Friday, September 5, 2014

ယူကရိန်းကို စစ်ရေးအသုံးစရိတ် ထောက်ပံ့ကူညီရန် NATO ခေါင်းဆောင်များ သဘောတူ



ဝေလတွင် ပြုလုပ်သည့် NATO မဟာမိတ်အဖွဲ့ ညီလာခံ၌ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များက ရုရှားကို ရှုတ်ချပြီး ယူကရိန်းကို ထောက်ပံ့ပေးသွားရန် စုပေါင်း ဆုံးဖြတ်ခဲ့ကြသည်။
ဝေလရှိ နယူးပို့တ်တွင် ကျင်းပသော ညီလာခံ၌ အနောက်အုပ်စု ထိပ်သီးနိုင်ငံများ၏ ခေါင်းဆောင်များ စုပေါင်းခဲ့ကြပြီး ရုရှားသည် ယူကရိန်းတွင် ငြိမ်းချမ်းရေး အမှန်တကယ် ရရှိမည့် ခြေလှမ်းများကို ပျက်ကွက်ခဲ့ကြောင်း သဘောတူခဲ့သည်။ စက်တင်ဘာ(၄)ရက် ညီလာခံ ဆုံးဖြတ်ချက်အရ ရုရှားလိုလားသော သူပုန်တပ်များကို တိုက်ခိုက်နေသည့် ယူကရိန်းသမ္မတ ပက်ထရို ပိုရိုရှန်ကို၏ အစိုးရကိုလည်း NATO က ဘဏ္ဍာရေးအရ ထောက်ပံ့ ကူညီသွားမည် ဖြစ်သည်။
NATO နိုင်ငံများက ယူကရိန်းကို စစ်အသုံးစရိတ် ကူညီ ထောက်ပံ့မည့်အပြင် ဒဏ်ရာရထားသည့် ယူကရိန်း စစ်သည်များကိုပါ စောင့်ရှောက် ကုသပေးသွားမည်ဟု သိရှိရသည်။ ရုရှားက ယူကရိန်းပိုင် ခရိုင်းမီးယား ဒေသကို သိမ်းသွင်းရာမှ အစပြုပြီး ယူကရိန်း အရှေ့ပိုင်းတွင် ရုရှားလိုလားသည့် သူပုန်များ အုံကြွ လှုပ်ရှားလာသည့် ပဋိပက္ခသည် (၅)လမျှ ကြာမြင့်လာခဲ့ပြီး လူပေါင်း (၂၆၀၀)ကျော် သေဆုံးခဲ့သည်။

အမေရိကန်နှင့် အနောက်ဥရောပ နိုင်ငံများက ရုရှားအပေါ် နောက်ထပ် စီးပွားရေး ပိတ်ဆို့မှု အသစ်များ သတ်မှတ်ရန်လည်း ဆွေးနွေးခဲ့ကြသည်။ သို့သော်လည်း ရုရှားနှင့် ယူကရိန်းတို့ကြား အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုများကြောင့် အဆိုပါ အစီအစဉ်ကို ဆိုင်းငံ့ထားသည်။ စက်တင်ဘာ(၅)ရက်တွင် ဆက်လက် ဆွေးနွေးမည့် အစီအစဉ်၌ NATO ခေါင်းဆောင်များသည် ယူကရိန်း၏ စစ်ရေး အကူအညီ တောင်းခံမှုများကို ပိုမို လိုက်လျောဖွယ် ရှိနေသည်။

“ရုရှားဟာ ငြိမ်းချမ်းရေးအကြောင်း တောက်လျှောက် ပြောဆိုနေပြီး သိသာထင်ရှားတဲ့ ခြေလှမ်းလေး တစ်ခုတောင် မလှမ်းခဲ့ပါဘူး”ဟု NATO အကြီးအကဲ အန်ဒါစ်ဖော့၈် ရက်စ်မက်ဆန်က ပြောကြားခဲ့သည်။ ၎င်းက “ယူကရိန်း အရေးအခင်းမှာ အခြေအနေတွေကို နက်ရှိုင်းခက်ခဲလာအောင်ပဲ ရုရှားက လုပ်ဆောင်ခဲ့တယ်”ဟုလည်း စွပ်စွဲခဲ့သည်။

ယူကရိန်း သမ္မတ ပိုရိုရှန်ကိုသည် အမေရိကန် သမ္မတ ဘာရတ်အိုဘားမား၊ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ ပြင်သစ် သမ္မတ ဖရန်ကွိုက်စ် ဟော်လန်ဒေး၊ ဂျာမနီ အဓိပတိ အန်ဂျလာ မာကယ်လ်တို့နှင့်လည်း သီးခြားတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

_Ref: Channelnewsasia
7Day News Journal

No comments:

Post a Comment