Monday, September 1, 2014

အလုပ်လက်မဲ့တွေနေတဲ့ စီမံကိန်းမြို့

တောင်ဆင်းလမ်းအတိုင်း ကြည့်လိုက်လျှင် ရေနစ်မြုပ်ခြင်းမှ ကင်းလွတ်သည့် တောင်ကုန်း တောင်တန်းလေးများပေါ် တွင် ကျေးရွာသစ်များကို ဖော်ဆောင်ပေးထားသည်ကို မြင်ရမည်ဖြစ်သည်။ထိုတောင်တန်းကလေးများပေါ်တွင် ကျေးရွာသစ် ၂၃ ရွာကို တည်ဆောက်ပေးထားသည်။ ထိုကျေးရွာသစ်များကအထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းကြောင့် ရေကင်းလွတ်ရာ သို့ ပြောင်းရွှေ့ပေးရ သည့် ရွာသစ်များဖြစ်သည်။ ထိုရွာများ၏ ပတ်ပတ်လည်တွင် မြင့်မားသော တောင်ကုန်းတောင်တန်းများ ၀န်းရံထားသည့်အတွက် ရှုခင်းကတော့ ပန်းချီကားသဖွယ် အလွန်လှပသည်။
ထိုတောင်ကုန်း တောင်တန်းများ၏ ဘေးစောင်းတွင် အနည်းအကျဉ်းကို တောင်ယာခုတ်ထွင်းထားပြီး အချို့နေရာများတွင် နနွင်းပင်များ စိုက်ပျိုးထားကြသည်။ အများစုမှာတော့ သစ်ပင်ငယ်များနှင့်ဝါးရုံတော၊ ချုံပုတ်များ နေရာယူထားသည်။ ထိုတောင်တန်းကြီးကို အများအခေါ်ကတော့ ရှမ်းရိုးမတောင်တန်းကြီးဟု ခေါ်ကြသည်။
ရေကင်းလွတ်ရာကို ပြောင်းရွှေ့ပေးထားသည်မှာ တစ်နှစ်ကျော်သာကြာသေးသည့် ထိုကျေးရွာပေါင်း ၂၃ ရွာထဲမှ ၁၇ ရွာကို မကြာသော အချိန်အတွင်း မြို့တစ်မြို့အဖြစ် တည်ဆောက်ပေးမည်ဟု အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများက ကတိပေး ပြောကြားထားသည်။
အစိုးရ တာဝန်ရှိသူများ၏ မြို့တည်ပေးမည့် ကတိစကားအပေါ် “မြို့တည်ပေးလို့ အလုပ်ရမှာလား။ ခုတောင် လုပ်စားစရာ ဘာမှမရှိဘူးဖြစ်နေတာ။ တောင်ယာလည်း လုပ်မရဘူး။ ထိုင်စားနေတာ တစ်နှစ်ကျော်ပြီး နောက်သုံးလလောက်ပဲ ထိုင်စားနိုင်တော့မယ်။ မဖြစ်နိုင်တာတွေ ပြောနေသလိုပဲ”ဟု သပြေကုန်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦးဖိုးစိုးက မျှော်လင့်ချက်မရှိသည့်လေသံဖြင့် ပြောပြနေသည်။

အဆိုပါကျေးရွာ ၂၃ ရွာ၏ မူလနေရာ ဟောင်းကျေးရွာများနှင့် လယ်ယာမြေများကတော့ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်တမံကို ပိတ်ဆို့လိုက်သည့်အတွက် ရေအောက်တွင် နစ်မြုပ်သွားပြီ ဖြစ်သည်။

ကျေးရွာသူ၊ ကျေးရွာသားများကတော့ လျှပ်စစ်ဝန်ကြီးဌာနမှ ပေးလျော်ထားသည့် လယ်ယာမြေ လျော်ကြေးငွေများနှင့် ငါးနှစ်စာ သီးနှံလျော်ကြေးများကို အသက်မွေးဝမ်းကျောင်းပြုလုပ်နိုင်ရန် အလုပ်အကိုင်အတွက် လျော်ကြေးငွေကိုသာ ထိုင်စားသောက်နေကြရသည်ဟု ဆိုသည်။

