Wednesday, September 17, 2014

လမ်းဖြတ်ကူးရင် ကားကြည့်ရှောင်၊ ဓာတ်ကြိုးအောက်ဖြတ်ရင် ဓာတ်ကြိုးကို မော့ကြည့်ရမတဲ့လား

Cartoon
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်က သင်္ဃန်းကျွန်းမြို့နယ် ၁၆/၁ ရပ်ကွက် ဇဋိလလမ်းနဲ့ သုမင်္ဂလာလမ်းထောင့်က ဓာတ်တိုင် ၀ိုင်ယာရှော့ဖြစ်တာကြောင့် လမ်းပေါ်မှာ အမျိုးသမီးတစ်ယောက်နဲ့ ကလေးတစ် ယောက် ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။ အခုနှစ်ပိုင်း လျှပ်စစ်ဓာတ်တိုင်၊ ဓာတ်ကြိုး အားနည်းချို့ ယွင်းမှုဖြစ်ရာကနေ ပြည်သူတွေ သေဆုံးခဲ့တာတွေ ထဲက နောက်ဆုံး ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ လျှပ်စစ်ဝန်ကြီးဌာနက တာဝန်ယူ၊ တာဝန်ခံသင့်တဲ့အကြောင်း ပြည်သူတွေ ကျယ်ကျယ်လောင်လောင် ဝေဖန်နေကြတာလည်း ကြာပါပြီ။ ဒါပေမဲ့ လျှပ်စစ်ဝန်ကြီးဌာန လျှပ်စစ်ဖြန့်ဖြူးရေးဌာန က အုပ်ချုပ်မှု ဒါရိုက်တာ ဦးမြင့်အောင်က
လျှပ်စစ်အန္တရာယ်ကင်းဝေစေဖို့ ပြည်သူတွေအနေနဲ့ ကိုယ့် အန္တရာယ် ကိုယ်ကြည့်ရှောင်ကြဖို့ မဇ္ဈိမသတင်းဌာနကို ပြောလိုက်တဲ့အခါ ငြင်းခုံစရာ ဆွေးနွေးစရာ ပြဿနာ တစ်ခု တိုးလာပြန်ပါတော့တယ်။ အခု အများပြည်သူသွားလာနေတဲ့လမ်းပေါ်မှာ ပြည်သူတချို့ ဓာတ်လိုက်ပြီး အသက်သေဆုံးသည် အထိ ဖြစ်နေရတဲ့ ကိစ္စတွေ ဘယ်သူတွေမှာ တာဝန်ရှိသလဲ၊ ဘယ်သူတွေက တာဝန်ယူရမလဲဆိုတာ ဆွေးနွေးကြည့်ရအောင်ပါ။
သင်္ဃန်းကျွန်းဖြစ်စဉ်ကို ပြန်ကြည့်ရင် ဒေါ်အေးအေးဆန်းနဲ့ ကလေးငယ်လေး တစ်ယောက်ဖြစ်တဲ့ ဖြူစင်ငြိမ်းတို့ နှစ်ယောက် အိမ်ကနေ ဗီဒီယိုခွေဆိုင်သွားကြပါတယ်။ အပြန် မိုးရွာတော့ ကားမှတ်တိုင်မှာ ခဏ မိုးခိုပါတယ်။ ဒီအချိန် ဓာတ်တိုင်က ကြွေသီးကွဲပြီး လျှပ်စစ်ဓာတ်အားဟာ သံဓာတ်တိုင်၊ အဲဒီကတစ်ဆင့် လမ်းပေါ်က ရေအိုင်ထဲအထိ စီးဝင်ပြီး ရေအိုင်ကို ဖြတ်ပြေးတဲ့ သူတို့နှစ်ယောက် ဓာတ်လိုက်သေဆုံး ခဲ့ရတာ ဖြစ်ပါတယ်။ ပြောရရင် အဲဒီဓာတ်လိုက်သေဆုံးသွားတဲ့ လူနှစ်ယောက် ဘာအမှားအယွင်းမှ လုပ်ခဲ့တာမရှိပါဘူး။ အစိုးရ လျှပ်စစ်ဝန်ကြီးဌာနက စိုက်ထားတဲ့ ဓာတ်တိုင် ချို့ယွင်းမှုကြောင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
