Tuesday, September 2, 2014

မလေးရှားတွင် ထိန်းသိမ်းခံရသည့် မြန်မာ ၂၀ နေရပ်ပြန်ရောက်၊ ကလေးငယ်နှင့် အသက်ကြီးသူများ ပါဝင်

Photo: မလေးရှားတွင် ထိန်းသိမ်းခံရသည့် မြန်မာ ၂၀ နေရပ်ပြန်ရောက်၊ ကလေးငယ်နှင့် အသက်ကြီးသူများ ပါဝင်
Tuesday, Setember 2, 2014

ဗီဇာအတုနှင့် လာရောက်မှုဖြင့် မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသူ ရှစ်ဦး အပါအဝင် သက်သေအဖြစ် ထိန်းသိမ်းခံရသူ စုစုပေါင်း မြန်မာနိုင်ငံသား ၂၀ ဦးသည် စက်တင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြို့တော်သို့ ပြန်လည်ရောက်ရှိလာကြောင်း အဆိုပါ မြန်မာများထံမှ သိရှိရသည်။

ပြန်လည် ရောက်ရှိလာသူများတွင် အသက် ၁၁ နှစ်အရွယ် ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးကြီးတစ်ဦး ပါဝင်လာပြီး ၎င်းတို့သုံးဦးသည် ဗီဇာအတုဖြင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်ခံရသူများ ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးထံမှ သိရှိရသည်။

မြန်မာနိုင်ငံသား ၇၂ ဦးကို ဇူလိုင်လ ၈ ရက်နေ့က ရန်ကုန်မြို့တော် ၃၈ လမ်းရှိ စုမြတ်အမည်ရ တရားမဝင်ကုမ္ပဏီမှ ပွဲစားသုံးဦးက ဦးဆောင် ခေါ်ဆောင်လာခြင်း ဖြစ်ပြီး ယင်းအနက် ၆၀ ဦးမှာ ဗီဇာအတုဖြင့် လာရောက်ခြင်း ဖြစ်ကာ ၁၂ ဦး မှာ ဗီဇာအမှန်ဖြင့် လာရောက်ခြင်း ဖြစ်ကြောင်း မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

ဗီဇာအတုဖြင့် လာရောက်သူများအနက် ၅၂ ဦးကို မလေးရှားအစိုးရက ထောင်တစ်နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ငွေကျပ်ရှစ်သိန်းဖြင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးမည် ဆို၍ စုမြတ်ကုမ္ပဏီနှင့် ချိတ်ဆက် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မွန်တိုင်းရင်းသား တစ်ဦးဖြစ်သူ ဦးနေဝင်းအောင်က ပြောကြားသည်။

ဇူလိုင်လ ၄ ရက်နေ့တွင် မိမိအစီအစဉ်ဖြင့် မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့သော်လည်း အဆင်မပြေ ဖြစ်နေချိန် စုမြတ်ကုမ္ပဏီက ပွဲစားနှင့် မလေးရှားလေဆိပ်တွင် တွေ့ဆုံခဲ့ကြောင်း၊ အဆိုပါ ပွဲစားက သူနှင့်လုပ်ကိုင်ပါက လွယ်ကူကြောင်း ပြောဆိုသဖြင့် ပွဲစားနှင့် ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြောင်း ၎င်းကဆိုသည်။
“စုမြတ်နဲ့ မလေးရှားလေဆိပ်မှာ တွေ့တယ်။ သူနဲ့လိုက်ရင် လမ်းကြောင်းရှင်းတယ် ဆိုလို့ လုပ်တာ လိုက်လာတယ်” ဟု ၎င်းကဆိုသည်။

ဇူလိုင်လ ၈ ရက်နေ့တွင် မလေးရှားနိုင်ငံသို့ ပြန်လည်သွားရောက်ခွင့် ရရှိပြီး ကွာလာလမ်ပူ လေဆိပ်တွင် အဖမ်းခံရခြင်း ဖြစ်ကြောင်း၊ ရန်ကုန်လေဆိပ်တွင် ပြသရန် ပေးထားသည့် Show Money များကို ပွဲစားက သိမ်းဆည်းနေစဉ် မလေးရှား ရဲတပ်ဖွဲ့က မသင်္ကာ၍ စစ်ဆေးရာတွင် ဗီဇာအတုဖြင့် လာရောက်သူများကို စစ်ဆေးတွေ့ရှိသွားခြင်း ဖြစ်ကြောင်း ဦးနေဝင်းအောင်က ပြောဆိုသည်။

ယခုရောက်ရှိလာသူ ၂၀ ဦးတွင် ၁၂ ဦးမှာ ဗီဇာအမှန်ဖြင့် သွားရောက်ခဲ့သူများ ဖြစ်ပြီး ရှစ်ဦးမှာ ဗီဇာအတုဖြင့် သွားရောက်ခဲ့သူများ ဖြစ်ကြောင်း၊ သို့သော်လည်း အဆိုပါရှစ်ဦးသည် ကလေးနှင့် သက်ကြီးရွယ်များ ဖြစ်သဖြင့် ပြစ်ဒဏ်ချ မခံရခဲ့ခြင်း ဖြစ်ကြောင်း မြန်မာသံရုံးထံမှ သိရှိရသည်။

ပွဲစားသုံးဦးကို စက်တင်ဘာလ ၈ ရက်နေ့တွင် ဆီဘန်းတရုံးတွင် စစ်ဆေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
Mandalay Media Group

No comments:

Post a Comment