Monday, September 15, 2014

စတုတ္ထတန်းကို ခရိုင်စစ်၊ အဋ္ဌမတန်းကို တိုင်းစစ်အဖြစ် ယခုနှစ် စပြောင်းမည်

ပညာရေး ဝန်ကြီးဌာနက စတုတ္ထတန်းကို ခရိုင်စစ်အဖြစ် လည်းကောင်း၊ အဋ္ဌမတန်းကို တိုင်းစစ်အဖြစ် လည်းကောင်း အတန်းတင်စာမေးပွဲ စစ်ဆေးမှုစနစ်များ ယခုနှစ်မှ စတင်ပြောင်းလဲမည် ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းဇော်က The Voice သို့ ပြောကြားသည်။

မေးခွန်းပုံစံစနစ် ပြောင်းလဲရေးကို မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာနက ပြင်ဆင်သွားမည် ဖြစ်ကြောင်း၊ အမှတ် (၃) အခြေခံပညာဦးစီးဌာနက စာမေးပွဲစနစ် အပြောင်းအလဲအတွက် စတင်စီစဉ်နေပြီ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

အဆိုပါ စာမေးပွဲစနစ်ပုံစံ အပြောင်းအလဲနှင့် ပတ်သက်၍ အမှတ် (၃) အခြေခံပညာဦးစီးဌာန လက်အောက် အခြေခံပညာ ကျောင်းအချို့ကို အသိပေး အကြောင်းကြားထားကြောင်း အင်းစိန်မြို့နယ်ရှိ ဆရာ၊ ဆရာမ အသိုင်းအဝိုင်းထံမှ သိရှိရသည်။

“ဒီဘက်မှာတော့ အမိန့်အတိအကျ မရသေးဘူး” ဟု သုံးခွမြို့နယ် မူလတန်းလွန် ကျောင်းအုပ်တစ်ဦးက The Voice သို့ ပြောဆိုသည်။

အမှတ် (၁) အခြေခံပညာဦးစီးဌာနသို့ မေးမြန်းရာတွင်လည်း ပညာရေး ဝန်ကြီးဌာနက တရားဝင် ညွှန်ကြားချက်ကို စက်တင်ဘာလ ၁၄ ရက်နေ့အထိ မထုတ်ပြန်သေးကြောင်း အမှတ် (၁) အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

“အမှတ် ၃ အခြေခံပညာ ဦးစီးဌာနက ပြောနေရုံနဲ့ အတည်မပြုနိုင်သေးဘူး။ ဝန်ကြီးဌာနက တရားဝင် ညွှန်ကြားချက်လည်း မထွက်ဘူး။ တရားဝင် ညွှန်ကြားချက်ရမှ လုပ်ရမယ့်သဘော ရှိတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

စာမေးပွဲစနစ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တယ်လီဖုန်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ချေ။

စတုတ္ထတန်း နှင့် အဋ္ဌမတန်းအဆင့် စာမေးပွဲများကို ခရိုင်စစ်နှင့် တိုင်းစစ်အဖြစ် ပြောင်းလဲမည် ဖြစ်ကြောင်း ၂၀၁၄-၂၀၁၅ ပညာသင်နှစ် ကတည်းက ထုတ်ပြန် ကြေညာခဲ့သော်လည်း စာသင်နှစ်ဝက် ရောက်သည် အထိ ပညာရေး ဝန်ကြီးဌာနက တရားဝင် အတည်ပြု ထုတ်ပြန်ခြင်း မရှိသေးပေ။

ယခင်က တိုင်းစစ်အဖြစ် ကျင့်သုံးခဲ့သည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများကို ၁၉၉၈ ခုနှစ် ပညာရေး မြှင့်တင်မှု အစီအစဉ်နှင့်အတူ ကျောင်းတွင်း အခန်းဆုံး စစ်ဆေးမှု (ကျောင်းစစ်စာမေးပွဲ) အဖြစ် ပြောင်းလဲခဲ့သည်။


The Voice Weekly

No comments:

Post a Comment