Monday, September 22, 2014

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းနိုင်ခဲ့၍ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည့် ကိစ္စသည် ပြည်သူတစ်ဦးချင်းစီ၏ ဘ၀များကို ရိုက်ခတ်လျက်ရှိဟု သမ္မတပြောကြား

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းနိုင်ခဲ့၍ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည့် ကိစ္စသည် ပဋိပက္ခဖြစ်ပွားရာ ဒေသများမှ ပြည်သူများကို သာမက နိုင်ငံတွင်းရှိ ပြည်သူတစ်ဦးချင်းစီ၏ ဘ၀များကိုပါ ရိုက်ခက်လျက်ရှိသည်ဟု ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင် ကျရောက်သည့် ၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ် လွှာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားသည်။

“ငြိမ်းချမ်းရေးသည် လူသားအားလုံး ရရှိခံစားသင့်သည့် လူ့အခွင့်အရေးတစ်ရပ် ဖြစ်သည်” ဟူသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည့် ၃၂ နှစ်ပြည့်မြောက်သည်ကို ရည်စူး၍ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အခမ်းအနားကို ကမ္ဘာ့နိုင်ငံအသီးသီး၌ ကျင်းပခြင်းဖြစ်ပြီး ယနေ့ ကမ္ဘာတွင် ဖြစ်ပေါ်လျက်ရှိသော အဖြစ်အပျက်များနှင့် သာဓကများက ငြိမ်းချမ်းရေးသည် လူ့အဖွဲ့အစည်း တစ်ရပ်အတွက် မည်မျှအရေးကြီးသည်ကို မီးမောင်းထိုးပြလျက်ရှိသည်ကို မြင်တွေ့ ရကြောင်း နိုင်ငံတော် သမ္မတက ပြောကြားသည်။

နိုင်ငံတော်သမ္မတက “ကျွန်တော်တို့နိုင်ငံတွင် လွတ်လပ်ရေးရပြီးချိန်မှစ၍ ပေါ်ပေါက် ခဲ့သော နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ခြင်း မရှိခဲ့သည့်အတွက် လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်ခဲ့ရာ ပြည်ထောင်စုအတွင်းရှိ ဒေသများစွာမှ ပြည်သူများသည် ယနေ့တိုင် ငြိမ်းချမ်းရေးအနှစ်သာရကို ပြည့်ဝစွာ ခံစားရရှိခြင်း မရှိသည်ကို သိရှိကြပြီး ဖြစ်ပါသည်။ ယင်းကိစ္စသည် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားရာဒေသများမှ ပြည်သူများကိုသာမက နိုင်ငံတွင်းရှိ ပြည်သူတစ်ဦးချင်းစီ၏ ဘ၀များကိုပါ ရိုက်ခက်လျက်ရှိသည်ကိုလည်း သိရှိကြပြီးဖြစ်ပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုသည် နိုင်ငံသားတစ်ဦးချင်းစီအတွက် အလွန်အရေးပါသော ဖြစ်စဉ်ကြီး တစ်ရပ်ပင် ဖြစ်ပါသည်” ဟု ၎င်း၏သ၀ဏ်လွှာတွင် ထည့်သွင်းပြောကြားသည်။

နိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်သည် လျင်မြန်စွာ အကောင်အထည်ပေါ်လာလျက်ရှိကြောင်း၊ မကြာမီ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေး ထိုးခြင်း၊ နိုင်ငံရေးဆွေးနွေး ပွဲများအတွက် မူဘောင်များရေးဆွဲခြင်းနှင့် ကျယ်ပြန့်သည့် နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း စသည့်အဆင့်များသို့ အဆင့်ဆင့်တက်လှမ်း ကြမည်ဖြစ်ရာ ပြည်သူ တစ်ဦးချင်းစီအနေဖြင့် မိမိတို့တတ်စွမ်းသည့် အနေအထားမှ ပါဝင်ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများ ပေါ်ပေါက်လာပြီဖြစ်သည်ဟုလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

လက်ရှိအခြေအနေထိ ရရှိထားသော ငြိမ်းချမ်းရေးဖြစ်ထွန်းမှုများကြောင့်ပင်လျှင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစပြုလာသော နေရာဒေသများမှ ပြည်သူများသည် ငြိမ်းချမ်းရေး၏ အကျိုးကျေးဇူးကို စတင်ခံစားရရှိလာကြပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးသည် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းခြင်းထက် ပိုမိုကျယ်ပြန့်သည့် ကိစ္စဖြစ်ကြောင်း လက်ရှိဖြစ်ပေါ်နေသော ငြိမ်းချမ်းရေးကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန်လည်း နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားသည်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏ “စစ်ပွဲများကို ပေါ်ပေါက်စေခဲ့သည့် လူသားများ၏ စိတ်နှလုံးသားများထဲမှာပင် စစ်ပွဲများကို ဟန့်တားနိုင်သော ချစ်ခြင်းမေတ္တာနှင့် ကိုယ်ချင်းစာတရား များကို ပြုစုပျိုးထောင်သွားကြရမည်” ဟူသည့် အဆိုအမိန့်ကို အလေးထားဂရုပြု ဖော်ပြလိုသည်ဟုလည်း သမ္မတဦးသိန်းစိန်က ဆိုသည်။

Eleven Media Group

No comments:

Post a Comment