Monday, September 22, 2014

ဂါရဝမဲ့ပြုမှုဖြင့် အထက်တန်းကျောင်းအုပ်ကို ရာထူးလျှော့ချ

ဂါရဝမဲ့အပြုအမူများ လုပ်ဆောင်ခဲ့သည် ဆိုသည့် အထက(၁)မော်လမြိုင်မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မိမိကြည်အားမွန်ပြည်နယ် သိမ်ဖြူဇရပ်မြို့နယ် အလက(ဝါးခရူ)သို့ ရာထူး လျှော့ချ၍ အလယ်တန်းကျောင်းအုပ်အဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။

အထက(၁)မော်လမြိုင်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိ ကြည်နှင့် အဆိုပါကျောင်းမှ ဆရာ၊ ဆရာမများကို ဩဂုတ်လ အတွင်းက ဌာနဆိုင်ရာစုံစမ်းစစ် ဆေးရေးအဖွဲ့ဖွဲ့၍ စစ်ဆေးခဲ့ကာ ပညာရေးဝန်ကြီးဌာနသို့ တင်ပြခဲ့ ပြီးနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ၏ မှတ်ချက်နှင့် အတူ စက်တင်ဘာ ၁၈ ရက်တွင် အမှတ်(၁)အခြေခံပညာဦးစီးဌာနက အမိန့်စာထုတ်၍ပြောင်း ရွှေ့ ခဲ့ကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။


‘‘ရုံးချုပ်က ၁၈ ရက် ထွက် လာတဲ့ပြန်တမ်းအရ ဆရာမကြီး ကို သံဖြူဇရပ်မြို့က အလက (ဝါးခရူ)ကို ပြောင်းလိုက်တယ်။ ပြန်တမ်းအရကတော့ ပြည်ထောင် စုဝန်ကြီး မှတ်ချက်နဲ့ အမိန့်အရလို့ ညွှန်ချုပ်က သုံးထားတယ်။ ဆရာ မကြီးကိုလည်းခေါ်ပြီးတော့ အသိ ပေးလိုက်တယ်’’ဟု မွန်ပြည်နယ် ပညာရေးမှူး ဦးမျိုးတင်အောင်က ပြောသည်။

ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်သည် ကျောင်းတွင်း အစည်းအဝေးများတွင် ထိုင်ခုံ တစ်ခုံသာထားရှိပြီး အဆိုပါထိုင်ခုံ ၌ ၎င်းကထိုင်ကာ ကျန်ဆရာ၊ ဆရာမများကို ကြမ်းပြင်တွင်ထိုင် စေပြီး အစည်းအဝေးလုပ်ခြင်း၊ ဇူလိုင် ၃၀ ရက်တွင် ကျောင်းအုပ် ဆရာမကြီး ဒေါ်မိမိကြည် ဆူပူ ငေါက်ငမ်းခဲ့သောကြောင့် နှလုံး အခံမကောင်းသည့် သတ္တမတန်း နှင့် အဋ္ဌမတန်းမှ အင်္ဂလိပ်ဘာ သာသင် ဆရာမနှစ်ဦးဖြစ်သော ဒေါ်ခင်နုဆွေနှင့် ဒေါ်သီသီမြင့်တို့ ရှော့ခ် (Shock)ရရှိပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ပုံနှင့်တကွ ပျံ့နှံ့ခဲ့သည်။

‘‘သံဖြူဇရပ်က အလက ကျောင်းကို ပြောင်းလိုက်တာ ဟုတ်ပါတယ်။ စိတ်တောင် မကောင်းဘူး။ အခုတော့ တီချယ် ကြီးမှာ ပြောဖို့အားမရှိဘူး။ အခု လောလောဆယ်တော့ အရမ်းခံ စားနေရလို့နားလည်ပေးပါ’’ဟု 7 Day နေ့စဉ်သတင်းစာမှ ဆက် သွယ်မေးမြန်းမှုကို အဆိုပါ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိ ကြည်က ပြန်လည်ဖြေဆိုခဲ့သည်။

အမှတ်(၁)အခြေခံပညာဦးစီးဌာနက ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိကြည်ကို ကနဦး စုံစမ်းစစ်ဆေး ရေးအဖွဲ့ဖွဲ့၍ စုံစမ်းစစ်ဆေးပေးရန် ညွှန်ကြားစာကို ဩဂုတ် ၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီးနောက် ဩဂုတ် ၅ ရက်တွင် စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

7Day Daily

No comments:

Post a Comment