Monday, September 29, 2014

Viber မှတဆင့် ညစ်ညမ်းပုံများ ပေးပို့သူကို အရေးယူရာ လိုင်စင်မဲ့ယာဉ်ဖြင့် ဖမ်းဆီးရမိ

တာချီလိတ်မြို့ ၊ ရန်အောင်မြေရပ်ကွက်နေ မောင်ဝဏ္ဏသည် စက်တင်ဘာ ၂၅ရက် မွန်းတည့်ချိန်ခန့်က ၎င်း၏ဇနီးပိုင် iPhone အား အင်တာနက်ဖွင့်ကြည့်ရာ Viber မှတဆင့် ဖုန်းအတွင်းသို့ ပုံများ ဆက်တိုက်ဝင်ရောက်လာသဖြင့် ကြည့်မိရာ ညစ်ညမ်းပုံများ ဖြစ်နေကြောင်း တွေ့ရှိခဲ့ရသည်။
ယင်းကြောင့် ပုံများပေးပို့သည့် ဖုန်းနံပါတ်အား စစ်ဆေးရာ (+၉၅၉ ၄၂၈၂၂၄***)နံပါတ်ဖြစ်ပြီး ထိုနံပါတ်မှာ တာချီလိတ်မြို့နယ်၊ မယ်ခေါင်ရပ်ကွက်နေ သက်နိုင်ထွန်း(၃၆နှစ်)၏ ဖုန်းဖြစ်ကြောင်း သိရသဖြင့် ဇနီးဖြစ်သူ၏ဖုန်းအတွင်းသို့ ညစ်ညမ်းပုံများ ပေးပို့သူအား အရေးယူပေးပါရန် ဖုန်းပိုင်ရှင်၏ ခင်ပွန်းဖြစ်သူ မောင်ဝဏ္ဏက တရားလိုပြုလုပ်တိုင်တန်းရာ တာချီလိတ်မြို့မရဲစခန်းက (ပ)၁၉၇/၂၀၁၄ ပြစ်မှုပုဒ်မ ၂၉၂(က)ဖြင့် အမှုဖွင့် အရေားူခဲ့သည်။

တရားခံဖမ်းဆီးရမိရေးအတွက် ရဲအုပ်အောင်မင်းဦး၊ ဒုတပ်ကြပ် တင်အောင်မိုး၊ တပ်သားသူရအောင်၊ ၀မ်ကောင်းပြည်သူ့စစ် ဦးစည်သူ၊ မကာဟိုခမ်းပြည်သူ့စစ် ဦးပီမောင်တို့နှင့် ည ၁၀ နာရီခွဲအချိန် မယ်ခေါင်ရပ်ကွက်အတွင်း သက်နိုင်ထွန်းအား ၎င်းပိုင် Mark II အဖြူရောင်ယာဉ်ဖြင့် ရှာဖွေတွေ့ရှိခဲ့ပြီး ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့သည်။ အဆိုပါယာဉ်နှင့် ပတ်သက်ပြီး မှတ်ပုံတင်ထားခြင်း ရှိ/မရှိအား စစ်ဆေးပေးရန် တာချီလိတ်စခန်းက စက်တင်ဘာ ၂၆ရက်တွင် (တာချီလိတ်) ကညန သို့ တင်ပြခဲ့ရာ ယာဉ်မှတ်ပုံတင်ထားခြင်းမရှိကြောင်း ပြန်ကြားလာသဖြင့် သက်နိုင်ထွန်းအား တာချီလိတ်မြို့မရဲစခန်းက (ပ)၁၉၉/၂၀၁၄ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ-၈ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
မော်ကြီး(တြိဂံနယ်မြေ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment