Thursday, September 4, 2014

မန္တလေးတွင် ဗြိတိန်နိုင်ငံသားတစ်ဦး တားမြစ်ဆေးသောက်ရာမှ သတိလစ်၍ ဆေးရုံရောက်

မန္တလေးခရိုင် မဟာအောင်မြေမြို့နယ် တိုက်ခန်းတစ်ခုတွင် နေထိုင်သည့် ဗြိတိန်နိုင်ငံသား တစ်ဦးသည် စက်တင်ဘာလ ၂ ရက်နေ့ ညနေပိုင်းခန့်က တားမြစ်ဆေးဖြစ်သည့် ဒိုင်ယာစီပင် ဆေးပြားများ သောက်သုံးရာမှ သတိလစ် မေ့မြောသွားခဲ့သဖြင့် မန္တလေးပြည်သူ့ ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူလျက် ရှိကြောင်း အဆိုပါဆေးရုံ တာဝန်ကျ မှုခင်းရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။အဆိုပါ တားမြစ်ဆေး သောက်သုံးသူ ဗြိတိန်နိုင်ငံသားသည် ဇနီးဖြစ်သူနှင့်အတူ မဟာအောင်မြေမြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် ပြီးခဲ့သည့် ခြောက်လခန့်မှ စတင်ပြီး ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်ကာ ခင်ပွန်းဖြစ်သူသည် စက်တင်ဘာလ ၂ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် အရက်သောက်ကာ နေအိမ်တိုက်ခန်းသို့ ပြန်လည် ရောက်ရှိလာပြီး ဒိုင်ယာစီပင် ဆေးပြားများ သောက်ခဲ့ခြင်းကြောင့် သတိလစ် မေ့မြောသွားသဖြင့် ဆေးရုံသို့ တက်ရောက်ရခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရသည်။

အဆိုပါ ဗြိတိန်နိုင်ငံသားနှင့် ဇနီးဖြစ်သူတို့သည် နိုင်ငံအတွင်း တရားဝင် လာရောက် နေထိုင်ခြင်းရှိ မရှိ စုံစမ်းဆဲ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ယင်းဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဗြိတိန်နိုင်ငံသား ဇနီးမောင်နှံနှစ်ဦးက တိုက်ခန်းငှားနေတယ်လို့ သိရတယ်။ သူတို့က တရားဝင် လာရောက်နေထိုင်တာ ဟုတ်မဟုတ်သိဖို့ ဗီဇာစာအုပ် တောင်းနေတာ။ အမျိုးသမီးက သူ့ယောက်ျားက သတိမရသေးတဲ့အတွက် ယူမပေးဘူး ဖြစ်နေတယ်။ ဘယ်ကုမ္ပဏီနဲ့ လာရောက် နေထိုင်တယ် ဆိုတာလည်း စုံစမ်းလို့ မရသေးဘူး ဖြစ်နေတယ်” ဟု ၎င်းက ထပ်မံဆိုသည်။
ယင်းနိုင်ငံခြားသားကို မန္တလေးဆေးရုံ အရေးပေါ်ကုသဆောင်မှ ဖျားနာဆောင် (၃)၊ အထူးကြပ်မတ် ကုသဆောင်သို့ ပြောင်းရွှေ့ကုသလျက်ရှိပြီး စိုးရိမ်ဖွယ် မရှိကြောင်း၊ ၎င်း၏ ဇနီးဖြစ်သူမှာ အနီးကပ် ပြုစုစောင့်ရှောက်လျက် ရှိသဖြင့် နိုင်ငံကူး လက်မှတ်များမှာ နေအိမ်တိုက်ခန်းတွင် သိမ်းဆည်း ထားရှိကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက်သည့် အကြောင်းအရင်းနှင့် တရားဝင် လာရောက်ခြင်း ဟုတ်မဟုတ် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဒိုင်ယာစီပင်ဆေးက ပြင်ပဆေးဆိုင်တွေမှာ ဝယ်လို့မရဘူး၊ တားမြစ်ဆေးပါ။ ဆရာဝန်တွေက လိုအပ်လို့ တစ်လုံး၊ နှစ်လုံး ပေးသုံးစွဲခွင့်ပဲရှိတယ်။ အိပ်ဆေးသဘောမျိုးပဲ” ဟု ချမ်းအေးသာစံ မြို့နယ်ရှိ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ဆိုသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ဗီဇာဖြင့် တရားဝင် စီးပွားရေးလာ ရောက်လုပ်ကိုင်သည့် နိုင်ငံခြားသားများသည် ဗီဇာသက်တမ်း ကျော်လွန်ခြင်းများ မဖြစ်ပွားစေရန်အတွက် ဝင်ရောက်လာသည့် လမ်းကြောင်းမှတစ်ဆင့် ကိုယ်ရေးအချက်အလက်များ ယူဆောင်ပြီး Immigration Overstay Section မှ အလိုအလျောက် ဗီဇာသက်တမ်း ကုန်ဆုံးမည့်ရက်ကို ထုတ်ပြန်ပေးနိုင်ရန် ပြုလုပ်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
စီးပွားရေးဗီဇာဖြင့် လာရောက်သည့် နိုင်ငံခြားသား အများစုသည် ဗီဇာသက်တမ်း ကျော်လွန်၍ နေထိုင်ကြပြီး ဗီဇာသက်တမ်း ကျော်လွန်သည့် ရက်ကို ကျပ်ငွေ ပေးဆောင်နေကြကာ အချို့သည် ဗီဇာသက်တမ်းရက် ကျော်လွန်နေသည့်အတွက် ငွေကြေး မပေးဆောင်ဘဲတရား မဝင်လမ်းကြောင်းမှ ထွက်ပြေးသွားမှုများ ရှိနေသဖြင့် နိုင်ငံခြားဝင်ငွေ ဆုံးရှုံးမှုများ ရှိနေကြောင်း အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ထပ်မံပြောကြားသည်။
The Voice Weekly

No comments:

Post a Comment