Wednesday, September 3, 2014

ဝမ်းမန်းရှိုးဟီးရိုးများရဲ့ စိုက်ပျိုးရေး စိုးရိမ်ရေမှတ်နိုင်ငံ

ဝမ်းမန်းရှိုးဟီးရိုး (One Man Show Hero) ဆိုတာကတော့ ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသရဲ့ ‘‘လောကသားတို့အတွက် မြတ်ဗုဒ္ဓရဲ့ ကြိုးပမ်းချက်အပိုင်း (၁၆)မှာပါတဲ့ မြန်မာပြည်ရဲ့ လူတန်းစားတစ်ရပ်အပေါ် ပုံဖော်ထားပုံသည့် ဒီဆောင်း ပါး ရဲ့ အဓိကဇာတ်ဆောင်တွေနဲ့ ထပ်တူကျနေလို့ ဒီဆောင်းပါးခေါင်းစဉ်ကို ပေးလိုက်ခြင်းပါပဲ။
ကျွန်တော်တို့ အဓိက အသက်မွေး ၀မ်းကျောင်းဖြစ်တဲ့ ဆန်စပါးစိုက်ပျိုးမှုကို အခြေခံပြီး သီးနှံအမည်စုံ ၆၀ ခန့် ဖြစ်ထွန်းတဲ့ နိုင်ငံဟာ  တဖြည်းဖြည်း နဲ့ သဘာဝရေကြီး၊ မိုးခေါင်ဒဏ် ခံရခြင်း၊ သစ်တောများပြုန်းတီးလို့ မြေဆီလွှာများ တိုက်စားခံရပြီး အနိမ့် ပိုင်း မြစ်ချောင်း အင်းအိုင် ရေကန်ကြီးများသည်လည်း တိမ်ကောလာလို့ သီးနှံများအတွက် စိုက်ပျိုးရေလိုအပ်ချိန် နွေရာသီမှာ ရေကခန်းခြောက်၊ စိုက်ပျိုးပြီး မိုးရာသီမှာတော့ ရေဖုံး၊ မြန်မာပြည်ရဲ့ ပဲအိုး၊ ဆီအိုးတို့ရှိရာ အပူပိုင်း ဇုန်မှာတော့ ဆယ်စုနှစ်နီးပါးတိုင် မိုးခေါင်လို့ တောင်သူအများစု ဆင်းရဲတွင်းနက်လို့နေတယ်။ဒီလိုအနေအထားထိ ပြောင်းလဲဖြစ်ထွန်းလာဖို့အတွက် လွန်ခဲ့တဲ့ ရာစုနှစ်ဝက်လောက်ကတည်းက ဒီမိုးကျရွှေကိုယ် ၀မ်းမန်းရှိုးဟီးရိုးများ သည် မြန်မာ့လက်မှုစိုက်ပျိုးရေးမှသည် စက်မှုစိုက်ပျိုးရေးနိုင်ငံသို့ဆိုပြီး ကြွေးကြော်ကာ ချီတက်ခဲ့ကြပေသော်လည်း ယနေ့ ထိတိုင် အများစုသော တောင်သူလယ်သမားများသည် ပုဂံခေတ်က ပန်းချီကားထဲကလို ထွန်တုံးကိုင်၍ ကျွဲနွားများအားကိုးကာ ရွှံ့၊ နွံထဲမှာ ရုန်းကန်စိုက်ပျိုးနေရဆဲ၊ ရေကြီး၊ မိုးခေါင်၊ သဘာဝဘေးဒဏ်များကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ခါးစည်းခံလျက် ဖြေရှင်းနေရဆဲ။

တောတောင်ပြုန်းလို့ ရေကြီးမိုးခေါင် တစ်ပြည်လုံးပူလောင်လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က သဘာဝမိုးရေလေက ပုံမှန်အဆင်ပြေနေတော့ သဘာဝမိုးရေကိုသာ အားထားစိုက်ပျိုးတဲ့ စပါးအခြေခံသီးနှံစုံတွေရဲ့ အောင်မြင်ဖြစ်ထွန်းမှုကို စိုးရိမ်စရာမရှိခဲ့ဘူး၊ အခုတော့ လွန်ခဲ့တဲ့ နာဂစ် မုန်တိုင်းကာလ ၂၀၀၈ ခုနှစ်က ယနေ့ထိ ခြောက်နှစ်တိုင် ရာသီသဘာဝဖောက်ပြန်နေတာ ဆက်တိုက်တွေ့ကြုံခံစားနေရတာဖြစ် လို့ နိုင်ငံ ရဲ့ဝမ်းရေးကို အဓိကဖြည့်ဆည်းပေးတဲ့ သီးနှံစိုက်ပျိုးရေးလုပ်ငန်းအတွက် စိုးရိမ်ပူပန်ဖွယ်ရာဖြစ်ပါတယ်။

ဒီလိုရာသီသဘာဝဖောက်ပြန်ခြင်းရဲ့ အဓိကအကြောင်းတရားကတော့ မုတ်သုံလေကို ဆွဲငင်ညှို့ယူဖမ်းစားပေးတဲ့ မြန်မာပြည်ရဲ့ ပင်မကျောရိုး ပဲခူးရိုးမပေါ်က သစ်တောများ ခေါင်းတုံးပြောင်၍လည်းကောင်း၊ မုတ်သုံလေပြင်းမုန်တိုင်းကို အကာအကွယ်ပေးတဲ့ ဧရာဝတီတိုင်းရဲ့ မြစ်ဝ ကျွန်းပေါ်ဒေသ နဲ့ အနောက်ရိုးမပေါ်ရှိ အဖိုးတန်ပျဉ်းကတိုး၊ ကနစို၊ သင်ပေါင်းတောကြီးများ မြင်ကွင်းမှပျောက်ကွယ် သွားသဖြင့် လည်းကောင်း၊ နောက်ဆုံးမှာ မြန်မာပြည်ရဲ့ ရေအရင်းအမြစ်အစ ဟူးကောင်းတောင်ကြားမှ သစ်တောကြီးများ ဒီယုံမြင်လို့ ဒီချုံအထွင် ခံရတာကြောင့် လည်းကောင်းဖြစ်ပြီး  မြန်မာပြည်လူအများစုဟာ ခုလို ရေကြီးမိုးခေါင်ဒဏ်၊ နေအပူချိန်မြင့်မားခြင်းဒဏ်တွေကို ခါးစည်းလို့ ခံနေရပြီဖြစ်ပါတယ်။

နွေရာသီကာလမှာ တောရိပ်တောင်ရိပ်ကင်းမဲ့လို့ တစ်ပြည်လုံးရှိ လူ၊ တိရစ္ဆာန်များ အပူရှိန်ပြင်းကို ခံစားပြီးနောက် မုတ်သုံလေမိုးရာသီ ကာလမှာတော့ တောတောင်အရပ်အကာအကွယ်မဲ့ပြီဖြစ်တဲ့ တစ်ပြည်လုံးရှိ တောတောင်၊ မြေပြန့်အသီးသီးပေါ်သို့ တိုက်ရိုက်ကျရောက်တဲ့ မိုးရေနဲ့အတူ အပေါ်ယံ အဖိုးတန် မြေဆီလွှာများဟာ မြင့်ရာမှ နိမ့်ရာဖြစ်တဲ့ မြစ်ချောင်းအင်း၊ အိုင်၊ ကန်၊ ဆည်၊ မြောင်းများထဲသို့ စုစည်း အနည် ထိုင်သွားပြီး၊ မြစ်ကော၊ ချောင်းကော၊ မြောင်းကော၊ ဆည်ကော၊ အင်းအိုင်ကောများအဖြစ် ရောက်ရှိလို့နေတယ်။

