Wednesday, September 3, 2014

ရင်ခုန်စိတ်လှုပ်ရှား ပျော်ရွှင်စရာတွေ ကြုံပါပြီလား

ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကတော့ ပျော်ပျော်ပါပဲ။ စက်တင်ဘာ ၁ ရက်မှာ မြန်မာ့ဆက်သွယ်ရေးကနေ 3G ဂျီအက်စ်အမ် ဆင်းကတ်တွေကို တစ်ကတ် ကျပ် ၁,၅၀၀ နှုန်း သူနဲ့ အကျိုးတူလုပ်ဖော်ကိုင်ဖက် ကုမ္ပဏီအရောင်းဆိုင်တွေကနေ တစ်ဆင့်စပြီး ရောင်းချတော့ ပြည်သူတွေ တိုးတိုးဝှေ့ဝှေ့နဲ့ ၀ယ်ယူကြတာပါပဲ။ အူရီးဒူး ဆင်းကတ်ရောင်းစဉ်ကလည်း အဲဒီဆင်းကတ်ဝယ်သုံးရင်ပဲ အမျိုးဘာသာသာသနာ ညှိုးနွမ်းတော့မတတ် အဖြစ်သည်းနေသူတွေ တိတ်ဆိတ်နေကြသလို၊ ဆက်သွယ်ရေးက ဆင်းကတ်ရောင်းတော့လည်း ဖုန်းပြောဆိုခ ဈေးကြီးတယ်၊ လူကြီးမင်းနဲ့ပဲ ညားနေရတယ်၊ အင်တာနက် သုံးရင်လည်း အ၀ိုင်းလေးပဲ လည်နေတယ်စသဖြင့် ပြောဆိုနေသူတွေကလည်း ဝေဖန်ချက် မပြောနိုင်ကြတော့ပါဘူး။ မိုဘိုင်းဖုန်း အသုံးပြုတာနဲ့ ပတ်သက်ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ကြုံနေရပြီလားဆိုတာ ဒီကနေ့ ဆွေးနွေး ကြည့်ရအောင်ပါ။
MPT ဆင်းကဒ်များကို စက်တင်ဘာလ ၁ရက်မှ စတင်ကာ နိုင်ငံတစ်ဝှမ်းရှိ ဖုန်းအရောင်းဆိုင်များတွင် ကျပ် ၁၅၀၀ကျပ်ဖြင့် ရောင်းချနေပြီဖြစ်ပြီး ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ E-Lite IT Services Co., Ltd ၏ အရောင်းဆိုင်ခွဲတစ်ခုတွင် ဆင်းကတ်ဝယ်ယူသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ-ငြိမ်သစ်ညီ၊ မဇ္ဈိမ)
MPT ဆင်းကဒ်များကို စက်တင်ဘာလ ၁ရက်မှ စတင်ကာ နိုင်ငံတစ်ဝှမ်းရှိ ဖုန်းအရောင်းဆိုင်များတွင် ကျပ် ၁၅၀၀ကျပ်ဖြင့် ရောင်းချနေပြီဖြစ်ပြီး ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်အတွင်းရှိ E-Lite IT Services Co., Ltd ၏ အရောင်းဆိုင်ခွဲတစ်ခုတွင် ဆင်းကတ်ဝယ်ယူသူများကို တွေ့ရစဉ်။

 မြန်မာ့ဆက်သွယ်ရေးရဲ့ အခုနောက်ဆုံး အစီအစဉ်ဟာ အခြားသော မိုဘိုင်းဖုန်း အော်ပရေတာတွေလို ဆင်းကတ်တွေကို ဈေးကွက်ထဲမှာ ပုံမှန်အတိုင်း ရောင်းချလိုက်တာပါ။ မြန်မာ့ဆက်သွယ်ရေးရဲ့ အားနည်းချက်တွေ ဘယ်လိုပဲရှိရှိ ကွန်ရက်ကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြန့်ကျက်ထားနိုင်တဲ့ အခြေအနေအောက်မှာ ၀ယ်သူများမှာ ဓမ္မတာပါပဲ။ မြန်မာ့ဆက်သွယ်ရေး ဂျီအက်စ်အမ် ဆင်းကတ်ဆိုတာ ဟိုးအရင်က ပြင်ပမှောင်ခိုဈေးကွက်မှာ တစ်ကတ် ကျပ်သိန်း ၄၀ အထက် ဈေးနှုန်း ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ အစိုးရ တရားဝင် သတ်မှတ်တဲ့ ဈေးနှုန်း ကျပ် ၁၀ သိန်း၊ ငါးသိန်း၊ နှစ်သိန်းကနေ ကျပ် ၁,၅၀၀ တန်ကို ခွဲတမ်းနဲ့ ရောင်းတဲ့ အခြေအနေကနေ ခုလို ကျပ် ၁,၅၀၀ နဲ့ လွတ်လွတ်လပ်လပ် ရောင်းတဲ့အထိ အဆင့်ဆင့် ဈေးကျခဲ့တာပါ။ စက်တင်ဘာ ၁ ရက်ဟာ မြန်မာ့ဆက်သွယ်ရေးရဲ့ သမိုင်းမှတ်တိုင်လို့လည်း သတ်မှတ်နိုင်ပါတယ်။