အလားတူပါပဲ။ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်က လှည်းတန်း ပေ ၅၀ လမ်းမှာ ဓာတ်ကြိုးပြတ်ကျလို့ လူနှစ်ယောက် ဓာတ်လိုက်ပြီး သေဆုံးခဲ့ရပါသေးတယ်။ ဇူလိုင် ၃၀ ရက်မှာတော့ မြောက်ဥက္ကလာ (ဌ)ရပ်ကွက် ပတ္တမြားလမ်းမှာ ဓာတ်ကြိုးပြတ်ကျပြီး လူတစ်ယောက် သေပြန်ပါတယ်။ ဇူလိုင် ၁၅ ရက်မှာတော့ လှိုင်သာ ယာ ၁၅ ရပ်ကွက်၊ ၁၅ ဈေးမှာလည်း ဓာတ်ကြိုးပြတ်ကျလို့ ဈေးဝယ်နေတဲ့ အမျိုးသမီးသုံးယောက် သေဆုံးခဲ့ပြန်ပါတယ်။ ၂၀၁၄ စက်တင်ဘာအထိ ဓာတ်လိုက်သေဆုံးသူ ၅၅ ယောက်ရှိတယ်လို့ စာရင်းတွေကို ကိုးကားပြီး မဇ္ဈိမသတင်းဌာနက ဖော်ပြပါတယ်။ နည်းတဲ့အရေအတွက် မဟုတ်ပါဘူး။
ဒီဖြစ်စဉ်တွေ အားလုံးကို ခြုံငုံကြည့်ရင် ဓာတ်လိုက်သေဆုံးတဲ့ ပြည်သူတွေ ဘာအမှားမှ လုပ်မိတာမရှိပါ ဘူး။ (လျှပ်စစ်ဗို့အား ဘယ်လောက်လွှတ်ထားတယ်၊ အန္တရာယ်ရှိတယ်ဆိုပြီး ဝင်းခတ်ထားတဲ့ အထဲကျော်ဝင်လို့ ဓာတ်လိုက်သေရင်တော့ အဲဒီလူ တာဝန်ရှိမှာပေါ့)။ ဒီအတွက် အဲဒီသေဆုံးမှုအားလုံးအတွက် တာဝန်ရှိသူဟာ လျှပ်စစ်ဝန်ကြီးဌာနပါပဲ။ ဒါက ပထမအဆင့်ပါ။ လျှပ်စစ်ဝန်ကြီးဌာနဆိုတာ ကျယ်ဝန်းပါတယ်။ လျှပ်စစ်ဝန်ကြီးဌာနက ဘယ်အဆင့် ဘယ်သူတာဝန်ရှိသလဲဆိုတာကိုပါ ထပ်ပြီး စုံစမ်းဖော်ထုတ်ဖို့ လိုပါတယ်။ ဓာတ်အားလိုင်းတွေကို စိစစ်ဖို့တာဝန်ရှိသူ တစ်ယောက်ယောက်က ပျက်ကွက်တာလား။ ချို့ ယွင်းနေတာကို စိစစ်တွေ့ရှိပြီး ပြုပြင်ဖို့ တင်ပြတာကို အထက်တာဝန်ရှိသူက ပြုပြင်မှုမလုပ်တာမျိုးလား။ အထက် တာဝန်ရှိသူကပြုပြင်ဖို့ နောက်ထပ်အထက်ကို တင်ပြရာမှာ ဘတ်ဂျက်ချမပေးလို့များလား စသဖြင့် အမှုတစ်ခုချင်းစီကို စုံစမ်းဖော်ထုတ်ဖို့ လိုပါတယ်။ စုံစမ်းဖော်ထုတ်ရသမျှ အချက်အလက်တွေ ပြည်သူတွေ ကို အသိပေးရပါမယ်။ လိုအပ်ရင် ဘယ်လိုအရေးယူဆောင်ရွက်တယ် ဆိုတာမျိုးထုတ် ပြန်ပေးရပါမယ်။
အခု လျှပ်စစ်ဖြန့်ဖြူးရေးဌာနက အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်အောင် ပြောတာကတော့အတော်လေးကို သဘာဝလည်းမကျ တာဝန်ယူမှုလည်းမရှိတာ တွေ့နိုင်ပါတယ်။ သူက ဓာတ်ကြိုးတွေကို ကားနဲ့ နှိုင်းပြီး ပြောပါတယ်။ “လမ်းဖြတ်ကူးရင် ကားကို ကြည့်ရှောင်ရမယ်၊ ဓာတ်ကြိုးအောက်က သွားရင် ဓာတ်ကြိုးကို ကြည့်ရှောင်ရမယ်” တဲ့။ ဒီစကားပြောသူ စိတ်ကျန်းမာရေး ပြည့်ဝပါရဲ့လား မေးရမလိုတောင် ဖြစ်နေပါ တယ်။ ဘယ်နိုင်ငံက လျှပ်စစ်ဝန်ထမ်းမှ ဒီလိုစကားမျိုးမပြောပါဘူး။ ဓာတ်ကြိုးသွယ်တန်းတဲ့အခါ ပြည်သူတွေ ဘေးအန္တရာယ်ကင်းကင်း သွားလာနိုင်အောင် လျှပ်စစ်ဌာနက လုပ်ရမယ်ဆိုတဲ့ အခြေခံလေးကို တောင် သိပုံမရပါဘူး။ နောက်ထပ် ပြောတာက ဓာတ်ကြိုးတွေက မိုင်တွေအများကြီး၊ ဘယ်အချိန်ပြတ်ကျ မလဲ မသိနိုင်ဘူးတဲ့။ မြင်တဲ့သူ အကြောင်းကြားမှ ပြင်နိုင်မှာတဲ့။ အလွန်တာဝန်မဲ့တဲ့ စကားမျိုးတွေပါ။ ဒီပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး လျှပ်စစ်ဝန်ကြီးဌာနက တာဝန်ရှိသူတွေ ပြန်ပြီးသုံးသပ်သင့်ပါတယ်။