အကျိုးဆက်အားဖြင့် မြစ်ကော၊ ချောင်းကော၊ မြောင်းကော၊ ကန်ကော၊ ဆည်ကောများမှာ ယခင်လို ပုံမှန်ရေလှောင်နိုင်တဲ့ပမာဏ မရှိတော့ တာကြောင့် မိုးအနည်းငယ်ရွာရုံမျှဖြင့် ရန်ကုန်မြို့ကြီးမှာ ရေမြောင်းတွေပိတ်ဆို့၊ ကောလို့ ရေကြီးရေလျှံဖြစ် သလို၊ မြန်မာပြည် အ၀န်းမှာ ဖြစ် လို့နေတော့ ကြာတော့ သဘာဝပေးတဲ့ အလေ့အထတစ်ခုလို ခါးစည်းလို့သာခံနေကြတာ ဖြစ်ပါတယ်။  မိုးခေါင်ပြီဆိုရင် လည်း ရေနေရေထိုင် နည်းတဲ့ မြစ်ကော၊ ချောင်းကော၊ မြောင်းကော၊ အင်းအိုင်ကောတွေမှာ ရေက အလျင်အမြန်ခန်းလွယ်၊ ခြောက်လွယ်လို့ စိုက်ပျိုးရေ၊ သောက် သုံးရေ၊ လမ်းပန်းဆက်သွယ်ရေးတွေပါ ထိခိုက်လို့ရှိတယ်။ အပူပိုင်းဇုန်မှာတော့ မိုးရေတစ်ခုသာ အားကိုးလို့ တစ်နှစ်မှာတစ်ကြိမ်မီအောင် ကြိုးစား ပမ်းစားစိုက်ရတဲ့ ပဲ၊ ပြောင်း၊ နှမ်း၊ ၀ါ၊ ကြံ၊ ဂျုံစတဲ့ စားသုံးသီးနှံတွေ ယခင်လို မစိုက်ပျိုးနိုင်ခဲ့တာ အခုဆိုရင် ခြောက်နှစ်မှ ၁၀ နှစ် သို့ ရောက်ခဲ့ပါပြီ။

မသေမချာမရေမရာ ပုံမှန်မရှိတဲ့ သဘာဝမိုးရေသောက်ဆဲ မြန်မာပြည် စုစုပေါင်းစိုက်ပျိုးမြေရဲ့ ၈၀ ရာခိုင်နှုန်း အခြေအနေ

ဒီလိုသဘာဝတရားရဲ့ အစီအမံအရ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ တစ်ခုမဟုတ်တစ်ခုကို ပုံမှန်အသေအချာခံစားရတဲ့  မြန်မာပြည်ရဲ့ စပါးအခြေခံသီးနှံစိုက်ပျိုးရေးဟာ စုစုပေါင်းစိုက်ပျိုးမြေဧရိယာရဲ့ ၈၀ ရာခိုင်နှုန်း ရှိပါတယ်။ ကျန်သောစိုက်ပျိုးမြေရဲ့ သေချာရေရာသော ဆည်မြောင်းလယ်မြေသည် စုစုပေါင်း စိုက်ပျိုးမြေ ၂၀ ရာခိုင်နှုန်းခန့်ကလည်း ကိန်းဂဏန်းအရသာမြင်ရပြီး အမှန်လက်တွေ့မှာ ဆောက်ပြီးသမျှ ဆည်ပေါင်း ၃၆၀ ကျော် ရှိသော်လည်း ၆၇ ဆည်သည် ဆည်မျှသာရှိပြီး မြောင်းမရှိခြင်း၊ ကျန်သောဆည်အားလုံးနီးပါးသည်လည်း ဆည်ကောများဖြစ်လို့ ရေလှာင်ပမာဏနည်းပါးသဖြင့်လည်းကောင်း၊ မိုးခေါင်၍ ရေမလှောင်နိုင်ခြင်းကြောင့် အပူရှိန်မြင့်သောကြောင့် ရေငွေ့ပျံဆုံးရှုံးမှုကြောင့်လည်းကောင်း၊ မြန်မာပြည်၏ ဒုတိယစပါးအိုးရှိရာ စစ်ကိုင်းတိုင်း၊ သဖန်းဆိပ် ဆည် ရေသောက်လယ်အများစုမှာတောင် စိုက်ပျိုးရေမလုံမလောက် ဒုက္ခရောက်လို့နေတယ်။ အခုဆိုရင်ပဲ ဒီဒေသမှာ ဆန်စပါးရှားပါး လို့ အောက်မြန်မာပြည် ကနေ ဆန်ကြမ်းတွေသွင်းပြီး ၀ယ်စားနေကြရပြီ ဖြစ်ပါတယ်။

ဒါကြောင့်မို့ မြန်မာပြည်ရဲ့ ဆည်ရေသောက်စပါး လျာထားချက် စိုက်ဧကသုံးသန်းရှိသော်လည်း တစ်သန်းပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ အခက်အခဲရှိနေပါတယ်။ နွေစပါးစိုက်ခင်းများကို လေယာဉ်ဖြင့် ခရီးသွားရင်း ငုံ့ကြည့်မယ်ဆိုရင် ရန်ကုန်တိုင်းရဲ့ အဓိက ငမိုးရိပ်ဆည်ရေသောက် နွေစပါးခင်းတွေတောင် ဟိုတစ်ပြောက် ဒီတစ်ပြောက်။ မြင်ကွင်းကတော့ ထိုင်းနိုင်ငံကို မည်သည့်အချိန်ရောက်ရောက် မြေလပ်မကျန် စိုက်ပျိုးထားတဲ့ စပါးခင်းများရဲ့ မြင်ကွင်းနဲ့ နှိုင်းယှဉ်ကြည့်ရင် အနာဂတ် ဆန်ဖူလုံမှုအတွက်  ရင်လေးဖွယ်ရာဖြစ်ပါတယ်။