ပြောင်းရွှေ့စရိတ်အပါအ၀င် လယ်ယာမြေလျော်ကြေး၊ ငါးနှစ်စာသီးနှံလျော်ကြေး၊ လက်လုပ်လက်စားများကို ထောက်ပံ့ကြေး နှင့် အိမ်ရာ ပြန်လည်တည်ဆောက်ရန်အတွက် လျော်ကြေး စသည်တို့အတွက် စုစုပေါင်း ကျပ်သန်းပေါင်း ၁၁,၃၆၅ ဒသမ ၄၉၇ ကို လျော်ကြေးငွေအဖြစ် ငါးကြိမ်တိုင် ခွဲဝေထုတ်ပေးပြီး ဖြစ်သည်။

ထိန်ပင်ကျေးရွာမှ ဦးအောင်မြင့်က “မြေကွက်ဖော်ဖို့အထိ လျော်ကြေးပေးတယ်။ ဒီရွာနေရာတွေကိုလည်း ကျွန်တော် ကိုယ်တိုင်ရွေးခဲ့တာပါ။ ကျွန်တော်တို့လို လုပ်စားစရာ မရှိတဲ့နေရာကို ပြောင်းခဲ့တယ်။ ဒါကို အစိုးရကလည်း လျော်ကြေးပေးပြီးတာပဲဆိုပြီး လုပ်တယ်။ လျော်ကြေး ထိုင်စားနေရတာ။ တောင်ယာလုပ်ခွင့်ပေးရင် အဆင်ပြေမယ်”ဟု ပြောသည်။

ထိုကျေးရွာသူ ကျေးရွာသားများကတော့ ခေတ်နှင့်အညီ ပေးလျော်ထားသည့် ငွေကြေးများကို ထိုင်စားရုံးက လွဲပြီး တောင်ယာစိုက်ပျိုးခြင်းလုပ်ငန်းနှင့် တောင်ယာဖော်ဆောင်ခြင်းကို ရင်နှီးမြှုပ်နှံရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာနက ပိတ်ပင်ထားသည့်အတွက် တောင်ယာခုတ်ထွင်းခြင်း အသက်မွေးဝမ်းကျောင်းကို လုပ်ကိုင်စားသောက်ခွင့် မရကြပေ။

အခုအခါ သစ်တောဝန်ကြီးဌာက တောင်ယာခုတ်ထွင်ရန်အတွက် သစ်တောမြေဧက ၉,၀၀၀ ကျော်ကို ပလပ်မြေအဖြစ် ခွင့်ပြုလိုက်ပြီဟု ရှမ်းပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်ကဆိုသော်လည်း မြေယာတိုင်းပေးခြင်း ခွဲဝေပေးခြင်းကိုမူ လက်ရှိအချိန်ထိ လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးပေ။

စီမံကိန်းအရဆိုလျှင် လယ်ယာမြေများကို ရေမနစ်မြုပ်ခင် အချိန်ကတည်းက ကျေးရွာသူကျေးရွာသားများ လုပ်ကိုင်စားသောက်နိုင်ရန် တောင်ယာများကို ကြိုတင်ဖော်ဆောင်ပေးရမည် ဖြစ်သော်လည်း မည်သည့်အတွက်ကြောင့် အကောင်အထည်ဖော်မပေးနိုင်သည်နှင့် ပတ်သက်၍ ရှမ်းပြည်နယ် လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်က “ကျွန်တော်တို့ အားနည်းသလို သစ်တောဝန်ကြီးဌာနက ကပ်နေတာလည်းပါတယ်” ဟု ပြန်လည် ပြောကြားသည်။

ထိုကျေးရွာများ၏ ဘေးပတ်လည်တွင် တောင်ကုန်းတောင်တန်းများ ပတ်လည်ဝိုင်းနေသည့်အတွက် တောင်ယာများကိုသာ ပြန်လည်ထုတ်ဖော်ပေးနိုင်မည် ဖြစ်သော်လည်း လယ်ယာမြေဖော်ထုတ်ပေးနိုင်ရန်အတွက်မူ မြေပြန့်တွင် ဖော်ထုတ်ပေးမှသာ ရရှိနိုင်မည်ဟုလည်း ၎င်းက ဆိုသည်။

လျှပ်စစ်ဝန်ကြီးဌာန တည်ဆောက်ရေး ဦးစီးဌာန(၁)မှ ညွှန်ကြားရေမှူးချုပ် ဦးစန်းဝေက “မူလ လယ်သမားတွေအနေနဲ့ ပထမရှိတဲ့ဧကအတိုင်း ပြန်ရမယ်။ ၁၀ ဧကရှိရင် ၁၀ ဧက ပြန်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်လုပ်လက်စားသမားတွေအတွက်က တစ်ဦးလျှင် နှစ်ဧကနှုန်း တောင်ယာများကို အခမဲ့ ထပ်မံအပိုဆောင်းပေးမှာ” ဟု မဇ်္ဈိမကို ပြောသည်။

မူလရေနစ်မြုပ်သွားသည့် ဧက ၄,၀၀၀ ကျော်ကို မူလပိုင်ဆိုင်မှုအတိုင်း တောင်ယာများ ပြန်လည်ပေးအပ်မည်ဖြစ်ပြီး လက်လုပ်လက်စားများအတွက် တောင်ယာဧက ၃,၅၀၀ ကျော် ဖော်ဆောင်ပေးမည် ဖြစ်သည်။ အဆိုပါကျေးရွာ ၂၃ ရွာတွင် အိမ်ထောင်စုပေါင်း ၂,၅၂၄ စု လူဦးရေပေါင်း ၉,၇၅၅ ဦးအထိ နေထိုင်လျက်ရှိ သည်။

ထိုရွာများကို တောင်တန်းတစ်ခုချင်း အပေါ်တွင် ကျေးရွာတစ်ရွာ တည်ဆောက်ပေးထားပြီး ကျေးရွာသူ ကျေးရွာသားများ လက်ညှိုးထိုး ဖော်ထုတ်ခိုင်းသည့် မြေနေရာများတွင် တည်ဆောက်ပေးထားခြင်း ဖြစ်သည်။ ကျေးရွာထဲကို ၀င်လိုက်ပြီဆိုသည်နှင့် ကျောက်ခင်းလမ်းအချို့ ပြုလုပ်ပေးထားပြီ တောင်ကုန်းများဖြစ်သည့်အတွက် မြေနီလမ်းသာ အများဆုံး ဖောက်လုပ်ပေးထားသည်။

ကျေးရွာတိုင်းတွင် ဓာတ်မီးတိုင်များ တည်ဆောက်ပေးထားပြီး လျှပ်စစ်ကြိုးများမှာ စတင်သွယ်တန်းမှုများလည်း ပြုလုပ်လျက်ရှိပြီး မီတာများ အခမဲ့ တပ်ဆင်ပေးကာ စက်ရုံလည်ပတ်ပါက လျှပ်စစ်မီးစတင်ရရှိမည် ဖြစ်သည်။

မြို့တစ်မြို့အဖြစ် တည်ဆောက်ရေးတွင် လိုအပ်သည့် မြို့အင်္ဂါရပ်နဲ့အညီ ဖြစ်စေရန် သက်ဆိုင်ရာ အစိုးရရုံးအဖွဲ့အစည်းများထံ တင်ပြထားပြီးဖြစ်သည်။ ဒေသထွက်များ ရောင်းဝယ်ရန်အတွက် ကုန်စည်ဒိုင်များလည်း ဖွင့်လှစ်ပေးမည်ဟု ဆိုသည်။ မြို့တစ်မြို့မဖြစ်ခင်မှာပင် သောက်သုံးရေ ရရှိရန် ပိုက်လိုင်းများ ရေလှောင်ကန်များဖြင့် ဆောင်ရွက်ပေးထားသော်လည်း နွေရာသီတွင် အခက်အခဲရှိသည်ဟု ဆိုသည်။

