Thursday, September 25, 2014

လယ်ဧက ၆ ထောင်ပြန်ပေးဖို့ ကာ/ချုပ်ထံ တောင်းဆိုဖို့ ပြင်ဆင်

ပဲခူးမြို့နယ် သာယာကုန်းကျေးရွာအုပ်စုအတွင်း စစ်တပ်ကသိမ်းယူထားတဲ့ လယ်ဧက ခြောက်ထောင် နီးပါးကို ပြန်ပေးဖို့ တောင်သူလယ်သမားတွေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြတောင်းဆို သွားဖို့ ပြင်ဆင်နေကြပါတယ်။

ဒေသခံလယ်သမားတွေ စာရေးသားပေးပို့နိုင်ဖို့အတွက် ကူညီပေးနေတဲ့ မြန်မာနိုင်ငံတောင်သူ လယ်သမားသမဂ္ဂတာဝန်ခံ မစုစုနွေးက အခုလိုပြောပါတယ်။

"အုပ်တံတိုင်းကြီးက ရွှေလေးရွာကိုပိတ်ထားလိုက်တော့ ရွှေလေးရွာကနှစ်ခြမ်းကွဲသွားတယ်၊ တစ်ခြမ်းက
အုပ်တံတိုင်းကြီးရဲ့အတွင်းဘက်ကပါသွားတယ်၊ တစ်ခြမ်းက အုပ်တံတိုင်းရဲ့ အပြင်ပိုင်းကိုပါသွားတယ်၊ စာသင်ကျောင်းက အုပ်တံတိုင်းရဲ့အပြင်မှာကျန်နေခဲ့တယ်၊ အုပ်တံတိုင်းရဲ့အတွင်းထဲမှာ ပါသွားတဲ့ ဒေသခံတောင်သူ လယ်သမား မိသားစုတွေရဲ့သားသမီးတွေက ထွက်ပေါက်မရှိတဲ့ အခါကျတော့ လှေကားထောင်ပြီးတော့ အပြင်ကကျောင်းကိုသွားတက်နေရတာ သူတို့ရဲ့ စားဝတ်နေရေးအတွက်ကို တစ်နေ့ကိုတစ်ခါပေါ့နော်၊ အပြင်ကို ဖရဲခြံတို့ဘာတို့ကို နေ့စားနေ့စား သွားလုပ်နေတဲ့သူတွေကလည်း ထွက်ပေါက်မရှိတဲ့အခါကျတော့လည်း အဲ့ဒီလှေကားကနေကျော်ပြီးတော့ပဲ သူတို့ရဲ့ တစ်နေ့ကို ၂၅၀၀ ဝင်ငွေရအောင်နေ့စားခ အလုပ်တွေသွားလုပ်ရတယ်"

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် သာယာကုန်းကျေးရွာအုပ်စုအတွင်းက အလံကွဲ၊ ရွှေလေး၊ ဂုံညှင်းတန်း၊ ကျောက်ကုန်း၊ ကျွဲဒညင်းကုန်းနဲ့ မြေနီကုန်းစတဲ့ ကျေးရွာ ၈ ရွာက လယ်ယာမြေဧက ခြောက်ထောင်နီးပါးကို လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်က အမှတ်(၁) ခဲယမ်းမီးကျောက်တပ်က သိမ်းဆည်းခဲ့တာလို့ သိရပါတယ်။

အဲ့ဒီလယ်ယာမြေတွေကို သိမ်းဆည်းခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်ထိ လယ်သမားတွေကို သီးစားလုပ်ကိုင်ခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

RFA

No comments:

Post a Comment