Thursday, September 11, 2014

တည်ငြိမ်မှုကို ဖိနှိပ်မှုနှင့်ထိန်းထားလို့ မရစကောင်း

၂၀၁၄ စက်တင်ဘာ ၈ ရက်ကသမ္မတကြီး ဦးသိန်းစိန် ဆွစ်ဇာလန်နိုင်ငံကို ရောက်ရှိစဉ် သတင်းဌာနတစ် ခုနှင့်တွေ့ဆုံခန်း၌ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏အခန်းကဏ္ဍကို ကာကွယ်ပြောကြားသွားခဲ့သည်။ တပ်မတော်က လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာယူထားသည့်ကိစ္စနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်၏ အခွင့်အာဏာချုပ်ကိုင်ထားမှုအပေါ် ကာကွယ်ပြောဆို သွားခြင်းဖြစ် သည်ဟု ယူဆလို့ရပါသည်။ တပ်မတော်က ယခုလို ပါဝင်ပတ်သက်နေခြင်းဖြင့် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုကို အာမခံနေသည်ဟု ရည်ညွှန်းပြောဆိုသွားခဲ့သည်။

တစ်ဖန် မြန်မာ့တပ်မတော်၏ ပထမဦးဆုံးသောအမျိုးသမီးဗိုလ်လောင်းသင်တန်းဆင်းပွဲတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူ ၉၂ ရာခိုင်နှုန်းကျော်၏ထောက်ခံမှုဖြင့် အတည်ပြုထားသည့်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်သည်ဟု လည်း ကောင်း၊ တပ်မတော်က ယင်းဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်ရန် တာဝန်ရှိသည် ဟူ၍လည်းကောင်း ထည့်သွင်းပြောသွားခဲ့ပြန်ပါသည်။
သမ္မတကြီးဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှစ်ဦး၏ ပြောစကားများမှာ ပြောပုံပြောနည်းကွဲ ပြားပင်ကွဲပြားသော်ငြားလည်း မြန်မာ့နိုင်ငံရေးတွင် တပ်မတော်ကလက်ရှိရယူထားသည့် လုပ်ပိုင်ခွင့်အခွင့် အာဏာအနေအထားများကို အပြောင်းအလဲမရှိ ဆက်လက်ထားရှိသွားမည်ဆိုသည့် အချက်ကိုပင်နှစ်ဦးစလုံးက အတိအလင်း ထောက်ပြအတည်ပြုသွားခြင်းဖြစ်သည် ဟူ၍ပင် နားလည်ရပေမည်။
ထို့အပြင်တပ်မတော်က လက်ရှိရယူထားသည့်အခွင့်အာဏာများမှာ ဒီမိုကရေစီစံချိန်စံနှုန်းများနှင့် မကိုက် ညီသည်ကို ပြုပြင်ရန်လိုသည်ဟု ပြည်တွင်းနိုင်ငံရေးနယ်ပယ်နှင့် ပြည်ပနယ်ပယ်ကပါ တောက်လျှောက် တောင်းဆိုနေမှုများကို တုံ့ပြန်အဖြေပေးလိုက်သည့်သဘောဟုလည်း ယူဆရပါမည်။ ထို့ပြင် ဤကဲ့သို့ တပ်မတော်က တိုင်းပြည်၏အချုပ်အခြာအာဏာကိစ္စတွင် လွန်လွန်ကဲကဲအခွင့်အရေးရယူထားသည့်အ တွက် ယခုပြောဆိုကြွေးကြော်ထားသည့် တိုင်းပြည်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ထိခိုက်စေသည်ဟု ဝေဖန်လာခဲ့ကြပါသည်။
အတိုက်အခံနှင့် ပြည်ပနယ်ပယ်ကယင်းအချက်ကို ဥပမာပေးကာထောက်ပြပြောဆိုနေကြရာ၌ လက်ရှိဖွဲ့ စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော်နှစ်ရပ်တွင် စစ်တပ်၏အခွင့်အာဏာများလွန်ကဲစွာရယူထားခြင်းဖြင့် နှစ်ပေါင်းမြောက်မြားစွာ အခွင့်အာဏာများ မတရားရယူထားခဲ့ကြသည့်ပုဂိ္ဂုလ်များအပေါ် ယခင်အခွင့်အ ရေးများ ဆက်လက်ပေးထားရေးကို အဟန့်အတားမဖြစ်စေရန် စစ်တပ်ကကြားဝင်ပြီး ကာပေးထားသလို ဖြစ်နေသည်ဟုလည်း ဝေဖန်ကြ၏။ အနှစ်ချုပ်ရလျှင် ဒီမိုကရေစီနိုင်ငံတစ်ခု၏ အန္တိမပန်းတိုင်သည် လက်နက်ကိုင်အဖွဲ့အစည်းများကို တိုင်းပြည်အုပ်ချုပ်ရေးနှင့် စီးပွားရေးနယ်ပယ်တွင် ပါဝင်စွက်ဖက်ခြင်း ကင်းရပါမည်။ သို့မှသာ တိုင်းရင်းသားကြား အပြန်အလှန်ယုံကြည်လေးစားမှု တည်ဆောက်လို့ရနိုင်မှာဖြစ်ပြီး အမျိုးသားပြန်လည် ပေါင်းစည်းရေးမှာလည်း အမျိုးသားထုအတွင်း တရားမျှတမှန်ကန်သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရသာလျှင် အောင်မြင်မည်ဖြစ်သည်။
မိမိတို့ယုံကြည်သည်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို အင်အားဖြင့်ဖိနှိပ်ဟန့်တား အကောင်အထည် ဖော်လို့ရကောင်းသည် မဟုတ်ပါ။ အင်အားဖြင့် ထိန်းထားလို့ရရှိနေသည့် တည်ငြိမ်မှုဆိုသည်မှာလည်း အာမခံချက်မရှိပါ။ ပိုမိုပြင်းထန်လေးနက်သည့် အမုန်းတရားအပေါ် အခြေခံသည့်၊ မယုံသင်္ကာဖြစ်မှုအပေါ် အခြေခံသည့် အတောမသပ်နိုင်သောပဋိပက္ခများကို ဖိတ်ခေါ်ရာသာ ကျရောက်နေမှာဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

Mizzima

No comments:

Post a Comment