Friday, September 5, 2014

ခွင့်ပြုချက်မဲ့ ဆောက်လုပ်ခဲ့သော ကန်ထရိုက်တိုက် ခြောက်လုံးကို ဖြိုချမည်



ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်သော သင်္ဃန်းကျွန်းမြို့နယ်မှ ကန်ထရိုက်တိုက် ခြောက်လုံးကို စက်တင်ဘာလမှစ၍ ဖြိုချမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) အရှေ့ပိုင်းခရိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သင်္ဃန်းကျွန်း ဆ/က ရပ်ကွက်တွင် သုံးလုံးနှင့် အခြားသော ရပ်ကွက်များတွင် ဆောက်လုပ်ထားသော ကန်ထရိုက်တိုက် သုံးလုံးကို ဖြိုဖျက်သွားမည် ဖြစ်ကြောင်၊ ယင်းကန်ထရိုက် တိုက်များတွင် ဖောင်ဒေးရှင်းအဆင့်မှ အထပ်မြင့် ၄ လွှာအထိ ဆောက်လုပ်ထားသော အဆောက်အအုံများလည်း ပါဝင်ကြောင်း၊ လတ်တလောတွင် သင်္ဃန်းကျွန်းမြို့နယ် ဇဝနရပ်ကွက် သီရိဇေယျာလမ်းတွင် အသစ်တည်ဆောက်မည့် ခြောက်ထပ်တိုက်၏ ဖောင်ဒေးရှင်းမှာ စည်ပင်ခွင့်ပြုချက်နှင့်အညီ ဆောင်ရွက်ခြင်း မရှိသဖြင့် သြဂုတ်လကုန်ပိုင်းမှ စတင်ကာ ယင်းဖောင်ဒေးရှင်းကို ဖြိုဖျက်အရေးယူလျက် ရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ် စည်ပင်သာယာ အုပ်ချုပ်မှူးရုံးမှ မြို့နယ်အင်ဂျင်နီယာက ပြောကြားသည်။
သင်္ဃန်းကျွန်းမြို့နယ်ရှိ ရပ်ကွက်ပေါင်း ၃၈ ခုတွင် ၂၀၁၀ ပြည့်နှစ်မှ လက်ရှိကာလအထိ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားသော ကန်ထရိုက်တိုက် ၆၀၀ ကျော်ကို တရားစွဲဆိုခဲ့ပြီးနောက် လက်ရှိတွင် သင်္ဃန်းကျွန်းမြို့နယ်မှ ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက် ခြောက်လုံးကို ဖြိုဖျက်ရန် ဆောင်ရွက်လျက်ရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ် အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ စုံစမ်းသိရှိရသည်။
“သုံးလေးနှစ် ရှိပြီ။ တိုက်တစ်ခုလုံး ပြီးနေပေမယ့် အစိမ်းဘုတ် (စည်ပင်ခွင့်ပြုချက်) မရသေးဘူး။ ကန်ထရိုက်ကလည်း လုပ်ထားတယ်ပြောပြီး ဟိုရှောင်ဒီရှောင်နဲ့ ခုမြေရှင်က တရားစွဲခံရတယ်။ တရားဝင်ဖြစ်အောင် ကိုယ်တိုင် လိုက်လုပ်နေရတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် ဆ/က ရပ်ကွက် သမာဓိ (၂)လမ်းတွင် နေထိုင်သူ မအိသန္တာလွင်က ပြောကြားသည်။
ခွင့်ပြုချက်မဲ့ ကန်ထရိုက်တိုက် ဆောက်လုပ်မှု အများစုမှာ လိုင်စင်မဲ့ ကန်ထရိုက်များ၏ တည်ဆောက်မှုများကြောင့် ဖြစ်ကြောင်း၊ ကန်ထရိုက်တိုက် ဆောက်လုပ်မည့် မြေပိုင်ရှင်များ အနေနှင့် စိတ်ချရသော ကန်ထရိုက်တိုက်များ ဖြစ်ပေါ်စေရန် အဆောက်အအုံ မတည်ဆောက်ခင် မြို့နယ်စည်ပင်ယာယာ အုပ်ချုပ်မှူးရုံးများတွင် လာရောက် ဆွေးနွေးတိုင်ပင်ပြီး အဆောက်အအုံနှင့် ပတ်သက်သော သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့တော်တွင် ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ထားသော အဆောက်အအုံများမှာ မြောက်ပိုင်းခရိုင်တွင် ၈၃၇ လုံး၊ အရှေ့ပိုင်းခရိုင်တွင် ၈၂၂ လုံး၊ အနောက်ပိုင်းခရိုင်တွင် ၆၉ လုံး၊ တောင်ပိုင်းခရိုင်တွင် ၁၅၈ လုံး စုစုပေါင်း ၁၈၈၆ လုံးကို တရားစွဲဆိုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“ကန်ထရိုက်သမားတွေက ဥပဒေကို လိုက်နာသင့်တယ်။ ကိုယ်က အိမ်ရှင်ဖြစ်ပေမယ့် လုပ်နည်းကိုင်နည်းတွေ မသိတော့ သူတို့ကိုပဲ ယုံမိတာလေ။ ခုတိုက်က ပထမထပ် ကြမ်းခင်းတင် လှုပ်နေတာ။ ခွင့်ပြုချက်မရှိဘဲ ဆောက်တဲ့ ကန်ထရိုက်ကြောင့် အိမ်ရှင်က တရားစွဲခံရပြီ။ စိတ်မချရတဲ့ တိုက်မို့လို့ ဖြိုစေချင်တယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် ဆ/က ရပ်ကွက်မှ စည်ပင်၏ တရားစွဲဆိုမှု ခံရသော အသက် ၆၀ အရွယ် အိမ်ရှင်အမျိုးသမီးကြီးက ပြောကြားသည်။
လက်တလောတွင် ဌာန၏ ညွှန်ကြားချက်ဖြင့် လိုက်လံဖြိုချသော အဆောက်အအုံ ရှစ်လုံးခန့် ရှိကြောင်း၊ ကော်မတီ၏ ညွှန်ကြားချက်ရမှာသာ ဆောင်ရွက်ရခြင်း ဖြစ်သောကြောင့် လစဉ် ဖျက်သိမ်းမည့် အဆောက်အအုံ အရေအတွက်ကို မသိရှိနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) က ထုတ်ပြန်ထားသည်။
ယခုနှစ်အတွင်း ကောက်ယူထားသောာ စာရင်းများအရ ခွင့်ပြုချက်မဲ့ အဆောက်အအုံ ဆောက်လုပ်မှု အများဆုံးမြို့နယ်မှာ သင်္ဃန်းကျွန်းမြို့နယ် ဖြစ်ပြီး ၆၄၈ လုံး ရှိကာ ဒုတိယအများဆုံး ရှိသော လှိုင်မြို့နယ်တွင် ၃၇၇ လုံးအထိ ရှိကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
The Voice Weekly

No comments:

Post a Comment