Wednesday, September 17, 2014

ရခိုင် ပင်လယ်ပြင် လုံခြုံရေးအားနည်းမှု လွှတ်တော်အမတ်အချို့ ဝေဖန်

Rakhine-Quaysi
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရေကြောင်းလုံခြုံရေးယူနေသည့် စစ်သင်္ဘောတစ်စင်းအား ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည်ကို ၂၀၁၃ ခုနှစ်၊ မေလ ၈ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ကြယ်ပြာ၊ မဇ္ဈိမ)
ရန်ကုန် (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသများ၏ ပင်လယ်ထွက်ပေါက် လုံခြုံရေးများနှင့် ပတ်သက်ပြီး အစိုးရ၏ လုံခြုံရေးအားနည်းမှုကို မြို့နယ်အသီးသီးရှိ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အချို့က ဝေဖန်လိုက်သည်။


ရခိုင်ကမ်းရိုးတန်းဒေသတွင် မိုးရာသီ ကုန်ဆုံးပြီး ပွင့်လင်းရာသီရောက်သည်နှင့် ပင်လယ်ရေထွက်ပေါက် များမှ ကုန်စည်နှင့် လူအဝင်အထွက်များ ရှိလာသော်လည်း ပြည်နယ်အစိုးရက လုံခြုံရေးကို ထိန်းချုပ်နိုင်ခြင်း မရှိဟု ကျောက်တော်မြို့နယ် ကိုယ်စားလှယ် ဦးစောငြိမ်းက ပြောသည်။
ဦးစောငြိမ်းက “လွှတ်တော်ထဲမှာ လည်းတင်ပြတယ်။ အပြင်ကဆွေးနွေးပွဲ တွေမှာလည်း ပြော တယ်။ ရေကြောင်း လုံခြုံရေးကို ခုထိ ဘာမှလက်တွေ့လုပ် နိုင်တာ မရှိသေးဘူး” ဟု ပြောသည်။
ရခိုင်ပြည်နယ် မြို့နယ်များမှ စက်လှေများဖြင့် ထွက်ခွာလာသော ဘင်္ဂါလီများကို မကြာခဏ ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိပြီး သြဂုတ်လနှင့် စက်တင်ဘာလများက စက်လှေများဖြင့် ထွက်ပြေးသဖြင့် ပြည်နယ်အစိုးရက ဖမ်းဆီးရမိသူ ၁၀၀ ကျော် ရှိပြီဖြစ်သည်။
မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း က “အဓိက ဝင်ပေါက် ထွက်ပေါက်ဖြစ်တဲ့ ရေထွက် ပေါက်တွေကို မထိန်းသိမ်းနိုင်ခဲ့လို့ အခုရခိုင်မှာ ဖြေရှင်း မရတဲ့ ပြဿနာတွေဖြစ် နေတာပါ။ ဒီလိုဆက်ထားရင် ရခိုင်လို ပြဿနာမျိုး တစ်နိုင်ငံလုံးမှာ ဖြစ်လာ လိမ့်မယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ် အစိုးရကမူ ရခိုင်ပြည်နယ် ရေကြောင်းလုံခြုံရေးအတွက် ခေတ်မီကင်းလှည့်ရေယာဉ်များကို တပ်ဆင်ပေးပြီး ရေကြောင်းရဲတပ်ဖွဲ့များကိုလည်း ဖွဲ့စည်းပေးမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြည်နယ်လွှတ်တော်တွင် သြဂုတ်လ အတွင်းက ပြောကြားထားသည်။
ရေကြောင်းလုံခြုံရေး အားနည်းနေသည်ဟု ဝေဖန်မှုများနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန် ကြား ရေးတာဝန်ခံ ဦးဝင်းမြိုင် က “ရေကြောင်း တပ်ဖွဲ့တွေနဲ့ လုံခြုံရေးချထားပါတယ်။ လုံခြုံရေးရှိလို့ ထွက်ပြေးတာတွေ ဖမ်းမိတာပေါ့” ဟု တုံ့ပြန်ပြောဆိုသည်။
စက်တင်ဘာ ၁၅ ရက်က ဒုက္ခသည် စခန်းများကို လုံခြုံရေးဝန်ကြီးကိုယ်တိုင် သွားရောက်ပြီး ဒုက္ခသည် စခန်းရှိ သတ်မှတ်နေရာတွင်သာနေရန်၊ ရေကြောင်းသွားလာမှုများ မပြုလုပ်ရန် စည်းကမ်းသတ်မှတ် ထားသည်ဟု ဆိုသည်။
စစ်တွေ ဒုက္ခသည်စခန်းမှ ခေါင်းဆောင် ဦးအောင်ဝင်းက “ဒုက္ခသည် စခန်းမှာနေတယ်ဆိုပေမယ့် ပင်လယ်ထွက်ပြီး ငါးရှာတာတို့၊ ဘာတို့လုပ်ရတယ် စခန်းထဲမှာ ပိတ်ပင်ထားတာမျိုးတော့ မဖြစ်နိုင်ဘူး” ဟု ဆိုသည်။
သြဂုတ်လအတွင်းက ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဒုက္ခသည်စခန်းများမှ ထွက်ပြေးလာသော ဘင်္ဂါလီဒုက်္ခ သည် ၁၀၀ ကျော်နှင့် ကျောက်ဖြူမှ ထွက်ပြေးလာသော ဘင်္ဂါလီဒုက္ခသည် ၂၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ စက်တင်ဘာလ အတွင်းက စစ်တွေမြို့နယ်အတွင်းသို့ မှန်စီချောင်းမှတစ်ဆင့် ဝင်ရောက်လာသော ဘင်္ဂါလီများကိုဖမ်းဆီးခဲ့ရာ ထွက်ပြေးသဖြင့် သုံးဦးမှာ ရေနစ်သေဆုံးခဲ့ပြီး ရှစ်ဦးဖမ်းမိခဲ့သည်။
စက်တင်ဘာလ အတွင်းကလည်း မင်းပြား၌ ခရီးသွား လှေတစ်စင်းနစ်မြုပ်ပြီး ဘင်္ဂါလီ ၁၁ ဦး သေဆုံး ခဲ့ သေးသည်။

Mizzima

No comments:

Post a Comment