည်။ နိုင်ငံ၏ ကျန်းမာရေးဝန်ကြီး ကိုယ်တိုင် ဦးဆောင်သော အစိုးရ ကိုယ်စားလှယ် အဖွဲ့သည် အဆိုပါရွာသို့ ရောက်ရှိသွားချိန်တွင်မူ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့သားများ၏ ရုပ်အလောင်းများကိုသာ ပြန်လည် ရရှိခဲ့သည်။
ဆရာဝန်သုံးဦးနှင့် သတင်းထောက် သုံးဦးတို့ အပါအဝင် ရုပ်အလောင်း (၈)ခုကို ပြန်လည် သိမ်းဆည်း ရမိခဲ့ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ အဲလ်ဘတ် ဒါမန်တန် ကာမာရာက ဆိုသည်။ “အလောင်းတွေကို ရွာထဲက မူလတန်းကျောင်းအနားက မိလ္လာကန်ထဲမှာ ပြန်တွေ့ တာပါ။ သေဆုံး သူတွေဟာ ရွာသားတွေရဲ့ သွေးအေးအေး သတ်ဖြတ်မှုကို ခံခဲ့ရပုံပါပဲ”ဟု ကာမာရာက ပြောကြားခဲ့သည်။
ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့ကို မည်သို့သော အကြောင်းကြောင့် ရွာသားများက ရန်ပြု သတ်ဖြတ်သည် ဆိုခြင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။ သို့သော်လည်း သတင်းများ၏ အဆိုအရ အသိပညာ ဖွံ့ဖြိုးမှု နည်းပါးသော ကျေးရွာ လူ့အသိုက်အဝန်း အချို့တွင် အီဘိုလာရောဂါ ဖြစ်သည်နှင့် သေဆုံးရန် ကျိန်းသေနေပြီဟု အယူအဆ လွဲမှားကာ ကျန်းမာရေး စစ်ဆေးမှုများ ခံယူရမည်ကို ခါးခါးသီးသီး ငြင်းဆန်လေ့ရှိကြောင်း သိရသည်။ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပြီး မိမိတွင် အီဘိုလာရောဂါ ဖြစ်နေပြီဟု သိရှိလာရမည့် အခြေအနေမျိုး ကြုံရမည်ကို ရွာခံများက စိုးရိမ်နေခြင်းဟု ဆိုသည်။
ပြီးခဲ့သည့်လကလည်း အဆိုပါ ဒေသအနီးတွင် ကျန်းမာရေး စောင့်ရှောက်မှု တာဝန်ရှိသူများနှင့် ဒေသခံ များကြား ပဋိပက္ခ ဖြစ်ပွားခဲ့ဖူးသည်။
အီဘိုလာ ရောဂါသည် အနောက်အာဖရိကရှိ လိုက်ဘေးရီးယား၊ ဆီအာရာလီယွန်၊ ဂီနီရာ၊ နိုက်ဂျီးရီးယားနှင့် ဆီနီဂေါတို့တွင် ပျံ့နှံ့ ကူးစက်နေသည်။ စက်တင်ဘာ (၁၈)ရက်နေ့က ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)၏ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ အီဘိုလာကူးစက်မှုသည် အရှိန်အဟုန် မြန်ဆန်နေဆဲဖြစ်ပြီး တစ်ပတ်အတွင်း နောက်ထပ် လူပေါင်း(၇၀၀)ကျော် ကူးစက်ခံထားရကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် ယခုအခါ အနောက်အာဖရိက တလွှားတွင် အီဘိုလာရောဂါ ကူးစက်ခံရသူ (၅၃၀၀)ကျော်ထိ ရှိလာပြီဖြစ်သည်။
_Ref: BBC

7 Day Daily

No comments:

Post a Comment