Thursday, September 18, 2014

ချယ်ရီဦးမှနာရီများ ကွဲလွဲတင်သွင်းမှုကို ပြည်ထဲရေးဝန်ကြီးဌာနကပါ စတင်စုံစမ်းစစ်ဆေးမှုရှိလာ

နိုင်မိသားစုကုမ္ပဏီ ချယ်ရီဦးမှနာရီများ ကွဲလွဲတင်သွင်းလာပြီး စိစစ်မှုမပြီးပြတ်မီ အကောက်ခွန်ဌာနမှ ပစ္စည်းများအားလုံး ထုတ်ယူခွင့်ပြုခဲ့မှုအပေါ် ပြည်ထဲရေးဌာနမှလည်း ယခုအခါ စစ်ဆေးချက်များ ရယူနေပြီဖြစ်ကြောင်း Mobile Team အဖွဲ့ထံမှ စုံစမ်းသိရသည်။
နိုင်မိသားစုကုမ္ပဏီ ချယ်ရီဦးမှ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် သွင်းကုန်လိုင်စင်အမှတ် IL23111(21.8.2014)၊ ID-525623(1.9.2014)၊ Air Way Bil အမှတ် ၄၉၄၀၈၀၅၃ တို့ဖြင့် ကိုရီးယားနိုင်ငံထုတ် Quartz အမျိုးအစား Romanson Brand Assorted Gents & Ladies Watch(with Accessories) Stainless & Leather နာရီ ၉၃၇ လုံးအားတင်သွင်းလာခဲ့ပြီး Mobile Team အဖွဲ့နှင့် အကောက်ခွန်အဖွဲ့ထံသို့ ပြသစစ်ဆေးမှုခံခဲ့ကြောင်း သိရသည်။

သက်ဆိုင်ရာအဖွဲ့မှ ပူးပေါင်းစစ်ဆေးရာတွင် နာရီ ၉၃၇ လုံးမှာ အရေအတွက်ကိုက်ညီသော်လည်း ထုတ်လုပ်သည့်နိုင်ငံမပါသည့် နာရီအလုံး ၈၀၀ နှင့် Swiss Made (Swiss Quartz) အသားတံဆိပ်ပါ ရှိသည့် နာရီ ၁၃၇ လုံးပါဝင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထိုသို့ ထုတ်လုပ်သည့်နိုင်ငံမပါခြင်း၊ ထုတ်လုပ်သည့်နိုင်ငံကွဲလွဲခြင်းတို့ ဖြစ်ပေါ်နေသည့်အတွက် Mobile Team အဖွဲ့မှ စစ်ဆေးပြီး သင့်လျော်သည့်တန်ဖိုးများ ပြန်ပြင်သတ်မှတ်ပြီး အဆိုပါတန်ဖိုးအပေါ် အခွန်ပေးဆောင်ပြီးမှသာ ပစ္စည်းထုတ်ယူခွင့်ပြုရန် စီစဉ်ခဲ့ကြောင်း သိရသည်။
သို့သော် စစ်ဆေးမှုမပြီးပြတ်သေးစဉ်မှာပင် စစ်ဆေးဆဲပစ္စည်းအားလုံးကို ချယ်ရီဦးသို့ နာရီတစ်လုံး ဒေါ်လာ ၄၀ တန်ဖိုးဖြင့်ပင် အကောက်ခွန်မှ ထုတ်ယူခွင့်ပေးလိုက်ခြင်းဖြစ်သည်။
စစ်ဆေးမှုမပြီးပြတ်မီ ထုတ်ယူသွားခြင်း၊ အကောက်ခွန်မှ ထုတ်ယူခွင့်ပေးခဲ့ခြင်းနှင့်ပတ်သက်ပြီး Mobile Team မှ အကောက်ခွန် ဌာနသို့ ပြန်လည်စိစစ်ပေးရန် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ချယ်ရီဦးမှ ကွဲလွဲတင်သွင်းလာသည့် နာရီများနှင့်ပတ်သက်၍လည်း ပြန်လည်စိစစ်မည်ဖြစ်ကြောင်းနှင့် ယခုအခါ ပြည်ထဲရေးဝန်ကြီးဌာနဘက်မှလည်း အချက်အလက်စုံစမ်းမှုများ စတင်ပြုလုပ်လာကြောင်း Mobile Team အဖွဲ့ထံမှ စုံစမ်းသိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ စစစ ဦးစီးဌာနမှတာဝန်ရှိသူများသည် ချယ်ရီဦးနာရီကွဲလွဲတင်သွင်းမှုနှင့် ပတ်သက်သည့် အချက်အလက်များကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများထံမှ စတင်စိစစ်စုံစမ်း မှုပြု လာခြင်းဖြစ်ကြောင်း သိရသည်။

Eleven

No comments:

Post a Comment