ဒါပေမဲ့ အားနည်းချက်တွေ ပြည်သူတွေ စိုးရိမ်ရမှာတွေကလည်း ရှိနေပါသေးတယ်။ အားနည်းချက်တွေကတော့ ဆင်းကတ်တွေကို ပြည်သူတွေ လိုသလောက် လွယ်လွယ်ကူကူ ရောင်းချမပေးနိုင်မယ့် ပြဿနာပါ။ လက်ရှိ နှစ်ကုန်သည်အထိ ဆင်းကတ် စုစုပေါင်း ငါးသန်းလောက် ရောင်းပေးမယ်ဆိုပေမယ့် တကယ်ပဲ ရောင်းနိုင်မလား၊ ပြည်သူတွေရဲ့ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မလားဆိုတာကလည်း ဘယ်သူမှ မသိနိုင်သေးပါဘူး။ တာဝါတိုင်ဆောက်တာ၊ ကွန်ရက်ဖြန့်ကျက်တာ လုံလုံလောက်လောက် လုပ်မထားဘဲ ရောင်းရင် လူကြီးမင်းတွေနဲ့ချည်း တိုးရတဲ့အခြေအနေ ဖြစ်လာနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ မြန်မာ့ဆက်သွယ်ရေးဟာ ဖုန်းပြောဆိုခတွေကို လက်ရှိ တစ်မိနစ် ကျပ် ၅၀ နှုန်းကနေ လျှော့ချထားတာ မရှိသေးပါဘူး။ ဈေးကြီးနေပါသေးတယ်။ အင်တာနက် လျှောက်မယ်ဆိုရင် ကျပ်ငွေ တစ်သောင်းသွင်းပြီးမှ လျှောက်ရတာတွေ၊ ကတ်ပျောက်သွားရင် ကတ်အစားပြန်ရဖို့ ကျပ်ငွေ သောင်းနဲ့ချီ ကုန်ကျရမယ့် ပြသနာတွေကလည်း ရှိနေပါသေးတယ်။ အင်တာနက်အသုံးပြုခ ဈေးသက်သာတယ်ဆိုပေမယ့် အ၀ိုင်းလေးချည်းပဲ လည်နေတတ်တာမို့ သုံးစွဲသူတွေ မေတ္တာပို့တဲ့ အခြေအနေကနေလည်း မလွတ်မြောက်သေးပါဘူး။