ကမ္ဘာကမ္ဘာအဝေးမှာရှိနေဆဲ ဆည်မြောင်းနဲ့ ဆန်အိုး၊ ဆီအိုးဒေသများ

နောက်ပြီး မြန်မာပြည်ရဲ့ ဆောက်လုပ်ပြီးသမျှသော ဆည်အများစုနဲ့ လက်ရှိ အဓိကစိုက်ပျိုးသီးနှံများ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ၀ါ၊ ကြံတို့ရဲ့ စိုက်ပျိုးမြေတို့ဟာ ပဲခူးနဲ့ ပုဂံလို ဝေးကွာပြီး သီးခြားစီ ရပ်တည်လို့နေတယ်။ ဆည်အများစုရဲ့ တည်ရှိရာနေရာ အများစုဟာ တောင်တန်းဒေသမှာ အခြေခံပြီး တောင်ခြေများတွင် တောင်နံရံနှစ်ဖက်ကို တစ်ဖက်ပိတ်ဆည်ဆောက်ပြီး ရေလှောင်သော သဘာဝအနေအထား ဖြစ်ပါတယ်။ ဒီတော့ ဒီတောင်တန်းဒေသများရဲ့ အခြေတစ်ဝိုက် အနီးအနား အများဆုံး သုံးလေးမိုင်အကွာလောက်သာ ရေသောက်သီးနှံစိုက်နိုင်ပါတယ်။ တောင်ခြေနဲ့ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ မြန်မာပြည် စိုက်ပျိုးမြေရဲ့ ၈၀ ရာခိုင်နှုန်းသော ဆန်စပါးအခြေခံ စားသုံးသီးနှံအများစု စိုက်ပျိုးတဲ့ မြန်မာပြည်အလယ်ပိုင်း မြေပြန့်လွင်ပြင်၊ မြစ်ဝကျွန်းပေါ်ဒေသများအတွက် ရေသောက်ဖို့က နိုင်ငံတော်ရဲ့ ၀မ်းမန်းရှိုးဟီးရိုးများက ယခုထိ ထည့်သွင်းစဉ်းစားခြင်း မမြင်ရသေးပါဘူး။ ပြီးခဲ့တဲ့ လွှတ်တော်မှာတောင် ပုံမှန် နိုင်ငံတော်ကချပေးတဲ့ ဘတ်ဂျက် အမေရိကန် ဒေါ်လာသန်းနှစ်ရာကျော်အပြင် ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၃၀ ကိုလည်း ဒီဆည်မြောင်းစီမံကိန်းများ တည်ဆောက်ပြုပြင် ထိန်းသိမ်းဖို့ အတိုက်အခံမဲခွဲလို့ ရယူနိုင်တာကြည့်ရင် ဒီလို ခါးတောင်းကျိုက်တခြား ဖင်တခြား စိုက်ပျိုးရေးအစီအမံ လွဲချော်မှုအပေါ် ထိထိရောက်ရောက် ဝေဖန်ပိုင်းခြားပြီး နိုင်ငံတော်စိုက်ပျိုးမြေ၏ ၈၀ ရာခိုင်နှုန်းသော မိုးရေသောက်လယ်မြေများအတွက် အနာဂတ်ရေရရှိရေးအတွက် အစီအမံများကို လုပ်ဆောင်သင့်ပြီ ဖြစ်ပါတယ်။

မြန်မာပြည်စိုက်ပျိုးရေးဘတ်ဂျက်ရဲ့ ဦးစားပေးနဲ့ လက်တွေ့အကျိုးအမြတ်

စိတ်ဝင်စားဖွယ်ကောင်းတာက ၁၉၈၈ ခုနှစ်မှ ယနေ့ထိတိုင် မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနရဲ့ ဘတ်ဂျက်သည် ဆည်မြောင်းတည်ဆောက်ရေးလုပ်ငန်းတွင်သာ အဓိက ဦးစားပေးထားရှိပြီး နှစ်စဉ် တစ်ပြည်လုံးအတွက် စိုက်ပျိုးရေးဘတ်ဂျက်၏ ၉၀ ရာခိုင်နှုန်းကို ဆည်မြောင်းတည်ဆောက်ရေးနဲ့ ရေအရင်းအမြစ်အတွက် လျာထားသုံးစွဲတာကို ၂၀၁၃-၁၄ ခုနှစ်ရဲ့ လျာထားချက် ဥပမာကို အထက်ဖော်ပြပါဇယားတွင် လေ့လာကြည့်နိုင်ပါတယ်။

နိုင်ငံတကာရဲ့ အတွေ့အကြုံအရ သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း Research and Development မှာ ရန်ပုံငွေအမြင့်ဆုံးသုံးစွဲပြီး ထုတ်လုပ်မှု Productivity ကို အပြိုင်အဆိုင် မြှင့်တင်ဆောင်ရွက်နေချိန်မှာ မြန်မာပြည်ရဲ့ ၀မ်းမန်းရှိုးဟီးရိုးများက  သုတေသနလုပ်ငန်းမှာ ၀ ဒသမ ၀၃ ရာခိုင်နှုန်း၊ တောင်သူပညာပေးလုပ်ငန်းမှာ ၁ ရာခိုင်နှုန်းလောက် လျာထားပြီး တိုင်းပြည်အတွက် ၂၆ နှစ်ထိတိုင် အလုပ်မဖြစ်သေးတဲ့ ဆည်မြောင်းတည်ဆောက်ရေးတွင်သာ အာရုံစိုက်ဆဲဖြစ်လို့ ဘာသီးနှံတစ်မည်မှ ကမ္ဘာမှာ ထိပ်တန်းမှနေပြီး ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ၊ စားသုံးဆီဆိုလည်း ၀ယ်စားရ၊ ကော်ဖီဝယ်သောက်ရ၊ ဂျုံဝယ်စားရ၊ နို့ထွက်ပစ္စည်းဝယ်စားနေရတဲ့ဘ၀က မတက်နိုင်ဘဲ ပြည်သူတစ်ဦးချင်း ၀င်ငွေရဲ့ ၆၁ ရာခိုင်နှုန်းကို စားသောက်ကုန်ပစ္စည်းအတွက်  ၀ယ်စားနေရတဲ့အနေအထား ဖြစ်နေပါပြီ။

ဒီလို အဓိကလူသုံးကုန် စားသုံးသီးနှံတွေကို ကိုယ့်မြေ၊ ကိုယ့်ရေမှာ စီမံစိုက်ပျိုးနိုင်ပါလျက် နိုင်ငံတကာမှ နှစ်စဉ်ဝယ်စားနေရတာကို မျက်ကွယ်ပြုလို့ နိုင်ငံတကာဆန်ဈေးကွက်တွင် စိုးစဉ်းမျှမရှိသော တစ်ဧကကုန်ကျစရိတ်မြင့်မားခြင်း၊ ရောဂါပိုးမွှားထူပြောခြင်း၊ မျိုးစေ့ကို အမြဲတမ်းဝယ်ယူသုံးစွဲရခြင်းစတဲ့ စီးပွားရေးအရ တစ်ချက်မှ တွက်ခြေကိုက်မှုမရှိသော စားသုံးမှုဈေးကွက်မရှိတဲ့ ပုလဲသွယ်စပ်မျိုးစပါးနဲ့ ပိန်းဥ၊ ကန်စွန်းဥ၊ ကညွတ် စတဲ့ သီးနှံတွေကို နိုင်ငံခြားတင်ပို့ဖို့ပဲ ကြိုးစားနေပါတယ်။ ဒီကိစ္စအတွက် သက်ဆိုင်ရာပညာရှင်များနှင့် ကုမ္ပဏီတို့ပူးပေါင်းပြီး ကဏ္ဍငယ်တစ်ခုအဖြစ် အချိန်မရွေး စီမံဆောင်ရွက်လို့ရတာကို ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့ အဓိကစိုက်ပျိုးရေးစီမံကိန်းအဖြစ် တလွဲဆံပင်ကောင်း စီမံကိန်းချ ဆောင်ရွက်နေခြင်းသည် တိုင်းပြည်၏ သယံဇာတ၊ ရေ၊ မြေသဘာဝ၊ အချိန်၊ လူအင်အား၊ အရင်းအနှီးများကို ၀မ်းမန်းရှိုးဟီးရိုးလုပ်၍ ဖြုန်းတီးနေသလို ဖြစ်နေပါတယ်။