“အမြန်ဆုံးပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ အချိန်၊ ရက်၊ လတွေကိုတော့ အတိအကျ မပြောနိုင်သေးဘူး။ အမြန်ဆုံးပေးနိုင်အောင် ဆောင်ရွက်နေပါတယ်။ မကြာသောအချိန်အတွင်းမှာ ဆောင်ရွက်ပေးမယ်။ ဒုသမ္မတကြီးရှေ့မှာကို ပြောထားပြီး ဖြစ်တယ်” ဟု ဒုတိယ၀န်ကြီး ဦးမော်သာထွေးက ပြောသည်။

မြို့တစ်မြို့ တည်ဆောက်ပေးမည်ဟု ပြောဆိုသော်လည်း လက်ရှိတွင် ဘဏ္ဍာငွေများချပေးထားခြင်း မရှိသေးသကဲ့သို့ မြို့နာမည်လည်း သတ်မှတ်ပေးထားခြင်း မရှိသေးပေ။ ထို့အပြင် လက်ရှိတွင် မြို့တစ်မြို့ ဆောင်ရွက်ပေးရန် မဟုတ်သေးဘဲ ၂၃ ရွာမှ ဒေသခံများ လုပ်ကိုင်စားသောက်နိုင်ရန်အတွက် တောင်ယာများ ပြန်လည်ပေးအပ်ရန် ဆောင်ရွက်သော်လည်း နှောင့်နှေးကြန့်ကြာလျက် ရှိသည်။

ထိုနေရာသည် နေပြည်တော် ပျဉ်မနားနှင့် ၂၆ မိုင်သာ ဝေးသည်။ သွားလာရေးအတွက် ကတ္တရာလမ်းများ ရှိသည်။ သို့သော် သွားလာစရိတ်မှာ အသွားအပြန် ကျပ် ၇,၀၀၀ ၀န်းကျင်အထိ ကုန်ကျလျက်ရှိသည်။

“စားစရာတောင် သုံးလစာလောက်ပဲ ရှိတော့တယ်။ နောက်ဘာဖြစ်မယ်ဆိုတာ မပြောနိုင်သေးဘူး။ မြို့ တည်ပေးဖို့ မမျှော်မှန်းဘူး။ ခု တောင်ယာတောင်ခုတ်ခွင့် မပေးဘူးဆိုရင် ဇွတ်အတင်းလုပ်ကြတော့မယ်၊ အဲဒီအချိန်ဆို သတ်ကြပုတ်ကြလိမ့်မယ်” ဟု သပြေကုန်းကျေးရွာမှာ ဦးဝင်းလှိုင်က ပြောသည်။

အဆိုပါကျေးရွာများသည် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံတမံနှင့် ရှစ်မိုင်ကျော်သာ အဝေးတွင် တည်ဆောက်ပေးထားပြီး အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်မီးပေးနိုင်ရန်အတွက် ဆောင်ရွက်ထားပြီး လာမည့် စက်တင်ဘာလကုန် သို့မဟုက် အောက်တိုဘာလ နောက်ဆုံးထားပြီး လျှပ်စစ်မီးရအောင် ဆောင်ရွက်မည်ဟု ဒုတိယ ၀န်ကြီးဦးမော်သာထွေးက ပြောသည်။

ရေထိန်းတမံကြီး တည်ဆောက်မှု ၉၀ ဒသမ ၉၀ ရာခိုင်းနှုန်းအထိ ပြီးစီတော့မည်ဖြစ်ပြီး ဖြစ်သည်။ ရေအားလျှပ်စစ် စက်ရုံအတွက်လည်း တရုတ်နိုင်ငံမှယူထားသည့် စက်ပစ္စည်းများ တပ်ဆင်ထားပြီး စက်တင်ဘာလတွင် စက်တစ်လုံး စမ်းသပ်မောင်းနှင်တော့မည် ဖြစ်သည်။

