Tuesday, September 2, 2014

IS အဖွဲ့ကို တိုက်ခိုက်နေသည့် အီရတ်တပ်ဖွဲ့များ၏ စစ်ဆင်ရေးများ ဆက်လက်အောင်မြင်နေ

Photo: IS အဖွဲ့ကို တိုက်ခိုက်နေသည့် အီရတ်တပ်ဖွဲ့များ၏ စစ်ဆင်ရေးများ ဆက်လက်အောင်မြင်နေ
Tuesday, Setember 2, 2014

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့များကို တိုက်စစ်ဆင်နေသည့် အီရတ်စစ်တပ်နှင့် ကာဒစ်ရှ် တိုက်ခိုက်ရေး သမားများသည် စစ်ဆင်ရေး အောင်မြင်ပြီး ရှေ့တိုး ချီတက်နေကြောင်း သိရှိရသည်။

စက်တင်ဘာ (၁)ရက် ညပိုင်းတွင် အီရတ်တပ်ဖွဲ့များသည် IS တို့ (၂)လကျော်ကြာ ဝန်းရံပိတ်ဆို့ထားသည့် အေမာလီမြို့ထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။ အစောပိုင်းက အီရတ်တပ်များသည် IS တို့ ချန်ထားသည့် မိုင်းထောင်ချောက်များကို ရှင်းလင်းနေရသဖြင့် မြို့ထဲထိ ချီတက်နိုင်ရန် ခက်ခဲနေခဲ့သည်။

အီရတ်နှင့် ကာဒစ်ရှ် ပူးပေါင်းတပ်ဖွဲ့များသည် နိုင်ငံမြောက်ပိုင်းရှိ အေမာလီထိ ချီတက်နိုင်ခဲ့သလို ဆူလီမန်ဘက်ဂ်ရှိ IS တို့၏ အခြေစိုက်စခန်းနေရာ တစ်ခုကိုပါ သိမ်းဆည်းလိုက်နိုင်ကြောင်း သိရသည်။ IS တို့သည် အီရတ်မြောက်ပိုင်းနှင့် ဆီးရီးယားရှိ နယ်မြေအများအပြားကို သိမ်းပိုက်ကာ နိုင်ငံတကာက အသိအမှတ် မပြုသည့် အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် ထူထောင်ထားခြင်း ဖြစ်သည်။

ထိုအတောအတွင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က IS တို့သည် ၎င်းတို့နှင့် အယူဝါဒ မတူညီသူများကို ရှင်းလင်းသုတ်သင်မှုများ ဆက်လက် လုပ်ဆောင်နေသည့် အထောက်အထားများ ရရှိထားသည်ဟု ကြေညာခဲ့သည်။ အီရတ်မြောက်ပိုင်းတွင် IS အဖွဲ့များသည် ဆိုးရွားသော သတ်ဖြတ်မှုများ ကျူးလွန်နေကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဆိုသည်။

“IS အဖွဲ့ဟာ ရက်ရက်စက်စက် ရာဇဝတ်မှုတွေ ကျူးလွန်နေပါတယ်။ မြောက်ပိုင်းက ဝေးလံသီခေါင်တဲ့ ဒေသတွေဟာ အခုဆိုရင် သွေးလွှမ်းတဲ့ လူသတ်နယ်မြေတွေ ဖြစ်နေပါပြီ။ IS တွေက အာရပ်မဟုတ်သူတွေ၊ ဆွန်နီမွတ်ဆလင် မဟုတ်သူတွေကို လိုက်ပြီး ဖမ်းဆီး သတ်ဖြတ်နေပါတယ်”ဟု ယင်းအဖွဲ့မှ ဒိုနာတယ်လာ ရိုဗာရာက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် လပိုင်းများအတွင်း IS စစ်သွေးကြွတို့ အားကောင်းလာပြီးနောက် အီရတ်တွင် အကြမ်းဖက် သတ်ဖြတ်မှုများ သိသိသာသာ မြင့်တက်လာသည်။ ISIS မှ အမည်ပြောင်းလာသည့် အဆိုပါ အစွန်းရောက် တပ်ဖွဲ့များသည် လက်ရှိအချိန်တွင် အီရတ်မြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသ နယ်မြေ အများအပြားကို ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်ပြီး အမေရိကန်၏ လေကြောင်းပစ်ကူ ပေးမှုနှင့်အတူ အီရတ်စစ်တပ်က ၎င်းတို့ကို တွန်းလှန် တိုက်ခိုက်နေရသည်။

_Ref: BBC

No comments:

Post a Comment