အဓိကနိုင်ငံတော်ရဲ့ အဓိကစိုက်ပျိုးရေးစီမံကိန်း ရည်ရွယ်ချက်ဖြစ်တဲ့ ဆန်၊ စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ၀ါ၊ ကြံ၊ ရော်ဘာ သီးနှံတွေကို နိုင်ငံတကာဈေးကွက်မှာ ယှဉ်ပြိုင်ထုတ်လုပ်ရောင်းချနိုင်ဖို့နဲ့ ၀ယ်စားနေရတဲ့ စားသုံးဆီ၊ ကော်ဖီ၊ ဂျုံ၊ နို့ထွက်ပစ္စည်းတွေကို  ၀ယ်မစားရအောင် စီမံဆောင်ရွက်လျှင်ပဲ အထူးပင် နတ်လူသာဓု ခေါ်လောက်ပါတယ်။ သို့ရာတွင် မရောင်ရာဆီလူး အချိန်ကုန်၊ လူပန်း၊ တိုင်းပြည်နဲ့ စိုက်ပျိုးသူ တောင်သူအားလုံးအတွက် မည်သို့သော အကျိုးကျေးဇူးကိုမျှ မပေးသေးသော ရုပ်ပြဇာတ်လမ်းများကိုသာ လုပ်ပြနေကြတာ ရာစုနှစ်ဝက်လောက်ရှိပါပြီ။ ယင်းအပြင် လက်ရှိအာဏာရှိသူအား ယင်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ယှဉ်သော အကြိုက်ဆောင်သူ ခရိုနီများရဲ့ မျက်လှည့်ပြပွဲကြောင့်လည်း မြန်မာပြည်ရဲ့စားရေးဟာ  စိုးရိမ်ရေမှတ်မှာ ရှိနေတာကို ဆက်လက်တင်ပြပါမယ်။

ကမ္ဘာ့ဘဏ်ပညာရှင်အုပ်စုရဲ့ စိတ်ဝင်စားဖွယ် မြန်မာပြည်ဆင်းရဲမွဲတေမှု သုတေသနတွေ့ရှိချက်

ကမ္ဘာ့ဘဏ်ပညာရှင်အဖွဲ့မှ ၂၀၀၄ မှ ၂၀၁၃ အထိ လေ့လာချက်အရ မြန်မာ့ဆန်စပါးဈေးနှုန်းကြီးမြင့်မှုသည် ကမ္ဘာ့ဆန်အဓိကပို့နေသော အိမ်နီးချင်း ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ထက် ပိုမိုကြီးမြင့်ပါသတဲ့။ ဒါကြောင့်မို့ မြန်မာနိုင်ငံသည် စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းက အနိမ့်ဆုံးဝင်ငွေရတဲ့ နိုင်ငံဖြစ်လို့ ဆင်းရဲမွဲတေမှုနှုန်း အလွန်မြင့်မားပါသတဲ့။ သူတို့လေ့လာချက်အရ ဆင်းရဲမွဲတေမှုနှုန်းသည် ၂၀၁၀ တိုင်းတာချက်အရ ၃၇ ဒသမ ၅ ရာခိုင်နှုန်း ရှိပါသတဲ့။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ တွက်ချက်မှုက ၂၆ ရာခိုင်နှုန်းရှိတယ်။ ကျွန်တော့်ရဲ့ တွက်ချက်မှုအရ လူဦးရေသန်း ၆၀ ခန့်ရဲ့ ၇၀ ရာခိုင်နှုန်းဖြစ်တဲ့ ၄၂ သန်းခန့်က  ကျေးလက်နေ လူတန်းစားဖြစ်ပြီး ဒီကျေးလက်နေ စုစုပေါင်းလူဦးရေ  ၄၂ သန်းမှာ လယ်ပိုင်တောင်သူစစ်စစ်က နှစ်ပေါင်းထောင်ချီကတည်းက ဘိုးဘွားဘီဘင်အဆက်ဆက် ဆက်ခံလာတဲ့ လယ်ပိုင်တောင်သူအစစ် ငါးသန်းခန့်ပဲ ရှိပါမယ်။

တောင်သူစစ်စစ်တစ်ဦးမှာ မိသားစုငါးယောက်နှုန်းဖြင့် လယ်ယာလုပ်ငန်းမှာ မှီခိုစားသောက်သူဦးရေ ၁၅ သန်းခန့်ရှိပြီး၊ ကျန်သူ ၁၇ သန်းသည် မြေမဲ့ယာမဲ့များသာ ဖြစ်ပါတယ်။ ဒီတော့ လယ်မဲ့မြေမဲ့လက်လုပ်လက်စားက ၁၇ သန်းခန့်ဖြစ်တော့ စုစုပေါင်းလူဦးရေရဲ့ ၂၈ ရာခိုင်နှုန်းလောက်ရှိပါတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဖွတ်ကျောပြာစု ခရုဆံကျွတ် လူတန်းစားဖြစ်တဲ့ မြို့ကြီးပြကြီးရဲ့ အစွန်အဖျားရပ်ကွက်တွေမှာ တဲနန်းတွေထိုးပြီး အပြေးအလွှားဖြစ်သလို ရှာစားနေရတဲ့ လူတန်းစားများ၊ လစာမလုံလောက်သော နိုင်ငံ့ဝန်ထမ်းအများစုနဲ့ နိုင်ငံတစ်ဝန်းများပြားသော အလုပ်လက်မဲ့များကိုပါ ထည့်သွင်းစဉ်းစားမယ်ဆိုရင် အကြမ်းဖျင်းအားဖြင့် မြန်မာပြည်လူဦးရေရဲ့ ထက်ဝက်လောက် ခန့်မှန်းရပါတယ်။

ဒီလယ်မဲ့မြေမဲ့လူတန်းစားတွေသည် မြန်မာပြည်အနှံ့မှာရှိနေပြီး၊ အခုဆိုရင် မြို့ကြီးပြကြီးတွေဆီကို သူတို့ဝမ်းစာအတွက် ရွှေ့ပြောင်းလို့ရှိနေတဲ့အတွက် ကျေးလက်တွေမှာ လယ်ယာလုပ်သား အထူးရှားပါးတာလည်း ပြဿနာတစ်ခုဖြစ်လို့နေတယ်။

ဒါကြောင့် ကမ္ဘာက မြန်မာသည် အဆင်းရဲအမွဲတေဆုံးနိုင်ငံစာရင်းမှာ ထည့်သွင်းထားတာသည် ဘယ်လိုဈေးတွက်နည်းနဲ့တွက်တွက် သွေးထွက်အောင်မှန်နေသမို့ လက်ခံဖို့သာဖြစ်ပြီး ဒီဆင်းရဲတွင်းက ဘယ်လိုထွက်အောင် လုပ်ဖို့လိုကြောင်းပါ။