ဒီထက်အရေးကြီးတဲ့ ပြဿနာတစ်ခုက မြန်မာ့ဆက်သွယ်ရေးဟာ နိုင်ငံတကာ ဆက်သွယ်ရေး အော်ပရေတာတွေကို ပြိုင်ဆိုင်နိုင်ဖို့၊ သူ့လုပ်ငန်းတိုးချဲ့နိုင်ဖို့ ဂျပန်ကုမ္ပဏီတွေဆီကနေ ဒေါ်လာ နှစ်ဘီလီယံလောက် ချေးယူလုပ်ကိုင်နေတဲ့ ကိစ္စပါ။ လက်ရှိအချိန်ထိ မြန်မာ့ဆက်သွယ်ရေးဟာ အစိုးရပိုင် စီးပွားရေးလုပ်ငန်း ဖြစ်နေပါသေးတယ်။ နောင်အနာဂတ်မှာ မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်းအဖြစ် အစိုးရနဲ့ မဆိုင်တဲ့၊ အစိုးရ ထောက်ပံ့မှုမပါတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲရပ်တည်ဖို့ စီမံကိန်းချမှတ်ထားပေမယ့် ဒီနေ့ထက်ထိ အကောင်အထည်ဖော်တာ မတွေ့ရသေးပါဘူး။ ဒီအတွက် ဂျပန်က ဒေါ်လာ နှစ်ဘီလီယံချေးတာဟာ အစိုးရအနေနဲ့ ချေးတဲ့သဘောဖြစ်နေပြီး ဒီဝန်ထုပ်ဝန်ပိုး ပြည်သူတွေ ခေါင်းပေါ်မှာ ရှိနေတာပါ။ ဒီကိစ္စ ကောင်းကောင်းမွန်မွန် ကိုင်တွယ်ဖြေရှင်းဖို့လိုနေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သိပ်မကြာခင် နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီကလည်း တာဝါတိုင် ၈၀၀ လောက် ထမ်းလာပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကြီး သုံးမြို့မှာ ဆင်းကတ်တွေ စရောင်းပါဦးမယ်။ ဆင်းကတ်ကို ကျပ် ၁,၅၀၀ နဲ့ ရောင်းမယ်၊ 2G နဲ့ 3G စနစ်နှစ်မျိုးစလုံး သုံးမှာမို့ ဘယ်ဟန်းဆက်နဲ့ မဆိုသုံးနိုင်မယ်။ စစချင်း ဆင်းကတ် ၁၀ သန်းလောက်အထိ ရောင်းချဖို့ ပြင်ဆင်ထားတယ် ပြောဆိုနေပါတယ်။ ဖုန်းဆက် စကားပြောဆိုခကိုလည်း တစ်မိနစ် ၂၅ ကျပ်လောက်ပဲ ကောက်မယ် ကတိပေးထားပေမယ့် တကယ့်လက်တွေ့ ဘယ်လိုဖြစ်လာမယ် မသိနိုင်သေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် မိုဘိုင်းဖုန်း အသုံးပြုမှုနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံသားတွေမှာ ရွေးချယ်စရာ သုံးခု လောက်ရှိလာမယ် ဖြစ်ပါတယ်။ ဒါပေမဲ့ အခုနှစ်အတွင်းမှာတော့ ဆင်းကတ် တစ်ခုခုထည့်ထားတဲ့ ဟန်းဆက် တစ်လုံးကိုင်ပြီး မြန်မာနိုင်ငံအနှံ့ သွားနိုင်ဦးမှာတော့ မဟုတ်သေးပါဘူး။ ဒီဖုန်း ဟိုမှာ သုံးမရ၊ ဟိုဖုန်း ဒီမှာ သုံးမရ ပြဿနာကြီးကတော့ ရှိဦးမှာဖြစ်ပါတယ်။ နိုင်ငံအနှံ့ သွားချင်ရင် GSM, CDMA-800, CDMA-450 ဖုန်းအားလုံး သယ်သွားမှပဲ ဖြစ်နိုင်ဦးမှာပါ။ ၂၀၁၅ နှစ်ကုန်လောက်အချိန် အူရီးဒူးနဲ့ တယ်လီနော ကွန်ရက်တွေ မြန်မာနိုင်ငံအနှံ့ ဖြန့်ကျက်မိချိန်၊ မြန်မာ့ဆက်သွယ်ရေး ဂျီအက်စ်အမ် ကွန်ရက်တွေလည်း ဖြန့်ကျက်မိချိန်မှ အဲဒီပြဿနာ ပြေလည်ပါလိမ့်မယ်။

အဲဒီလို ကွန်ရက်ဖြန့်ကျက်နိုင်ရေး ဆက်သွယ်ရေးအော်ပရေတာတွေ တာဝါတိုင် ဆောက်လုပ်ရေး အဆင်ပြေဖို့ လိုပါတယ်။ လောလောဆယ် အစိုးရလည်းဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေးဟာ ဒီပြဿနာ လွယ်လွယ်ကူကူ ကျော်လွှားနိုင်ပေမယ့် အူရီးဒူးလို၊ တယ်လီနောလို ကုမ္ပဏီတွေကတော့ ဒီပြဿနာ အခက်အခဲ အများကြီး တွေ့နေပါတယ်။

တာဝါတိုင် ဆောက်ရတာ မြေနေရာ အသုံးပြုခွင့်ရဖို့ ခက်၊ ပြဿနာတွေ တက်၊ ဒီအတွက် ကွန်ရက်ကို မြန်မြန်ဆန်ဆန် မဖြန့်ကျက်နိုင်၊ ကွန်ရက်ကောင်းကောင်း မဖြန့်ကျက်နိုင်တော့ လိုင်းကောင်းကောင်း မမိ၊ လိုင်းကောင်းကောင်း မမိတော့ သုံးစွဲသူတွေရဲ့ ဝေဖန်ခံရဆိုတာမျိုး အူရီးဒူးကုမ္ပဏီ ပြဿနာကြုံနေရပါတယ်။ ဒီလို ပြဿနာ အစိုးရအဖွဲ့ဘက်က ကောင်းကောင်းမွန်မွန် ကူညီဖြေရှင်းပေးသင့်ပါတယ်။ ကူညီဖြေရှင်းပေးမှသာ ညီမျှတဲ့ စီးပွားရေးပြိုင်ပွဲ ပုံသဏ္ဌာန် ပေါ်ပေါက်လာမှာ ဖြစ်ပြီး မိုဘိုင်းဖုန်း အသုံးပြုခွင့်နဲ့ ပတ်သက်လို့ မြန်မာပြည်သူတွေရဲ့ ရင်ခုန် စိတ်လှုပ်ရှား ပျော်ရွှင်စရာ အခြေအနေ အမှန်တကယ်ရောက်လာမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်

No comments:

Post a Comment