Thursday, September 25, 2014

ရိုက်တာသတင်းဌာန၏ ဖော်ပြချက် ဒီချုပ်ငြင်းဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကို သမ္မတ အဖြစ် ထောက်ခံမည်ဆိုသည့် ရိုက်တာသတင်းဌာန၏ သတင်းမှာ မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ငြင်းဆိုလိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် နောက်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် သမ္မတရာထူးကို ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ဘဲ စစ်တပ်ကျောထောက်နောက်ခံပြုပါတီမှ ဗိုလ်ချုပ်ဟောင်း တစ်ဦးကို ထောက် ခံနိုင်ဖွယ် ရှိသည်ဟု ရိုက်တာသတင်းဌာနက စက်တင်ဘာ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ သတင်းတွင် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က သမ္မတလောင်းသည် NLD ပါတီဝင်ဖြစ်ရန်မလိုဘဲ၊ ကျွန်တော်တို့နှင့် အမြင်ချင်းတူညီရန်သာ လိုသည်ဟု ပြောကြားထားပြီး အရေးကြီးသည့်အချက်မှာ သမ္မတအဖြစ် ကျွန်တော်တို့ လက်ခံနိုင်မည့်သူဖြစ်ရန်နှင့် ကျွန်တော်တို့အတွက် ဒီအချက်သည် လုံလောက်ပါသည်’’ဟု ဖော်ပြထားသည်။
ထို့ပြင် ဦးရွှေမန်းသည် NLD ပါတီက ထောက်ခံနိုင်မှုအရှိဆုံး သမ္မတလောင်းဖြစ်သည်ဟု ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောကြားခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရိုက်တာသတင်းဌာနသို့ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းမဟုတ်ဘဲ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် တားဆီးထားသည့် ပုဒ်မ ၅၉ (စ)ကို မပြင်နိုင်ပါက သမ္မတလောင်းသည် လွှတ်တော်တွင်းမှမဟုတ်သူကိုလည်း ထောက်ခံနိုင်ပြီး အမြင်ခြင်း၊ အတွေးအခေါ်ခြင်း တူရန်သာလိုကြောင်း ပြောကြားခဲ့ခြင်းသာ ဖြစ်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်က စက်တင်ဘာ ၂၄ ရက် နေ့စွဲဖြင့် ရိုက်တာသတင်းဌာနသို့ ကန့်ကွက်ထားသည်။
ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုသို့ဖော်ပြထားခြင်းသည် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပြီး ‘‘ဒါဟာ CEC ဆုံးဖြတ်ချက်လည်း မဟုတ်ဘူး။ သူတို့ပြောလိမ့်မယ်လို့လည်း မထင်ဘူး။ သူတို့ကို မေးကြည့်လိုက်ပါ။ ကာယကံရှင်ကို မေးမှပေါ့’’ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ကျင်းပသော လွှတ်တော်အစည်းအဝေး ရပ်နားချိန်တွင် ပြောကြားခဲ့သည်။

7 Day Daily

No comments:

Post a Comment