ကြွေးတင်ဘုရင်ဆပ်ဆိုပြီး မျက်နှာလွှဲခဲပစ်သဘောမျိုး တရုတ်၊ ကိုရီးယားဆီက ငွေတွေချေးပြီး ကျေးလက်နေလူများကို လက်လွှဲပေးရုံဖြင့်တော့ အပေါ်ယံ ဆေးမြီးတိုနည်းသာဖြစ်ပြီး၊ အမြစ်နက်နေတဲ့ နှစ် ၅၀ ကျော် နာတာရှည် အတွင်းကင်ဆာအနာကို  ကုသဖို့မဖြစ်နိုင်ပါဘူး။ ငါးပေးစားတာမျိုးမလုပ်ဘဲ ငါးမျှားနည်းကိုသာ ပေးဖို့လိုပါတယ်။

ဒီတော့ ကမ္ဘာ့ဘဏ်စီးပွားရေးပညာရှင်များရဲ့ မြန်မာ့စီးပွားရေးအပေါ်သုံးသပ်ချက်ကို ဆက်ရရင် မြန်မာပြည်သားတွေသည် တစ်ဦးချင်းဝင်ငွေရဲ့ ၆၁ ရာခိုင်နှုန်းခန့်ကို စားစရိတ်သက်သက်မှာ သုံးနေရတယ်။ ဆိုလိုတာက လူတစ်ယောက် တစ်နေ့လုပ်ခငွေ ၁၀၀၀ ကျပ်ရခဲ့ရင် ၆၁၀ ကျပ်ကို စားဖို့ကိစ္စတစ်ခုတည်းမှာ သုံးနေရတယ်။ အဲဒီစားစရိတ် ၆၁၀ ကျပ်မှာ ၅၀၀ ကျပ်ကို ဆန်ဝယ်စားနေရတယ်။

ဆိုလိုတာက တစ်ဦးချင်းဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ဆန်ဝယ်စားနေရတယ်။ ဒီလို မိမိရဲ့ စားရေးသက်သက်မှာ ဆန်ဆိုတဲ့ ကာဗွန်ဟိုက်ဒရိတ်ဓာတ်တစ်မျိုးတည်းအတွက်ပဲ ၀င်ငွေရဲ့တစ်ဝက်လောက် သုံးနေရလို့ လူမွေးသူမွေးပြောင်အောင် ကျန်းကျန်းမာမာ အသက်ရှည်နေနိုင်ဖို့ လိုအပ်တဲ့ အခြားသော အာဟာရဖြစ်စေမယ့် သား၊ ငါး၊ သစ်သီးဝလံ၊ ဗီတာမင်အာဟာရပြည့်ဝတဲ့ အစားအစာတွေကို နေ့စဉ်ပြည့်ပြည့်၀၀ မစားရရှာကြဘူး။ ဒါကြောင့်မို့ လူစဉ်မမီတဲ့၊ အာဟာရမပြည့်ဝတဲ့၊ လူတန်းမစေ့တဲ့ ကလေးသူငယ်တွေ၊ လူရွယ်လူလတ်တွေ၊ လူအရွယ်စုံတွေပေါများနေတဲ့ နိုင်ငံဖြစ်လို့ စိုးရိမ်ရေမှတ်မှာ ရှိနေပါတယ်။

ဒီမှာ လူတစ်ဦးချင်းဝင်ငွေရဲ့ ၆ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းသာ စားစရိတ်သာကုန်ကျနေတဲ့ အမေရိကန်နိုင်ငံကြီးရဲ့ လက်ရှိအနေအထားကို နှိုင်းယှဉ်ပြီး မဆွေးနွေးလိုတော့ပါဘူး၊ အဓိကအချက်ကတော့ ပြည်တွင်းထွက်ကုန်သီးနှံတွေကို ကမ္ဘာ့ဈေးကွက်မှာ ကြိုးစားယှဉ်ပြိုင်ဖို့အတွက် ဦးတည်ဆောင်ရွက်နေတဲ့အတွက်  ပြည်ပ၀င်ငွေရသလို ပြည်တွင်းမှာလည်း စားသောက်ကုန်တွေ ပေါများသမို့ အမေရိကန်ပြည်သူတွေရဲ့ စားစရိတ်အတွက် ကုန်ကျစရိတ်နည်းကြောင်းပါ။

ကျွန်တော်တို့ဆီမှာတော့ တက်လာသမျှသော မိုးကျရွှေကိုယ်များသည် ဒီလိုအဓိက တောင်သူလယ်သမားများရဲ့ သီးနှံစုံကုန်ထုတ်လုပ်ငန်းရဲ့ အကျိုးအမြတ်ရအောင် ဘယ်လိုနိုင်ငံတကာဈေးကွက်ကို ၀င်နိုင်ဖို့အတွက် လုံးဝထည့်သွင်းမစဉ်းစားဘဲ၊ ၀မ်းမန်းရှိုးဟီးရိုးဇာတ်လမ်းတွေကိုသာ အချိန်၊ လူ၊ လုပ်ငန်း၊ နိုင်ငံရဲ့အရင်းအနှီးများဖြင့် အစဉ်အဆက်လုပ်ပြနေတာ အလွန်ပင် ငြီးငွေ့ ဖွယ်ရာပင် ဖြစ်ပါတယ်။ ယနေ့ထိ မည်သူ့အတွက်မှ အကျိုးမထင်ဘဲ စားသုံးသီးနှံအများစုကို ပြည်ပနိုင်ငံမှ ၀ယ်စားနေရတဲ့အတွက် ဖောင်စီးရင်းရေငတ်၊ ပြည်သူအများ ဆင်းရဲတွင်းနက်နေရကြောင်းပါ။

ဆင်းရဲမွဲတေရခြင်းရဲ့အဓိက - ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်မားရခြင်းအကြောင်းရင်း

ကမ္ဘာ့ဘဏ်ပညာရှင်ရဲ့ မြန်မာပြည် လယ်ယာကဏ္ဍတွင် အကျိုးအမြတ်မရှိဘဲ ၀င်ငွေနည်းပြီး ဆင်းရဲမွဲတေနေရတဲ့ အဓိကအကြောင်းရင်းတွေကတော့ -

-တစ်ဧကဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားခြင်း၊
-စပါးပေါ်ချိန် ဒီဇင်ဘာ-ဇန်န၀ါရီလများတွင် စပါးဈေးကျပြီး စပါးစိုက်ပျိုးချိန် မေလမှ အောက်တိုဘာလထိ ဆန်ဈေးတက်ခြင်း၊
-ပြည်တွင်းဈေးကွက် အရောင်းအ၀ယ်ပြုသူ ကုန်သည်များ ပူးပေါင်းဆောင်ရွက်မှု အားနည်းသဖြင့် တစ်နေရာမှ တစ်နေရာ ဈေးနှုန်းသတင်းပို့ခြင်း မြန်ဆန်သွက်လက်မှုကို အတားအဆီးဖြစ်နေခြင်း၊ တစ်နည်းအားဖြင့် ပွင့်လင်းမြင်သာသာ ဈေးကွက်မဟုတ်ခြင်း၊
-လမ်းပန်းဆက်သွယ်ရေး လွန်စွာညံဖျင်းသဖြင့် ဆန်စပါးသယ်ယူပို့ဆောင်ရေးစရိတ် လွန်စွာကြီးမြင့်ခြင်း၊
-အခြေခံတယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ ညံ့သဖြင့် ဆန်ဈေးကွက်သတင်း အမှန်မသိရခြင်း၊
-ကွဲပြားခြားနားသော ဒေသဆိုင်ရာအလိုက် ယင်းတို့ ၏ ဒေသအသီးသီးမှ နိုင်ငံခြားသို့ ဆန်တင်ပို့ ခြင်းပြုနိုင်ပါလျက်နှင့် ရန်ကုန်ဆိပ်ကမ်းမှသာ အများစုတင်ပို့သဖြင့် ဆန်ဈေးနှုန်းကြီးမြင့်ခြင်း၊

