Friday, September 26, 2014

ကလေးစစ်သား တစ်ရာကျော် ထပ်မံနုတ်ထွက်ခွင့်ပြု

မြန်မာ့တပ်မတော်တွင် စစ်မှုထမ်းဆောင်နေသည့် အရွယ် မရောက်သေးသော စစ်သည် ၁၀၉ ဦးကို စက်တင်ဘာ ၂၅ ရက်က ထပ်မံနုတ်ထွက်ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

စစ်မှုထမ်းကလေးသူငယ်များအား မိဘထံပြန်လည်အပ်နှံသည့် အခမ်းအနားကို တပ်မတော်မှတ်တမ်းရုံးတွင် ကျင်းပခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်တက်ရောက်ခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လကလည်း စစ်မှုထမ်းနေသည့် ကလေးသူငယ် ၉၁ ဦးကို နုတ်ထွက်ခွင့်ပြုခဲ့ပြီး ယခုတစ်ကြိမ်တွင် အရေအတွက် အများဆုံးနုတ်ထွက်ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။


‘‘တပ်မတော်က အရွယ်မရောက်ဘဲ စစ်မှုထမ်းဆောင်နေတဲ့ ကလေးသူငယ်တွေ တော်တော်များများ ဆက်တိုက်နုတ်ထွက်ခွင့်ပေးနေတာ မျက်မြင်ကိုယ်တွေ့ပါပဲ။ ဒါဟာ မြန်မာနိုင်ငံ အစိုးရနဲ့ တပ်မတော်တို့က လက်နက်ကိုင်အဖွဲ့တွေမှာ ကလေးသူငယ်တွေကို တပ်သားအဖြစ် ခေါ်ယူစုဆောင်းအသုံးပြုနေတာတွေကို အဆုံးသတ်ဖို့ အရှိန်မြှင့်ကြိုးပမ်းနေတယ်ဆိုတာတွေ့ရပါတယ်’’ဟု ကလေးသူငယ်အခွင့်အရေးများကို ကြီးလေးသော ချိုးဖောက်မှုများအား စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး နိုင်ငံအလိုက် အထူးတာဝန်အဖွဲ့ (CTFMR) ၏ ပူးတွဲဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး မစ္စရီနာတာ လော့ခ်ဒက်ဆယ်လီရန်က ပြော သည်။

အရွယ်မရောက်သေးသူများ စစ်မှုထမ်းမှုပပျောက်စေရန် အတွက် မြန်မာအစိုးရသည် CTFMR အဖွဲ့နှင့် လုပ်ငန်းဆောင်ရွက်မှုစီမံချက်ကို ၂၀၁၂ ခုနှစ် ဇွန်လက သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ယနေ့အချိန်အထိ တပ်မတော်တွင် စစ်မှုထမ်းဆောင်နေသည့် အရွယ်မရောက်သေးသော ကလေးသူငယ်နှင့် လူငယ်စုစုပေါင်း ၄၇၂ ဦးကို နုတ်ထွက်ခွင့်ပြုပြီးဖြစ်ကြောင်း သိရသည်။

7Day Daily

No comments:

Post a Comment