တောင်နှစ်ခုကို ပိတ်ဆို့ထားသည့် ရေလှောင်တမံအလျား ပေ ၁,၆၉၀ ရှိပြီး အမြင့် ပေမှာ ၃၂၂ ပေအထိ မြင့်သည်။ တမံမှာ ငလျင်ဒဏ်(၈)ရစ်ခ်ျတာစကေးအထိ ခံနိုင်ရည်ရှိသည်ဟု ဆိုသည်။ တမံ၏ သက်တမ်း နှစ် ၁၀၀ အထိ ခန့်မှန်ထားသည်ဟုလည်း တမံတည်ဆောက်ရေးနှင့် စက်ရုံတည်ဆောက်ရေးမှ ညွှန်ကြား ရေးမှူး ဦးအောင်ဇော်မြင့်က ရှင်းပြသည်။

“တရုတ်နိုင်ငံက မှာပြီး စက်နှစ်လုံး တပ်ဆင်ထားတယ်။ စက်တစ်လုံးကို စက်တင်ဘာလကုန်တာနဲ့ စလည်တော့မယ်။ တမံထဲမှာ သတ်မှတ်ထားတဲ့ ရေပြည့်အောင် စောင့်နေတာ။ ခုရေကလည်း ရပြီးဆိုတော့ စက်လည်ဖို့ပဲ ရှိတော့တယ်။စက်အပိုပစ္စည်းများကိုလည်း စာချုပ်တွင် ချုပ်ဆိုထားတယ်”ဟု ၎င်းက ပြောသည်။

အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းက လျှပ်စစ်စက်နှစ်လုံးမှာ မဂ္ဂါဝပ် ၁၄၀ အထိ ထုတ်လုပ်နိုင်မည် ဖြစ်သည်။ ရေအားလျှပ်စစ်ထုတ်စက်ရုံကို ပိတ်ဆို့ထားသည့် တမံအောက်ခြေတွင် တည်ဆောက်ထားပြီး မြေအောက်တွင် ခြောက်ထပ်အထိရှိပြီး စုစုပေါင်း ခုနစ်ထပ် တည်ဆောက်ထားသည်။

အထက်ပေါင်းလောင်းမှာ ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိသည့် လျှပ်စစ်များကို နေပြည်တော်အတွက် အသုံးပြုမည်ဟု နာမည်ကျော်ခဲ့သော်လည်း လျှပ်စစ်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမော်သာထွေးက မဟုက်ဟု ငြင်းဆန်လိုက်ပြီး တစ်နိုင်ငံလုံးအတွက် အသုံးပြုသွားမည့် ဓာက်အားခွဲဝေပေးရေး စက်ရုံများသို့ ပို့ ဆောင်သွားမည်ဟု ဆိုသည်။

တမံထဲတွင် ရေအမြင့် ၃၅၀ မီတာ အနည်းဆုံးတည်ရှိမှသာလျှင် လျှပ်စစ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အဆိုပါ တမံသည် ရေအမြင့် မီတာ ၃၇၀ အထိ သိုလှောင်ထားနိုင်သည်။ ကျော်လွန်ပါက လျှံထွက်သွားမည် ဖြစ်သည်။

အဆိုပါစက်ရုံမှ တစ်နှစ်လျှင် ၃၂ ကီလိုဝပ်နာရီ သန်းပေါင်းထုတ်လုပ်နိုင်မည်ဖြစ်ပြီး စီမံကိန်းအတွက် မြန်မာကျပ်ငွေ ဘီလီယံ ၃၂၀ အထိ ကုန်ကျမည်။ နိုင်ငံတော်ဘတ်ဂျက်ငွေဖြင့် တည်ဆောက်သည့် စီမံကိန်း ဖြစ်သည်။

ထို့အတူ အလယ်ပေါင်းလောင်းစီမံကိန်းလည်း စတင်တော့မည် ဖြစ်သည်။ အောက်ပေါင်းလောင်းမှာ မဂ္ဂါဝပ် ၂၈၀ ထုတ်လုပ်နိုင်သည့် စက်ရုံတည်ဆောက်ပြီး လည်ပတ်လျက် ရှိသည်။ သို့သော် ထိုစီမံကိန်းများကြောင့် ပြောင်းရွှေ့ပေးလိုက်ရသည့် ဒေသခံများ၏ ဘ၀များကတော့ အလုပ်လက်မဲ့၊ မျှော်လင့်ချက်မဲ့ ဘ၀မျိုးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
  မောင်သင်တုန်း

No comments:

Post a Comment