Friday, September 5, 2014

ဘော့စ်နီးယားတွင် ငလျင်လှုပ်ပြီး မိုင်းတွင်းပြိုမှုကြောင့် မိုင်းလုပ်သား (၃၄)ဦး ပိတ်မိနေ



ဘော့စ်နီးယား နိုင်ငံတွင် ငလျင်တစ်ခု လှုပ်ခတ်သွားပြီးနောက် မိုင်းတွင်းပြိုကျရာမှ မိုင်းလုပ်သား (၃၄)ဦး ပိတ်မိနေကြောင်း သတင်းရရှိသည်။
စက်တင်ဘာ (၅)ရက်က လှုပ်ခတ်သော ငလျင်ကြောင့် ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု ပေါက်ကွဲမှု ဖြစ်ပွားပြီး မိုင်းတွင်းနံရံများ ပြိုကျရာမှ ဥမင်ကို နှစ်ပိုင်းခွဲခြား ပိတ်ဆို့သည့်နှယ် ဖြစ်သွားခဲ့သည်။ ထိုအခြေအနေတွင် မိုင်းတွင်းထဲ၌ လူ(၃၄)ဦး ကျန်ရှိနေခဲ့ကြောင်း ဒေသခံ မီဒီယာများက ဆိုသည်။
“ငလျင်လှုပ်ချိန် မိုင်းတွင်းထဲမှာ အလုပ်သမား (၅၆)ယောက် ရှိနေခဲ့တယ်။ (၂၂)ယောက်ကတော့ မြေပြင်ပေါ်ကို ချောချောမောမော ပြန်ရောက်လာပါပြီ။ အထဲမှာ (၃၄)ယောက် ကျန်နေသေးတယ်”ဟု ဇီနီကာရှိ Raspotocje မိုင်းတွင်းလုပ်ငန်း မန်နေဂျာ အီဆက်ဒ်ဆီဗစ်က ပြောကြားခဲ့သည်။ ၎င်းက “အတွင်းထဲမှာ ရှိနေတဲ့ မိုင်းတွင်းလုပ်သားတွေနဲ့ ကျွန်တော်တို့ အဆက်အသွယ် ရပါတယ်။ အခြေအနေ ကောင်းကြတယ်။ ကယ်ဆယ်ရေးတွေ ရောက်သွားမယ့် အချိန်ထိ လုံလောက်တဲ့ လေကောင်းလေသန့် ပမာဏ ရှိနိုင်ပါလိမ့်မယ်”ဟုလည်း မှတ်ချက်ပြုခဲ့သည်။

ငလျင်ကြောင့် ဓာတ်ငွေ့ပိုက်များ ပေါက်ကွဲရာ မိုင်းတွင်း၏ အတွင်းပိုင်းမှ ဥမင်နှစ်ခု ပြိုကျပျက်စီးသွားကြောင်း ဆီဗစ်က ဆိုသည်။ ပိတ်မိနေသူများအနက် ပေါက်ကွဲမှုကြောင့် တစ်စုံတစ်ဦးမျှ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်းလည်း သိရသည်။ မြေပေါ်သို့ လွတ်မြောက်လာသူများအနက် နှစ်ဦးကိုမူ ဆေးရုံသို့ တင်ပို့ခဲ့ရသည်။ ၎င်းတို့သည် မြေအောက် မီတာ(၆၀၀)မျှ နေရာတွင် ရှိနေကြောင်းလည်း မိုင်းလုပ်သားသမဂ္ဂ ခေါင်းဆောင် မာမက်အိုရက်က ပြောကြားခဲ့သည်။

ပြင်းအား ရစ်ခ်ျတာစကေး (၃.၅) အဆင့်ရှိ ငလျင်တစ်ခုသည် ဆာယာဂျေဗို မြို့တော် အနောက်မြောက်ဘက် (၅၃) ကီလိုမီတာ အကွာကို ဦးတည်လှုပ်ခတ်ခဲ့ပြီး ယခုကဲ့သို့ မိုင်းတွင်းပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဟုသိရှိရသည်။

_Ref: Channelnewsasia
7Day News Journal

No comments:

Post a Comment