Sunday, September 14, 2014

ရည်းစားစကား ပြောရာမှ အလယ်တန်းကျောင်းသူကို ရေနှစ်သတ်

ချစ်သူ၊ သမီးရည်းစားများကြားတွင် လူသတ်သည်အထိ အမှုအခင်းများ လတ်တလော ဖြစ် ပွားနေရာ တောင်ငူတက္ကသိုလ် ကျောင်းဝင်းတွင် နေထိုင်သည့် အသက် ၁၅ နှစ်အရွယ် အလယ်တန်းကျောင်းသူကို အမျိုးသားတစ်ဦးက ရည်းစားစကား ပြောဆိုရာ လက်မခံသောကြောင့် စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီခန့်တွင် လဲဘူးကျေးရွာကုန်း တံတားအောက် ရေမြောင်း အတွင်း ရေနှစ်သတ်ခဲ့ကြောင်း လဲဘူးကျေးရွာ ဒေသခံများက The Voice သို့ ပြောကြားသည်။
“သတ်တဲ့လူကို အဲဒီနေရာအနီးမှာပဲ တစ်ခါတည်း ဖမ်းမိတယ်။ ရည်းစားစကား လိုက်ပြော တာကို ကောင်မလေးက ပါးရိုက်ပြီး ဆဲဆိုနေတဲ့အတွက် သတ်မိတာလို့ သိရတယ်” ဟု ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။
သေဆုံးသူမှာ တောင်ငူတက္ကသိုလ်တွင် ဥယျာဉ်မှူးတာဝန် ထမ်းဆောင်နေသည့် ဦးနုသိန်း၏ သမီးဖြစ်ပြီး
အသက် ၁၅ နှစ်အရွယ်ရှိ အဋ္ဌမတန်းကျောင်းသူ မမြယုမွန် ဖြစ်ကြောင်း၊ ကျူရှင်မှ တက္ကသိုလ်ကျောင်းဝင်းသို့ ပြန်လာစဉ် တောင်ငူမြို့ အမှတ် (၃) ရပ်ကွက် ၅ လမ်းတွင် နေထိုင်သည့် အသက် ၂၄ နှစ် အရွယ်ရှိ နိုင်လင်းထွန်း ဆိုသူက ရည်းစားစကား ပြောဆိုရာ လက် မခံသောကြောင့် တောင်ငူမြို့ လဲဘူးကျေးရွာ ကုန်းတံတားအောက် ရေမြောင်းတွင် ရေနစ်သတ် ခဲ့ခြင်း ဖြစ်ကြောင်း ယင်းမြို့နယ် အမှတ် (၂) ရဲစခန်းမှ ရဲအုပ်တစ်ဦးက အတည်ပြု ပြောကြားသည်။
“ဦးသမီး ရေနစ်သတ်ခံရတယ်လို့ လာပြောတဲ့အတွက် သွားကြည့်တော့ လူနာတင်ကားပေါ် တင်နေတာ တွေ့ရတာပဲ” ဟု သေသူ၏ဖခင် ဦးနုသိန်းက ပြောကြားသည်။
ကိုနိုင်လင်းထွန်းမှာ အဆိုပါ အလယ်တန်းကျောင်းသူကို ရည်းစားစကား လိုက်ပြောနေသည်မှာ တစ်ပတ်ကျော် ကြာပြီ ဖြစ်သည့်အတွက် ယင်းကျောင်းသူ၏ အစ်ကိုဖြစ်သူက ကျူရှင်ကြိုပို့ကို လုပ်ဆောင်ပေးနေရပြီး အစ်ကိုဖြစ်သူမှာ အကြောင်းတစ်စုံတစ်ခုကြောင့် ကျူရှင် လာမကြိုဖြစ်သည့်နေ့တွင် ယင်းအမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အထက (၂) တောင်ငူမှ ဆရာမတစ်ဦးက ပြောဆိုသည်။
အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ တောင်ငူမြို့ အမှတ် (၃) ရပ်ကွက်တွင် နေထိုင်သည့် ဦးနိုင်လင်းထွန်းကို (ပ) ၃၂၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ (လူသတ်မှု) အရ အမှုဖွင့်ထားပြီး စစ်ဆေးလျက်ရှိကြောင်း တောင်ငူမြို့ အမှတ် (၂) ရဲစခန်း တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment