Tuesday, September 30, 2014

အမတ်တို့ စွမ်းဆောင်ရည် မှတ်တမ်းထွက်မည်

ရန်ကုန် (မဇ္ဈိမ)။ ။ လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူတို့ စိတ်ကြိုက်အမတ်များ ရွေးချယ်နိုင်ရေး ရည်ရွယ်၍ လွှတ်တော်အမတ် တစ်ဦးချင်းစီ၏ လွှတ်တော်တွင်း စွမ်းဆောင်ရည် မှတ်တမ်းများ စုစည်း ဖော်ပြမည့်စာအုပ် ထုတ်ဝေရန် စီစဉ်နေပြီဟု ပွင့်လင်း မြန်မာ့ရှေ့ဆောင် (OMI) အဖွဲ့၊ သုတေသန တွဲဖက် ဒါရိုက်တာ ကိုထင်ကျော်အေးက မဇ္ဈိမကိုပြောသည်။လက်ရှိ လွှတ်တော်သက်တမ်းကာလ အထိ မည်သည့်အမတ်က အဆိုမည်မျှ တင်သွင်းခဲ့သည်၊ မည်သို့ သောအဆိုများ တင်သွင်းခဲ့သည်၊ မေးခွန်းမည်မျှမေးခဲ့သည်၊ မည်သို့သော မေးခွန်းများကို မေးမြန်းခဲ့သည် စသဖြင့် အမတ် တစ်ဦးချင်းစီ၏ စွမ်းဆောင်ချက်များအပြင် လွှတ်တော်ကော် မတီများ၏ စွမ်းဆောင်မှုတို့ ကိုပါ ဖော်ပြသွားမည်ဟု ဆိုသည်။

“အဓိကက ဘယ်အမတ်တွေ ဘယ်လောက် အလုပ်လုပ်တယ်ဆိုတာ မဲဆန္ဒ ရှင်ကသိပြီး ၂၀၁၅ ရွေး ကောက်ပွဲမှာ မဲပေးနိုင်အောင်ရည်ရွယ်ပါတယ်” ဟု ကိုထင်ကျော်အေးက ပြောသည်။

အဆိုပါစာအုပ်ကို ၂၀၁၅ ရွေး ကောက်ပွဲကြီးမတိုင်မီ ထုတ်ဝေသွား မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒါ အရမ်းကောင်းတဲ့ကိစ္စပါ။ အစိုးရက လုပ်သင့်တဲ့ကိစ္စကို OMI က လုပ်ပေးတာ ကောင်းပါတယ်။ အလုပ် မလုပ်တဲ့ ကိုယ်စားလှယ်တွေကို မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ သိသွားတာပေါ့” ဟု ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေက ဆိုသည်။

OMI က စက်တင်ဘာ ၂၁ ရက်တွင်လည်း လွှတ်တော်လေ့လာ စောင့်ကြည့်ရေး အစီရင်ခံစာ အမှတ်-၃ ထုတ်ဝေခဲ့ပြီး ယင်းတွင် လွှတ်တော်နှစ်ရပ်၏ ပြီးစီးခဲ့သော အစည်းအဝေးအထိ အဆိုများ၌ ပါဝင်မဆွေး နွေးခဲ့သည့် လွှတ်တော်အမတ် ၃၀၇ ဦး ရှိခဲ့သည်ဟု ဖော်ပြထားသည်။

ထို့အပြင် လွှတ်တော်အမတ်တို့၏ မေးခွန်းမေးမြန်းမှု ဆွေးနွေးမှု အရည်အသွေးများ တိုးတက်မှုရှိရန် လိုအပ်နေသည်ဟု ဝေဖန်ထောက်ပြထားသည်။

OMI အမတ်တို့၏ တစ်ဦးချင်းစွမ်းဆောင်မှု မှတ်တမ်းအပြင် လွှတ်တော်နှစ်ရပ်၏ ၁၁ ကြိမ်မြောက် အစည်း အဝေးတွင် တင်သွင်းခဲ့သော မေးခွန်းနှင့်အဆိုတို့ကို လေ့လာထားသည့် အစီရင်ခံစာ အမှတ်-၄ ကိုလည်း ယခုနှစ်မကုန်မီ ထုတ်ဝေနိုင်ရန် စီစဉ်နေသည်။

Mizzima

No comments:

Post a Comment