Thursday, September 25, 2014

ရိုက်တာသတင်းဌာနက ဒီချုပ်ပါတီသတင်းကို ပြုပြင်မွမ်းမံပြီးပြန်တင်

ရန်ကုန်- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် သူရဦးရွှေမန်းကို သမ္မတလောင်းအဖြစ်ထောက်ခံမည် ဆိုသည့် စကားကို မည်သူပြောကြားခဲ့သည်ဆိုသော မရေရာမှုများမရှိစေရန် ရိုက်တာသတင်းဌာနက သတင်းဆောင်းပါးကို ပြုပြင်မွမ်းမံလိုက်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်၏ ပြောစကားများ အားလုံးကိုမူ တိကျမှန်ကန်ကြောင်း အာမခံနိုင်သည်ဟု ရိုက်တာသတင်းဌာန၏ အာရှဆိုင်ရာပြောရေး ဆိုခွင့်ရှိသူက 7Day သို့ ပြောကြားသည်။

ပြုပြင်မွမ်းမံပြီးသော သတင်းဆောင်းပါးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီသည် နောက်နှစ်ရွေးကောက် ပွဲ အတွက် စစ်တပ်ကျောထောက်နောက် ခံပြုပါတီမှ ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးကို သမ္မတလောင်းအဖြစ် ထောက်ခံနိုင်သည်ဟု ပါတီကတရားဝင်ပြောကြား ခဲ့သည်ဟူသည့် စာသားနေရာတွင် ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်ဟု ပြန်လည်ပြင်ဆင်ခဲ့သည်။
ထို့အပြင် ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားခဲ့သည်ဟု ပဏာမရေးသားခဲ့သည့် သူရဦးရွှေမန်းသည် ပါတီကထောက်ခံပေးနိုင် သည့် အဖြစ်နိုင်ဆုံးသော သမ္မတဖြစ်သည် ဆိုသည့် ပြောစကားကိုလည်း ပြန်လည်ပြင်ဆင်ခဲ့သည်။ ဦးရွှေမန်းကို ပါတီကထောက်ခံပေးခြင်းသည် ပါတီတွင်း အငြင်းပွားစရာများဖြစ်လာနိုင်၍ ပါတီအတွက် အသင့်တော်ဆုံးမှာ ဗိုလ်ချုပ်ဟောင်း တစ်ဦးကို ထောက်ခံခြင်းဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောကြောင်း ပြန်လည်ပြင် ဆင်ထားသည်။
သို့သော် ရိုက်တာ၏ စက်တင်ဘာ ၂၃ ရက် သတင်းတွင်မူ ‘‘ဦးရွှေမန်းကို သမ္မတအဖြစ် ကျွန်တော်တို့ကထောက်ခံပြီး ရွေးချယ်လိုက်ရင် ပါတီတွင်းမှာ ပြဿနာတွေအများကြီးဖြစ်လာနိုင်တယ်။ ပါတီဝင်တွေနဲ့ ပြည်သူတွေဟာ တပ်မတော်ကလူတွေ နိုင်ငံကိုအုပ်ချုပ်နေတာ မကြိုက်ကြပါဘူး’’ဟု အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားခဲ့ကြောင်း ဖော်ပြထားပြီး သတင်း၏ အဆုံးသတ်ပိုဒ်ကိုမူ သို့သော် သူရဦးရွှေမန်းသည် NLD ပါတီက ထောက်ခံနိုင်မှုအရှိဆုံး သမ္မတလောင်းဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြ ထားခြင်းဖြစ်သည်။
အဆိုပါနောက်ဆုံးစာကြောင်းကို ၎င်းအနေဖြင့် လုံးဝပြောကြားခဲ့ခြင်းမရှိဘဲ နားလည်မှု လွဲခြင်းဖြစ်နိုင်ကြောင်း ဦးဉာဏ်ဝင်းက စက်တင်ဘာ ၂၄ ရက်က ပြန်လည်ငြင်းဆိုခဲ့သည်။
ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းကို ဒီချုပ်ပါတီက ထောက်ခံပေးနိုင်သည်ဆိုသည့်ပြောစကားကို ပါတီ၏အကြီးတန်းအဖွဲ့ဝင်တစ်ဦးက ပြောကြားခြင်းဖြစ်ကြောင်း ပြန်လည်ပြင်ဆင်ထားသည်။
ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းကို သမ္မတလောင်းအဖြစ်ထောက်ခံမည်ဆိုသည့် ရိုက်တာ သတင်းဌာန၏ စက်တင်ဘာ ၂၃ ရက်တွင် ဖော်ပြထားမှုသည် မှားယွင်းကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် များက ငြင်းဆိုလိုက်ပြီးနောက် သတင်းဌာနနှင့် ပါတီတာဝန်ရှိသူများကြား အပြန်အလှန်ဖြေရှင်းမှုများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

7 Day Daily

No comments:

Post a Comment