နောက်တစ်ချက်က နစ်နာသွားတဲ့၊ သေဆုံးသွားတဲ့ ပြည်သူတွေကို ဘယ်လိုကူညီမလဲ ဆိုတာပါ။ လောလောဆယ် ဖြစ်ပျက်နေတာတွေက အလုပ်ပြုတ်မှာကြောက်တဲ့ အရာရှိကြီးတွေက သူတို့ငွေတွေနဲ့ စုပေါင်း စပ်ပေါင်း စိုက်ထုတ်လျော်ကြေးပေးနေတယ် ဆိုတာပါပဲ။ ဒါကြောင့် သေတာချင်းအတူတူ တချို့ကိုဆို ကျပ် နှစ်သိန်း၊ တချို့ကို ကျပ် ၁၀ သိန်း၊ တချို့ကို ကျပ် ၂၃ သိန်း (အများဆုံး၊ လှိုင်သာယာ ၁၅ ရပ်ကွက်က အမျိုး သမီးသုံးဦး) ပေးတာမျိုး ကြုံကြရပါတယ်။
တကယ်ဖြစ်သင့်တာက ဒီကိစ္စမျိုးဖြစ် ပြီဆိုတာနဲ့ သက်ဆိုင်ရာက အဆင့်အမြင့်ဆုံး အရာရှိတစ်ယောက် သေဆုံးသူမိသားစု အိမ်ကိုသွားပြီး အရင်ဦးဆုံး တောင်းပန်သင့်ပါတယ်။ ဒါဟာ အရေးအကြီးဆုံး တာဝန်ယူမှုပါပဲ။ ဒုတိယအဆင့်အနေနဲ့ နစ်နာ ကြေးပေးတာပါ။ ဒီလို ကိစ္စမျိုးတွေကို ဖြေရှင်းဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနမှာ ငွေကြေးပမာဏ ဘယ်လောက်ကူညီရမယ်ဆိုတာ တိတိကျကျ သတ်မှတ်ထားဖို့လိုပါတယ်။ လူ့အသက်တစ်ချောင်း သေဆုံးတဲ့အတွက် အဲဒီငွေကြေးပမာဏဟာ ရယ်စရာ ကောင်းလောက်အောင် နည်းတာမျိုး မဖြစ်သင့်ပါဘူး။ တတိယအဆင့်ကတော့ ဖြစ်ပွားခဲ့တဲ့ ပြဿနာနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်၊ အများပြည်သူသိအောင် ရှင်းလင်းတင်ပြခြင်းပါ။ ဒီနေရာမှာလည်း ဓာတ်တိုင်တွေ၊ ဓာတ်ကြိုးတွေ၊ ကြွေသီးတွေလို အသိဉာဏ်မရှိတဲ့ ရုပ်ဝတ္ထုတွကို အပြစ်ပုံချပြလို့မရပါဘူး။ အဲဒီပစ္စည်းတွေ ဝယ်တာလူ တွေ၊  အဲဒီ ပစ္စည်းတပ်ဆင်တာ လူတွေ၊ အဲဒီပစ္စည်းတွေကို စစ်ဆေးတာ လူတွေဖြစ်ပါတယ်။ အဲဒီလူတွေ ရဲ့ တာဝန်ရှိမှုကို စစ်ဆေးဖော်ထုတ်၊ သတင်းထုတ်ပြန် ပေးရမှာပါ။
တကယ်တော့ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရတစ်ဖွဲ့လုံး၊ ဝန်ကြီးဌာန အားလုံး၊ အရာရှိဝန်ထမ်း တွေအားလုံး ဘယ်လိုတာဝန်ခံမှု၊ တာဝန်ယူမှု စနစ်မျိုးမှ ကျင့်သုံးတာမရှိပါဘူး။ ဒီအတွက် လျှပ်စစ် ဝန်ကြီးဌာနကို ထူးပြီး အပြစ်ပြောဖို့ မရှိပေမယ့် ပြည်သူလူထု အသက်သေဆုံးသည်အထိ ဖြစ်ပွားတဲ့ ပြသနာတွေဖြစ်တာကြောင့် တာဝန်ယူကြပါလို့ပဲ တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်။

Mizzima

No comments:

Post a Comment