ကမ္ဘာ့ဘဏ်ပညာရှင်ရဲ့ မြေကြီးဆန်သော သုံးသပ်ချက်အမြင်နဲ့ မြန်မာ့ဒေသခေါင်းဆောင်ရဲ့ မဟာအတွေးအခေါ်

ကမ္ဘာ့ဘဏ်ပညာရှင်တွေရဲ့ မြေကြီးဆန်တဲ့၊ ဘ၀ဆန်တဲ့ သုံးသပ်ချက်တွေကတော့ ဒီဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းကိုသာ ယခုထက်ပိုမို၍ တိုးတက်ထွက်ရှိအောင် ထုတ်လုပ်မှသာလျှင် မြန်မာပြည်ရဲ့ ပြည်သူတွေရဲ့ လက်ရှိ ဆန်စပါး အခြေခံကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ စားနပ်ရိက္ခာဖူလုံမှုကို ဖြေရှင်းပေးနိုင်မှာဖြစ်ပြီး ဒီဆန်စပါး ပိုလျှံထုတ်လုပ်နိုင်မှုကြောင့် ဒီပြည်သူအများရဲ့လက်ရှိ ဆင်းရဲနွမ်းပါးမှုကို လျော့ပါးစေမယ်လို့ အကြံပြုထားတာဖြစ်ပါတယ်။

မြန်မာ့ရေ မြန်မာ့မြေကနေ မွေးဖွားပြီး မြန်မာပြည်ရဲ့ မြေဆီလွှာအထက်သန်ဆုံးနဲ့ ဆန်အိုးဒေသရဲ့ တာဝန်ရှိသူ တိုင်းဒေသကြီးအုပ်ချုပ်သူရဲ့ သုံးသပ်ချက်က ယနေ့လက်ရှိ တောင်သူတွေရဲ့ နေ့စဉ်ဝင်ငွေသည် စက်မှုလုပ်ငန်းက အလုပ်သမားတွေရဲ့ ၀င်ငွေနဲ့ယှဉ်ရင် များစွာနည်းလွန်းတဲ့အတွက် ဒီမြေဆီထက်သန်ပြီး ဆန်အိုးဒေသကြီးကို စက်မှု၊ စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းများအဖြစ် ပြောင်းလဲပြီး၊ စက်မှုဇုန်ထူထောင်ဖို့ဆိုတဲ့ ရွှေဉာဏ်တော် ကွန့်မြူးမှုဖြစ်တယ်။

ဒီလိုမြေကြီးမဆန်တဲ့ သဘာဝမကျတဲ့ အတွေးအခေါ် ပိုင်ရှင်တွေသာဆက်ပြီး တိုင်းပြည်ရဲ့ အဖိုးတန်သယံဇာတတွေကို ကပြောင်းကပြန် စီမံကြမယ်ဆိုရင်တော့ လယ်ယာလုပ်ငန်းမှာမှီလို့ အသက်မွေးမှစားရတဲ့ မြန်မာပြည်လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းသည်လည်း  ဆက်လို့မွဲလို့ငတ်မယ်။ ဒီမြစ်ဝကျွန်းပေါ်ဒေသကြီးက တောင်သူတွေ စိုက်ပျိုးမွေးမြူလို့ ထွက်ရှိတဲ့ အစားအစာတွေနဲ့ နေ့စဉ်အသက်ရှင်တဲ့ ခုနစ်သန်းကျော်သော ရန်ကုန်မြို့တော်မှ ပြည်သူတွေအတွက်လည်း အစာရေစာပြတ်လပ်ဖို့ ရှိပါတယ်။

ဒီတော့ ကမ္ဘာ့ဘဏ်ပညာရှင်ရဲ့ အကြံပြုချက်က လွန်စွာမှ ရှင်းလင်းပြတ်သားပြီး တန်ဖိုးအထူးရှိလှပါတယ်။ အရင်းမဲ့ပြီး အကြွေးနွံနစ်နေတဲ့ တောင်သူလယ်သမားအများစုအတွက် သူတို့ဒေသ ရာသီနဲ့ကိုက်ညီ၊ မညီ ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ  ပိုထွက်တယ်ဆိုတဲ့ အကြောင်းလေးတစ်ချက်ကို အထူးပြုပြီး တစ်ဧကအတွက် တင်း ၁၀၀ လောက်ထွက်မှ အရင်းကျေရုံဖြစ်ပြီး ပြည်တွင်းပြည်ပ ၀ယ်စားမယ့်သူ ဈေးကွက်မရှိတဲ့စပါးမျိုး ပုလဲသွယ်ကိုပဲဆက်ပြီး တွန်းအားပေးနေဦးမလား။ ကန်စွန်းဥ၊ ပိန်းဥ၊ ကညွတ်၊ သင်္ဘောသီး၊ သရက်သီးတွေကိုပဲ နိုင်ငံတော်ရဲ့ ပို့ကုန်အမည်သစ်ဖြင့် တစ်ပြည်လုံးစီမံကိန်းသစ်တစ်ရပ် သတ်မှတ်လို့ တစ်နိုင်ငံလုံးကို အဓိကထား တွန်းအားပေးနေဦးမလား။

ရှုံးနေတဲ့ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အကျိုးအမြတ်ရအောင် ကမ္ဘာ့ဘဏ်အဖွဲ့ရဲ့ အကြံပြုသုံးသပ်ချက်ကို ဘယ်လိုဆက်ပြီး အကောင်အထည်ဖော်ကြမလဲ။

ဒီတော့ ဆန်စပါးကို တိုးထုတ်ဖို့အတွက် အဓိကဦးစားပေးလုပ်ဖို့ တစ်ချက်ခုတ် အချက်တစ်ရာပြတ်သော ကမ္ဘာ့ဘဏ်ပညာရှင်ရဲ့ မှန်ကန်သော အကြံပေးသုံးသပ်ချက်ကို ဘယ်လိုနည်းဗျူဟာတွေနဲ့ အချိန်တိုအတွင်း ဆောင်ရွက်ပါမည်လဲ။ နိုင်ငံခြားမှ ပညာရှင်တို့သည် နိုင်ငံတကာအတွေ့အကြုံများနှင့် နှိုင်းယှဉ်၍ အဓိကကျသော ပြုပြင်သင့်သည့် အဓိကအချက် (Key Point)ကို ညွှန်ပြနိုင်ရုံမျှသာဖြစ်ပြီး ကာယကံရှင်နိုင်ငံက သူတို့ညွှန်ပြသည့် အဓိက ပြုပြင်ပြောင်းလဲရမည့် အချက်သို့ ရောက်စေမည့် ကိုယ့်ဒေသတိုင်းပြည်ရာသီနဲ့ ကိုက်ညီသော ပြုပြင်ပြောင်းလဲမှုများကို ရေရှည်ရေတိုဆွဲ၍ ချက်ချင်းအကောင်အထည်ပေါ် ဆောင်ရွက်ရန် လိုအပ်ပါတယ်။ ဆန်စပါးအခြေခံ သီးနှံတိုးတက်စိုက်ပျိုး ထုတ်လုပ်ဖို့အတွက် နိုင်ငံတော်အဆင့်၊ ပြည်နယ်တိုင်းဒေသကြီး အဆင့်ဆင့်တို့မှ ပြုပြင်ပြောင်းလဲ လုပ်ကိုင်သင့်သော လုပ်ငန်းများကို အောက်ပါအတိုင်း အကျဉ်းချုပ်အကြံပြုလိုပါတယ်။

