Sunday, September 14, 2014

အီရန်တွင် ဘောလီဘောပြိုင်ပွဲ သွားကြည့်မိသည့် အမျိုးသမီး ဖမ်းဆီးခံရ

အီရန်နိုင်ငံတွင် အီရန်အသင်းနှင့် အီတလီ အသင်းတို့ ယှဉ်ပြိုင် ကစားကြသည့် အမျိုးသား ဘောလီဘော ပြိုင်ပွဲကို သွားရောက် ကြည့်ရှုပြီးနောက် ဖမ်းဆီးခံ ခဲ့ရသည့် အမျိုးသမီး တစ်ဦး၏ မိဘများက သမီးဖြစ်သူ ကို လွှတ်ပေးရန် အယူခံ ၀င်လိုက်ကြောင်း သိရသည်။
ဂွန်ချီဂါဗာမီအမည်ရှိ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးသည် အီရန်နှင့် ဗြိတိန် သွေးနှောသူတစ်ဦးဖြစ်ပြီး ဇွန်လအတွင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

သူမအား တီဟီရန်မြို့တော်ရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော အီဗင်အကျဉ်းထောင်တွင် သီးသန့်ဖမ်းဆီးထားခြင်းဖြစ်သည်။

လက်ရှိအချိန်အထိ သူမအား မည်သည့်ပြစ်မှုဖြင့်ဖမ်းဆီးထားသည်ကို ရှင်းလင်းစွာ မသိရှိရသေးကြောင်း သူမ၏ မိသားစုဝင်များက ဆိုသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဗြိတိန်တစ်ဦး ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်သည့် အစီရင်ခံစာများကို စောင့်ကြည့်နေပါကြောင်းနှင့် အမှုနှင့်ပတ်သက်၍လည်း စုံစမ်းလျက်ရှိပါကြောင်း ထုတ်ပြန်ထားသည်။

ဘောလီဘောပွဲသို့ အမျိုးသမီးများ သွားရောက်ကြည့်ရှုမှုအပေါ် တားမြစ်ခြင်းနှင့်ပတ်သက်၍ ထိုစဉ်က ကန့်ကွက်ဆန္ဒပြမှုများပေါ်ပေါက်ခဲ့သည်။

အီရန်တွင် အမျိုးသမီးများ ဘောလုံးပွဲသွားရောက်ကြည့်ရှုခွင့်ကို ၁၉၇၉ ခုနှစ်မှ စတင်၍ ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး ဘောလီဘောပွဲသို့ သွားရောက်ကြည့်ရှုခွင့် ပိတ်ပင်ခြင်းကိုမူ ၂၀၁၂ ခုနှစ်အရောက်တွင် စတင်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

Ref:BBC

စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment