Thursday, September 11, 2014

ရွေးကောက်ပွဲကော်မရှင် ပြန်လည်ဖွဲ့စည်းရန် နိုင်ငံရေးသုတေသီနှင့် ဥပဒေပညာရှင်များပြော

U-Tin-Aye
စက်တင်ဘာလ ၇ ရက်က ရန်ကုန်မြို့ MPC တွင်ကောက်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ကြားဖြတ်ရွေးကောက်ပွဲ မပြုလုပ်တော့ကြောင်း ရှင်းလင်းပြောကြားစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကို ပြန်လည်ဖွဲ့စည်းရန် လိုအပ်နေပြီဟု နိုင်ငံရေးပါတီ အချို့၊ နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ဥပဒေပညာရှင်အချို့က ဝေဖန်လိုက်ကြသည်။လွန်ခဲ့သော ခြောက်လကျော်ကပြောထားသည့် ၂၀၁၄ နှစ်ကုန်ပိုင်းတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဆိုခြင်းကို ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက သူကိုယ်တိုင်ပင်မလုပ်ဖြစ်တော့ဟု ပြန်လည်ပြောဆိုအပြီး ယင်းသို့ မှတ်ချက်ပြုကြခြင်းဖြစ်သည်။ “၂၀၁၅ ရွေးကောက်ပွဲကိုတောင် ရွေ့တာတွေ ဖြစ်လာနိုင်တယ်။ လက်နက်ကိုင်တွေနဲ့ နိုင်ငံရေးဆွေးနွေး မှုတွေ မပြီးပြတ်သေးလို့ဆိုတာကို အကြောင်းပြနိုင်တယ်။ အဲဒီအခါကျမှ အားလုံးနစ်နာကြရပါလိမ့် မယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ဆိုသည်။
တပ်မတော် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမတ်ဖြစ်သူ ဦးတင် အေးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် သမ္မတနှင့် ပြည်ထောင်စု လွှတ်တော် တို့တာ ၀န်ပေးထားခြင်းသည်ပင်လျှင် ဝေဖန်စရာများစွာရှိနေ သည်ဟုဆိုသည်။
“ကျွန်တော်ကို သမ္မတကဖွဲ့ပေးခဲ့တဲ့အတွက် အဲဒီအပိုင်းကိုတော့ သမ္မတကိုပဲသွားမေးပါ”ဟု ဥက္ကဋ္ဌဦး တင်အေးက ပြောသည်။ စက်တင်ဘာ ၇ ရက် မြန်မာငြိမ်းချမ်းရေးဗဟိုဌာနတွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲအတွင်း ယင်းနှင့်စပ်လျဉ်းသည့်မေးခွန်းကို ၎င်းကပြန်ဖြေ ခြင်းဖြစ်သည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်လင်းဦးကမူ ရွေးကောက်ပွဲများသည် ဒီမိုကရေစီနိုင်ငံတိုင်းအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်၍ ယင်းကိုကြီးကြပ်မည့်သူများနှင့် သက်ဆိုင်သည့်ဥပဒေတွင် သမ္မတက ခန့်အပ်ပိုင်ခွင့်ရှိနေခြင်းကပင် အမှားအယွင်းဟု ပြောသည်။
“သိက္ခာသမာဓိပြည့်စုံသူဆိုတာကို အဓိပ္ပာယ်ဖွင့်ဖို့ခက်နေတယ်။ အခုအဖွဲ့ဝင်တွေကလည်း အဲဒီလိုမ ဟုတ်လို့ လဲပေးဖို့ပြောရင်လည်း လဲပေးမယ်မထင်ဘူး။ ဒါပေမဲ့ကော်မရှင်တွေအနေနဲ့ကတော့ တရားမျှတ လွတ်လပ်ဖို့တော့လိုမယ်။ ဒါပေမဲ့ ဒုတိယဗိုလ်ချုပ်ကြီး၊ ပြည်ခိုင်ဖြိုးထိပ်တန်းခေါင်းဆောင် ဖြစ်လာသူဆိုတာ တွေကတော့ သံသယဖြစ်စရာပဲ”ဟု ၎င်းကဆိုသည်။
၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲကို ဥပဒေပါဥက္ကဋ္ဌ၏ ဥပဒေပါလုပ်ပိုင်ခွင့်အရပယ်ဖျက်ခြင်းဟု ဦးတင်အေး ကမီဒီယာတို့ကို ပြောခဲ့ပြီး ဝေဖန်သူတို့က ယင်းဥပဒေနှင့်ပင်မညီညွတ်ဟု သုံးသပ်သည်။ တရားလွှတ် တော်ရှေ့နေ ဦးကိုနီက ယင်းလုပ်ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် မည်သည့်ဥပဒေနှင့်မျှညီ ညွတ်ခြင်းမရှိဟု ဝေဖန်သည်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်းတာဝန်များတွင် “သဘာဝဘေး အန္တရာယ်ကြောင့်သော်လည်းကောင်း၊ နယ်မြေလုံခြုံရေးအခြေအနေအရသော် လည်း ကောင်း လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များ၏ရွေးကောက် ပွဲများကိုရွှေ့ဆိုင်းခြင်း”ဟု ပါဝင်သည်။
ထို့ပြင် ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေတွင်လည်း ယင်းသို့သော အကြောင်း များကြောင့်သာ ရွေးကောက်ပွဲများရွှေ့ဆိုင်းရန် အခွင့်အာဏာပေးထားသည်။ “အဲလိုမှမဟုတ်ရင် ပယ်ဖျက် နိုင်တဲ့ အာဏာလုံးဝမရှိဘူး”ဟု ဦးကိုနီက ပြောသည်။
“ဦးတင်အေးက ရွေးကောက်ပွဲကော်မရှင်ဥပဒေပါ ကော်မရှင်ဥက္ကဋ္ဌအရည်အချင်းနဲ့ တစ်ခုမှမကိုက်ဘူး။ တ ရားသူကြီးဖြစ်ဖူးရမယ်။ ဒါမှမဟုတ် ဥပဒေအရာရှိ ၁၀ နှစ်လုပ်ဖူးရမယ်ထင်ပေါ်ကျော်ကြားသူဖြစ် ရမယ်။ နိုင်ငံရေးပါတီဝင်မဖြစ်ရဘူး။ ဘယ်အချက်မှ မကိုက်ညီဘူး”ဟု ၎င်းက ဆိုသည်။
ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ ဦးဆောင်ညွန်ကြားရေးမှူး ဦးအေးကျော်ကလည်း ယခုလုပ်ရပ်ကိုကြည့်၍ ရွေးကောက်ပွဲကော်မရှင်သည် ယုံကြည်ရလောက်သည့် အဖွဲ့မျိုးမဟုတ်ဟုသုံးသပ်သည်။ ပြည်ခိုင်ဖြိုး ပါတီ ၀င်အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကပင် ဦးတင်အေး၏ အကြောင်းပြချက်သည် လုံလောက်မှုမရှိ ဟု ဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ငွေကုန်ကြေးကျမည်စိုးခြင်း၊ လွှတ်တော်တို့၏ လုပ်ငန်းဆောင်တာများကို ထိခိုက်နိုင်ခြင်း၊ အာဆီယံအစည်းအဝေးများရှိနေခြင်း စသဖြင့် အကြောင်းများ ကြောင့်မလုပ်ဖြစ်တော့ဟု ပြောဆိုထားခြင်းဖြစ်သည်။
ယင်းသည် မတ် ၂၀ ရက် ပြည်သူ့လွှတ်တော်တွင် ၎င်းကိုယ်တိုင်ဖြေကြားသည့် စကားနှင့်လည်း ကွဲလွဲနေ သည်။ ထိုအချိန်က လွှတ်တော်အမတ်တစ်ဦး၏ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲလုပ်မလုပ် မေးခွန်းကို ရာသီဥတုသာယာချိန်တွင်လုပ်ရန် ရည်ရွယ်ထားသည်ဟု ဦးတင်အေးက ပြန်ဖြေထားသည်။

Mizzima

No comments:

Post a Comment