Monday, September 15, 2014

ဓမ္မစေတီခေါင်းလောင်း သတင်းများနှင့် ပတ်သက်၍ တာဝန်မယူဟု ပြန်ကြားရေးတာဝန်ခံဆို

သတင်းမီဒီယာများတွင် ရေးသားဖော်ပြနေသော ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေမှုနှင့် ပတ်သက်သည့် သတင်းများအပေါ် မှန်ကန်တိကျမှု၊ ယုံကြည်စိတ်ချရမှုကို တာဝန်မယူနိုင်ကြောင်း ခေါင်းလောင်းရှာဖွေရေး အထောက်အကူပြုအဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံက ပြောဆိုလိုက်သည်။

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ရှိ နတ်စင်တစ်ရာ ကျောင်းတိုက်တွင် စက်တင်ဘာလ ၁၄ ရက်နေ့ နေ့လယ် တစ်နာရီက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အထောက်အကူပြု အဖွဲ့မှ ပြန်ကြားရေးတာဝန် ယူထားသူ ဦးကြည်ဝင်းက ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့က ရှာဖွေနေတဲ့ နေရာကိုလည်း တစ်ခါမှ မရောက်ဖူးသလို သင်္ဘောပေါ်ကိုလည်း မတက်ဖူးဘူး၊ ဦးစံလင်းတို့ ပြောတဲ့အတိုင်းပဲ လုပ်ခဲ့ကြတာ၊ နဂါးတွေ ပါလာကတည်းက ကျွန်တော် စဉ်းစားမိပါတယ်။ ဒါပေမဲ့ သူက အဲဒီလို ထုတ်ပြန်လိုက်ဆိုလို့ သူပြောတဲ့ အတိုင်းပဲ ထုတ်ပြန်ရတာပါ” ဟု ဆိုသည်။

ပြည်တွင်းသတင်းမီဒီယာ များစွာတွင် အဆိုပါ ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှုနှင့် ပတ်သက်သည့် သတင်းများကို အဆိုပါ အထောက်အကူပြုအဖွဲ့နှင့် အရန်ကော်မတီတို့ထံမှ ရရှိသည့် အချက်အလက်များကို ကိုးကား၍ ရေးသားဖော်ပြခဲ့ခြင်း ဖြစ်ရာ ယခု ပြောဆိုချက်အရ ဆိုလျှင် သတင်းမီဒီယာ များတွင် ဖော်ပြခဲ့သည့် သတင်းများမှာ လုံးဝမှန်ကန်ပါသည်ဟု အာမမခံနိုင်ဟု ဆိုလိုလိုက် သကဲ့သို့ပင် ဖြစ်သည်။

ကုန်းပေါ်ရှိ အထောက်အကူပြုအဖွဲ့ အနေနှင့် မြစ်လယ်ရှိ ရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်း၏ ညွှန်ကြားချက် အတိုင်းသာ ထုတ်ပြန် ပြောဆိုနေခြင်းသာ ဖြစ်ပြီး ထုတ်ပြန်ချက်များမှာ လုံးဝ မှန်ကန်သည်ဟု အာမမခံနိုင်ကြောင်း ဦးကြည်ဝင်းက ပြောဆိုသည်။

ဦးစံလင်းအနေနှင့် ခေါင်းလောင်း ရှာဖွေမှုအတွက် ရက်အကန့်အသတ်မရှိ ခွင့်ပြုချက် ရထားပြီး အများပြည်သူ ထည့်ဝင်လှူဒါန်းထားသည့် ရန်ပုံငွေ မကုန်မချင်း ခေါင်းလောင်း ရှာဖွေရေးကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အထောက်အကူပြု အဖွဲ့နှင့် အရန်ကော်မတီဝင်များထံမှ သိရသည်။

၎င်းတို့အနေနှင့် ဦးစံလင်းအပေါ် ယုံကြည်မှု ရှိသဖြင့် သတင်းများကို ထပ်မံ ထုတ်ပြန်သွားမည် ဖြစ်သော်လည်း ထုတ်ပြန်မည့် သတင်းများနှင့် ပတ်သက်၍လည်း တာဝန်ယူမည် မဟုတ်ကြောင်း ၎င်းကဆိုသည်။

ခေါင်းလောင်း ရှာဖွေမှုအတွက် ကုန်းပေါ်ရှိ အထောက်အကူပြုအဖွဲ့က အလှူငွေ ကျပ် တစ်ရာသုံးဆယ့် လေးသိန်းကျော် ကောက်ခံရရှိထားပြီး ရိုးမဘဏ်တွင် အပ်နှံထားကြောင်း အထောက်အကူပြုအဖွဲ့မှ ဘဏ္ဍာရေး တာဝန်ခံ ဦးသန်းစိန်၏ မှတ်တမ်းအရသိရသည်။

ဦးစံလင်းအနေနှင့် အဆိုပါ ငွေကြေးထဲမှ လုံးဝ ထုတ်ယူသုံးစွဲခြင်း မပြုသေးကြောင်း ဦးကြည်ဝင်းက ဆိုသည်။

“သူအခု သုံးနေတာတွေက သူ့ဟာနဲ့သူ သုံးနေတာ၊ သူ့ဟာသူ အလှူခံရတာရော၊ သူ့ကိုယ်ပိုင် ပိုက်ဆံရော ပါချင်ပါမှာပေါ့၊ အဲဒါတော့ ကျွန်တော်တို့ မသိဘူး၊ ကျွန်တော်တို့ဆီကတော့ တစ်ကျပ်မှ လာမထုတ်သေးဘူး၊ ခေါင်းလောင်းကြီး ဆယ်ပြီးတဲ့အခါကျရင် ငွေကြေးရှင်းတမ်းကို သူလုပ်မယ်လို့ ထင်ပါတယ်” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

ယခုပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ အဓိကခေါင်းဆောင် ဦးစံလင်း အပါအဝင် ရှာဖွေရေးအတွက် ကျပ်သိန်းငါးဆယ် ထည့်ဝင်ထားသည့် ဦးဝင်းမြင့်တို့လည်း တက်ရောက်ခြင်း မရှိပေ။

ဓမ္မစေတီ ခေါင်းလောင်းကြီးကို တွေ့ရှိထားပြီ ဖြစ်ကြောင်း ဦးစံလင်းအဖွဲ့က ထုတ်ပြန် ကြေညာ ထားသော်လည်း ရှာဖွေရာတွင် ကိုယ်တိုင် ပါဝင်ခဲ့သည့် ကော့သောင်းဒေသမှ ရေငုပ်သမား အချို့ကမူ သင်္ဘောပျက် တစ်စီးမှအပ ခေါင်းလောင်းကြီးနှင့် ပတ်သက်သည့် မည်သည့် သဲလွန်စမျှ တွေ့ရှိထားခြင်းမရှိဟု ဆိုသည်။

ရှာဖွေရေးကာလ တစ်လဝန်းကျင်အတွင်း မည်သည့်ထူးခြားချက်မျှ တွေ့ရှိမှု မရှိဟု ဆိုကာ ရေငုပ်သမား ရှစ်ဦးအနက် ငါးဦးမှာလည်း နေရပ်ပြန်သွားခဲ့ပြီ ဖြစ်ပြီး ကျန်သုံးဦးမှာလည်း စက်တင်ဘာလ ၁၈ ရက်တွင် နေရပ်ပြန်မည် ဖြစ်ကြောင်း ကော့သောင်း ရေငုပ်အဖွဲ့ခေါင်းဆောင် ဦးသန်းညွန့်က ပြောဆို ထားသည်။

သတင်းထုတ်ပြန်သည့် အထောက်အကူပြုအဖွဲ့နှင့် အရန်ကော်မတီများ အနေနှင့် ဦးစံလင်းကို ယုံကြည်သည် ဆိုပါက ထုတ်ပြန်သည့် သတင်းများနှင့် ပတ်သက်၍လည်း တာဝန်ယူရမည် ဖြစ်ကြောင်း မွန်သမိုင်းသုတေသီ ဦးနိုင်ရဲဇော်က ရှုမြင်သည်။
“သူတို့ဟာ တစ်ဖွဲ့တည်းဆိုရင် သူတို့ကလည်း ဦးစံလင်းကို တာဝန်ခံရမယ်၊ ဦးစံလင်းကလည်း သူတို့ကို တာဝန်ခံရမယ်” ဟု ၎င်းကဆိုသည်။

မြန်မာ့နည်း မြန်မာ့ဟန်၊ ပရလောက အကူအညီ၊ ဂမ္ဘီရ နည်းပညာ အကူအညီတို့ဖြင့် ရှာဖွေနေသည့် ဦးစံလင်းအဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုချက် ပေးထားခြင်းအပေါ် ပညာရှင်များက ဝေဖန်မှုများ ရှိနေသည်။ အချိုးကျရွေးကောက်ခံ ပီအာစနစ်အပေါ် အာရုံစိုက်နေသည့် ပြည်သူ လူထုကို နိုင်ငံရေး ကစားကွက်အရ အာရုံလွှဲပြောင်းခြင်းသာ ဖြစ်ကြောင်း အချို့က ထောက်ပြ ပြောဆိုသည်။

သို့သော် အစိုးရအနေနှင့် ယင်းကို တမင်ဖန်တီးခြင်း မရှိဘဲ ပေါ်လာသည့် အခွင့်အရေးကိုသာ အရယူလိုက်ခြင်းသာ ဖြစ်ကြောင်း ဗိုလ်မှူးကြီးဟောင်းလည်း ဖြစ်၊ မွန်သမိုင်းသုတေသန အသင်း အတွင်းရေးမှူးလည်း ဖြစ်သူ ဦးနိုင်ရဲဇော်က သုံးသပ်သည်။

“အခုဆိုရင် ၄၃၆ လည်း မကြားရတော့ဘူး၊ ပီအာလည်း အသံတိတ်သွားပြီ၊ အစိုးရအနေနဲ့ သူတို့လုပ်ရပ် အောင်မြင်တယ်လို့ ပြောရမှာပေါ့၊ ဒါပေမဲ့ အခုအချိန် တစ်လကျော်တောင် ကြာခဲ့ပြီ၊ ဒီလောက်ဆိုရင် ရပ်သင့်ပြီ၊ ပြည်သူလူထုဘက်ကလည်း ယုံကြည်မှု အမှားကြောင့် ဆက်ပြီး အလှူငွေ ထည့်ဝင်နေဦးမှာ၊ ဒါကိုလည်း ဒီအတိုင်း ကြည့်နေဖို့ မသင့်ဘူး၊ ဝင်ထိန်းပေးသင့်တယ်” ဟု ဦးစံလင်းအဖွဲ့က ကောက်ခံရရှိထားသည့် ငွေကြေး မကုန်မချင်း ဆက်လက် ရှာဖွေသွားမည် ဖြစ်ကြောင်း ပြောဆိုထားမှုနှင့် အစိုးရက ခေါင်းလောင်းရှာဖွေရေး လုပ်ငန်းစဉ်ကို ဆက်လက် ခွင့်ပြုထားမှုအပေါ် ၎င်းက ထောက်ပြ ပြောဆိုသည်။


The Voice Weekly

No comments:

Post a Comment