-လက်ရှိ ဆည်ရေသောက်လယ်မြေဖြစ်သည့် စုစုပေါင်းစိုက်ပျိုးမြေ၏ ၂၀ ရာခိုင်နှုန်းမှ ထပ်မံတိုးချဲ့၍ ၅၀ ရာခိုင်နှုန်းသို့ ရောက်ရှိရန် ဆည်များတည်ဆောက်မှု အားလုံးကို ရပ်ဆိုင်း၍ မြစ်ဝကျွန်းပေါ်နှင့် မြစ်ချောင်းများ၏အနီး ရနိုင်သမျှ မြစ်ရေတင်စီမံကိန်းများကို လျှစ်စစ်စွမ်းအား၊ သဘာဝဓာတ်ငွေ့စွမ်းအား၊ လေစွမ်းအား၊ နေစွမ်းအား စပါးဖွဲခွံလျှပ်စစ်စွမ်းအား စသဖြင့် ရနိုင်သမျှသော စွမ်းအားတို့ဖြင့် မြစ်ရေတင်စီမံကိန်းများ ဆောင်ရွက်ရန်၊ မြစ်ဝကျွန်းပေါ်နှင့် မြစ်၊ ချောင်း၊ မြောင်း၊ အင်းအိုင်၊ ရေကန်ကြီးများနှင့် အလှမ်းဝေးသော ကုန်းတွင်းပိုင်းကျ လယ်မြေများတွင် လေးလက်မပိုက်တွင်း၊ ငါးပွင့်ဆိုင် မြေအောက်ရေတွင်းများကို ၈-၁၀ ဧကလျှင် တစ်တွင်းနှုန်း နိုင်ငံတော်၏ ချေးငွေဖြင့် ဒေသဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့အသီးသီးမှ ထောက်ပံ့ကူညီ၍ တူးဖော်ပေးရန်။

-လက်ရှိ တိမ်ကောနေသော မြစ်ကြီးများ၊ ဆည်မြောင်း၊ ချောင်း၊ ကန်၊ အင်းအိုင်များ၏ ရေ၀င်ဧရိယာ ပိုမိုကျယ်ပြန့်နက်ရှိုင်းစေရန် ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အာဏာပိုင်များ၊ ဆိုင်ရာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ထမ်းများမှ ပူးပေါင်း၍ စီမံချက်ချ၍ တူးဖော်သွားရန်။

-ကောနေပြီဖြစ်သော ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်းများကို တူးဖော်ကာ သီးနှံများကို သယ်ပို့ခြင်းဖြင့် သီးနှံဈေးနှုန်းကို လျှော့ချရန်။

-မိုးရာသီတွင် နေရောင်ရသော မြန်မာပြည်အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများမှလွဲ၍ တိမ်ဖုံးကာလ လေး၊ ငါးလရှိပြီး ရေကြီးမိုးခေါင်သဘာဝဒဏ်ကို နှစ်စဉ်ခံစားနေရသော မြစ်ဝကျွန်းပေါ်၊ ကမ်းရိုးတန်းဒေသများတွင် ရေကြီးနစ်မြုပ်ဒဏ်၊ ပိုးမွှားရောဂါဒဏ်၊ နေရောင်ခြည်မရသည့်ဒဏ်ကို သဘာဝအလျောက် ခံနိုင်ရည်ရှိပြီးဖြစ်သော တစ်ဧကလျှင် တင်း ၆၀ မှ ၈၀ ထိ ထွက်နိုင်သော ကမ္ဘာတွင် စားသုံးမှုအကောင်းဆုံးဆန်အဖြစ် သုံးနှစ်တိုင် ဆုပေးခြင်းခံရသော ရိုးရိုးဧည့်မထ အထွက်ကောင်းစပါးများထက် မိုးရာသီတွင် ပိုထွက်ပြီး ဈေးကွက်တွင် ဈေးနှစ်၊ သုံးဆပိုရသော ပေါ်ဆန်းဘေးကြားယဉ်နှင့် ရေကြာရှည်ဝပ်သော အနိမ့်ပိုင်းလယ်မြေများတွင် ပေါ်ဆန်းကြီး စသော ဒေသအရည်အသွေးကောင်း စပါးများကို တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးစေရန်။

-နွေရာသီတွင် ယင်းမြစ်ဝကျွန်းပေါ်ဒေသများတွင် မြစ်ရေတင်စီမံကိန်းများဖြင့် တစ်ဧကလျှင် တင်း ၁၂၀-၁၅၀ ထိ ထွက်ရှိနိုင်သော နိုင်ငံတကာဈေးကွက်ဝင် ဧည့်မထလုံးသွယ် အထူးအထွက်ကောင်းစပါးများဖြစ်သည့် သီးထပ်ရင်၊ ရွှေသွယ်ရင်၊ ဆင်းသုခ၊  ဆင်းသွယ်လတ်၊ မှော်ဘီ(၂) စပါးမျိုးများကို တစ်ကွင်းတစ်စပ်တည်း ရေသွင်းစိုက်ပျိုးရန်၊ ဆန်တန်ချိန် (၃)သန်း တင်ပို့နိုင်ရန် တစ်ဧက ၁၂၀ တင်းနှုန်းဖြင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် နွေစပါးစိုက်ဧက နှစ်သန်းခန့် တစ်ကွင်းတစ်စပ်တည်း မြစ်ရေတင်စိုက်ရုံဖြင့် အဆင်ပြေစေမှာဖြစ်တယ်။ ယခုလက်ရှိမှာ တစ်ပြည်လုံးအတွက် မိုး ၁၆ သန်း၊ နွေသုံးသန်းဆိုပြီး တိုးချဲ့စိုက်ပျိုးနေသော်လည်း ယခုထိ ဆန်တင်ပို့ရောင်းချနိုင်မှု တစ်သန်းခွဲထက် မကျော်နိုင်သေးတာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်ကတည်းကဖြစ်လို့ အခုလို စူးစူးစိုက်စိုက် နွေစပါးဧက နှစ်သန်းလောက် ရွေးချယ်စိုက်ပျိုးရုံမျှဖြင့် ယခုထက် ဆန်နှစ်ဆ ပိုထုတ်နိုင်ကြောင်းပါ။

-တောင်သူအတွက် အထွက်နှုန်းပိုစေရန်၊ ကုန်သည်အတွက် ဈေးကွက်လှစေရန်နှင့် တစ်ဧက ကုန်ကျစရိတ်လျော့ကျရန်အတွက် ခေါင်နှံစပါးကို ရွေးချယ်မျိုးထားစိုက်ပျိုးထားခြင်း၊ ရေထိန်းသိမ်းရလွယ်ကူသော လယ်မြေများတွင် တိုက်ရိုက်မျိုးစေ့ချစနစ်ကို မျိုးစေ့ချကိရိယာသုံး၍ စိုက်ပျိုးခြင်း၊ မျိုးစေ့ကို ဆားရည်တွင်စိမ်၍ မျိုးသန့်ရွေးချယ်စိုက်ပျိုးခြင်းတို့ဖြင့် အထွက်နှုန်းရော ဆန်အရည်အသွေးပါ မြင့်စေခြင်းဖြင့် မြန်မာ့ဆန်စပါးထုတ်လုပ်မှုကို ကုန်ကျစရိတ်အနည်းဆုံးဖြင့် အကျိုးအမြတ်အများဆုံးရအောင် ထုတ်လုပ်စိုက်ပျိုးနိုင်ပါသည်။

ဒီလိုဒေသ ရေမြေရာသီနဲ့ ကိုက်ညီအောင် စီမံရာတွင် မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဇုန်ဒေသများတွင်လည်း မိုးရာသီမှာ ဒေသနဲ့ကိုက်တဲ့ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ၀ါ၊ ကြံ၊ မြေပဲ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို မိုးခေါင်ပါက အရန်တူးဖော်ထားတဲ့ မြေအောက်ရေ ငါးပွင့်ဆိုင်တွင်းရေကို အသုံးပြုပြီး မိုးရေနှင့် ပေါင်းစပ်ပေးခြင်းဖြင့် သီးနှံစုံအထွက်တိုးစေပြီး ဒီဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ စားသုံးဆန်ကို သူတို့ရဲ့ ယာသီးနှံတွေနဲ့ ဈေးဖလှယ်စားသုံးနိုင်ကြမှာ ဖြစ်ပါတယ်။

ဒီလို ရေမြေ၊ ရာသီနဲ့ကိုက်ညီတဲ့ သီးနှံတွေကို တောင်သူတွေအားလုံးအတွက် အဆင်ပြေအောင် တိုင်းဒေသအသီးသီးရဲ့ အာဏာပိုင်၊ ၀န်ထမ်းအားလုံးက စိုက်ပျိုးရေရရှိရေး၊ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ကူညီစီမံဆောင်ရွက်ပေးရုံဖြင့် တောင်သူအများစုသည် သူတို့၏ ဘ၀ပေးပညာများဖြင့် တစ်ဆင့်ထက်တစ်ဆင့် တိုးတက်အောင် ဆောင်ရွက်သွားမည်သာဖြစ်ပါတယ်။

ဒီအတွက် နိုင်ငံတော်အဆင့်က နိုင်ငံတကာသီးနှံဈေးကွက်နှင့် ချိတ်ဆက်ပေးပြီး၊ သူတို့စိုက်ပျိုးရေးမှာ အဓိကလိုအပ်လာမယ့် မျိုးစေ့၊ မြေသြဇာ၊ ကာကွယ်ဆေး၊ လယ်ယာသုံးစက်ကိရိယာ၊ သိုလှောင်ကြိတ်ခွဲမှု အဆင့်ဆင့်အတွက် စက်ကိရိယာပစ္စည်းများနဲ့ လမ်းပန်းဆက်သွယ်ရေးတို့ကိုသာ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ပံ့ပိုးပေးရုံဖြင့် အဆင်ပြေနိုင်ပါတယ်။

နောက်ဆုံးအဓိကအချက်ဖြင့် နောင်လာနောက်သားမျိုးဆက်ပြည်သူများအတွက်ပါ ထည့်စဉ်းစားပြီး ရေရှည်ခံသော သီးနှံစိုက်ပျိုးထုတ်လုပ်ရေးနှင့် သဘာဝရာသီဥတုမဖောက်ပြန်ရေး၊ အပေါ်ယံမြေဆီလွှာများ တိုက်စားခံရပြီး မြစ်ချောင်း၊ အင်းအိုင်၊  ရေတွင်းရေကန်၊ ဆည်မြောင်းများ ဆက်မကောစေရေးအတွက် ကျေးရွာအဆင့်၊ မြို့နယ်၊ ခရိုင်၊ တိုင်းနှင့် တစ်ပြည်လုံးအတိုင်းအတာအထိတိုင် သစ်တော၊ သစ်ပင်များကို ယခုအချိန်မှစကာ နိုင်ငံအနှံ့ အရိပ်မဲ့တောပြုန်းဒေသအားလုံးတွင် ပြန်လည်စိမ်းစိုလာစေရန် လူထုအားဖြင့် စီမံကြမယ်ဆိုရင်တော့  ကျွန်တော်တို့နိုင်ငံရဲ့ စိုက်ပျိုးရေးစိုးရိမ်ရေမှတ်အတွက် စိုးရိမ်ပူပန်စရာ မလိုတော့ပေဘူးပေါ့။ သို့သော်လည်း သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းဝန်ကြီးဌာနအသီးသီးနဲ့ လားလားမှမဆိုင်သော ဒီမိုးကျရွှေကိုယ်များသာ တစ်ယောက်ဆင်း၊ တစ်ယောက်တက် ကျွမ်းသယောင် တတ်သယောင်ဖြင့် ၀မ်းမန်းရှိုးဟီးရိုးများအဖြစ် ဆက်ပြီးသာလုပ်ပြနေသရွေ့တော့ ဆင်းရဲသံသရာဝဲလည်နေဦးမှာပါပဲ။

စိုက်ပျိုးရေး စီမံကိန်းလုပ်ငန်းများအတွက် စုစုပေါင်းလျာထားချက်ငွေ                      သုံးစွဲမှုရာခိုင်နှုန်း
ကျပ် သန်းပေါင်း = ၂၃၂၇၄၅ သန်း

(က) ဆည်မြောင်းတည်ဆောက်ရေးအတွက် လျာထားချက်      ၂၀၂၁၈၀ သန်း    ၈၆.၈၇ %
(ခ)   ရေအရင်းအမြစ်ဌာနအတွက် လျာထားချက်                   ၈၃၂၀ သန်း         ၃.၅၇ %
(ဂ)   မြန်မာ့စိုက်ပျိုးရေးတောင်သူပညာပေး လုပ်ငန်းအတွက်    ၂၃၁၄ သန်း         ၁ %
(ဃ) စိုက်ပျိုးရေးသုတေသနလုပ်ငန်း                                    ၇၅ သန်း            ၀.၀၃ %

အညွန်းစာတမ်း
(၁) ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ၏ ‘‘လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက်’’ တရားတော်အပိုင်း(၁၆)။
(၂) ကမ္ဘာ့ဘဏ် World Bank Group ၏ Agriculture Global Practice/ East Asia and Pacific Region ရဲ့ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ၊ (၁၄)ရက်နေ့ထုတ် ‘‘Rice Price Volatility and Poverty Reduction in Myanmar’’.

No comments:

Post a Comment