Monday, September 29, 2014

ဆရာနှင့် တပည့်များ၏ ကြေကွဲနှုတ်ဆက်ချိန်



ဒီကနေ့ Facebook မှာ တက်လာတဲ့ ဓါတ်ပုံလေးတွေ ဖြစ်ပါတယ်။ ဒီကနေ့ (၂၉-၉-၂၀၁၄) ရက်နေ့မှာပဲ ချောင်းဦးမြို့နယ်၊ ဆူးလေကုန်းအုပ်စု၊ ဆူးလေကုန်းကျေးရွာ မှာ “ဆရာဦးသန်းလှိုင်” ဂုဏ်ပြုနှုတ်ဆက်ပွဲ ဆိုပြီး ဓါတ်ပုံမှာ တွေ့ရပါတယ်။


ဆရာနဲ့ တပည့်ကြားက မေတ္တာတရားနဲ့ သံယောဇဉ်ကြိုး ၊ ဒီလိုမျိုး ၀မ်းနည်းပက်လက် ရှိုက်ကြီးတငင် ငိုကြွေးကြတဲ့ မျက်ရည်ကြားက နှုတ်ဆက်ပွဲမျိုး ရှားရှားပါးပါး တွေ့မြင်ရတာပါ။
ဒီဓါတ်ပုံတွေကို ရိုက်ကူးထားတာ ပရော်ဖက်ရှင်နယ်ကင်မရာတွေ မဟုတ်ပါဘူး။ ရိုက်ကူး မှတ်တမ်းတင်ထားတဲ့ ကိုအောင်ဇော်မြင့်ဟာလည်း အလင်း-အမှောင်သဘော၊ အရောင်တွေရဲ့ အဓိပ္ပါယ် သေသေချာချာ လေ့လာထားသူ တစ်ယောက် ဟုတ်မယ် မထင်ပါဘူး။
ဒါပေမယ့် ဒီဓါတ်ပုံလေးတွေက ဖော်ပြနေတဲ့ အဓိပ္ပါယ်တွေကတော့ များစွာ ကျယ်ဝန်း နက်ရှိုင်းလှပါတယ်။ ဒီကနေ့ မြို့ကြီးပြကြီးတွေမှာ မြင်ရတွေ့ရခက်ခဲလှတဲ့၊ မေတ္တာနဲ့ ခြယ်မှုန်းထားတဲ့ ပန်းချီကားတစ်ချပ် ဆိုရင်လည်း မမှားပါဘူး။

နှုတ်ဆက်ထွက်ခွာ သွားရတော့မယ် ချစ်မြတ်နိုး ရိုသေလေးစားရတဲ့ ဆရာကြီးကို မခွဲနိုင် မခွာရက် ဖြစ်နေတဲ့ တပည့်လေးတွေ၊ မခွဲရက် အခွဲခက်ပေမယ့်လည်း မတတ်သာလို့ စွန့်ခွါရတော့မယ့် ဆရာကြီး ရင်ထဲက ဖြေမဆည်နိုင်တဲ့ သောကဗျာပါဒတွေ မြင်တွေ့ရပါတယ်။
နိုဗယ်လ်ဆုရ ကမ္ဘာကျော် ဘောဂဗေဒပညာရှင်ကြီး ဂျိုးဇက်စတစ်ဂလစ် မြန်မာနိုင်ငံ ရောက်ရှိချိန်မှာ စီးပွားရေးတက္ကသိုလ် ဆရာကန်တော့ပွဲနဲ့ ကြုံကြိုက်ခဲ့ပါတယ်။ ဆရာကြီး စတစ်ဂလစ် အရမ်းအံ့အားသင့်သွားပြီး မြန်မာ့ယဉ်ကျေးမှု ဆိုတာ သိလိုက်ရတော့ အတော်ကလေး လေးစားသွားတယ် လို့ သိရပါတယ်။ ဆရာကြီးတစ်ဂလစ်ရဲ့ မှတ်ချက်က “မြန်မာနိုင်ငံမှာ လူမှုအရင်းအနှီး Social Capital ခိုင်ခိုင်မာမာ ရှိနေပဲ” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့်မို့ ဒီဓါတ်ပုံလေးများကို မျှဝေရခြင်း ဖြစ်ပါတယ်။ မြို့ကြီး၊ ပြကြီးတွေမှာ မမြင်မတွေ့ရတဲ့ မြင်ကွင်းမျိုး၊ မြင်တွေ့ဖို့ ခက်ခဲနိုင်တဲ့ မြင်ကွင်းမျိုး ရှားရှားပါးပါး ကျန်ရှိနေသေးတဲ့ မြန်မာတွေရဲ့ ဓလေ့ထုံးစံလေး တစ်ခု၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ Social Capital ပဲ ဖြစ်ပါကြောင်း။
Credit to Aungzaw Myint
Hmuu Zaw

No comments:

Post a Comment