Monday, October 20, 2014

ဂျာနယ်လစ်များအား တရားစွဲထောင်ချနေခြင်းကို ရှုံ့ချကြောင်းနှင့် Bi မွန်းတည့်နေဂျာနယ်မှ သတင်းသမားများကို ပြန်လွတ်ပေးရန် CPJ သတင်းထုတ်ပြန်

Bi မွန်းတည့်နေဂျာနယ်မှ ထုတ်ဝေသူဦးကျော်မင်းခိုင်နှင့် တာဝန်ခံအယ်ဒီတာ ကိုနိုင်စိုင်းအောင် အပါအဝင် စုစုပေါင်းငါးဦးအား တရားရုံးက နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ) ဖြင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ ပြင်းထန်သည့်စီရင်ချက် ချခဲ့သည့်အပေါ် CPJ (Committee to Protect Journalists) မှ ပြင်းထန်စွာရှုံချလိုက်ကြောင်းနှင့် အဆိုပါ ဖမ်းဆီးထောင်ချခံ သတင်းသမားများ ပြန်လည်လွတ်မြောက်ရေးအတွက်လည်း တောင်းဆိုလိုက်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

ယခုကဲ့သို့ တရားစွဲဆို ထောင်ချလိုက်ခြင်းမှာ ဇူလိုင် ၇ ရက်ပါ Bi မွန်းတည့်နေဂျာနယ်၏ မျက်နှာဖုံးတွင် ဖော်ပြခဲ့သည့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတို့၏ ဖော်ပြချက်ဖြစ်သည့် “ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီ အင်အားစုများအား ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MDCF ကထုတ်ပြန်” ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး အရေးယူခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါသတင်းကြောင့် ရဲသတင်းတပ်ဖွဲ့၏ ၁၉၅ဝ ခုနှစ် အရေးပေါ်စီမံချက် ဥပဒေ ၅(ဃ/ည) ဖြင့် အမှုဖွင့် တရားစွဲခံရခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဩဂုတ် ၄ ရက်တွင်မူ ပန်းပဲတန်းတရားရုံးက ယင်းဥပဒေပုဒ်မအစား နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ပြောင်းလဲစစ်ဆေးခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

“အခုလို နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ရှေ့မှောက်မှာပဲ မြန်မာနိုင်ငံက ဂျာနယ်လစ်တွေကို ဖမ်းဆီးထောင်ချနေတာက သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အတုအယောင် လုပ်ငန်းစဉ်တွေသာဖြစ်ကြောင်း သက်သေပြနေခြင်းပါပဲ” ဟု CPJ (Committee to Protect Journalists) ၏ အရှေ့တောင်အာရှဆိုင်ရာ ကိုယ်စားလှယ် Shawn Crispin က ပြောကြားလိုက်ကြောင်းနှင့် ၎င်းတို့အနေဖြင့် အဆိုပါသတင်းသမားများ ပြန်လည်လွတ်မြောက်လာရေးအတွက် တောင်းဆိုလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

CPJ (Committee to Protect Journalists) ၏ မှတ်တမ်းရ ၂ဝ၁၂ ခုနှစ် လက်ရှိအစိုးရ၏ ပြုပြင်ပြောင်းလဲရေး ကာလအတွင်း ထောင်ကျနေသည့် သတင်းသမား ၁၂ ဦးအား ပြန်လည်လွတ်ပေးခဲ့သကဲ့သို့ စာပေစိစစ်ရေးကို ဖြုတ်ပေးခဲ့ကြောင်း၊ သို့သော် လက်ရှိအချိန်တွင် အစိုးရသည် ယခင်ကလုပ်ဆောင်ခဲ့သည့် ဖိနှိပ်ရေးလုပ်ငန်းစဉ်များအား မီဒီယာသမားများအပေါ်တွင် ပြန်လည်လုပ်ဆောင်လာကြောင်းလည်း ဖော်ပြပါရှိသည်။

ထို့ကြောင့် Unity ဂျာနယ်မှ စီအီးအိုဦးတင့်ဆန်း အပါအဝင် မီဒီယာသမား ငါးဦးကိုလည်း ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခဲ့ကြောင်း၊ အယူခံဝင်လိုက်သည့်အတွက် ထောင်ဒဏ်သုံးနှစ် လျော့ပေါ့ပေးခဲ့ခါ ခုနစ်ကြခံနေရကြောင်း၊ အလားတူ DVB ရုပ်သံသတင်းဌာနမှ သတင်းထောက် ဦးဇော်ဖေကိုလည်း ၂ဝ၁၄ ခုနစ် ဧပြီလတွင် မကွေးတရားရုံးက ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ကြောင်း၊ အယူခံဝင်သည့်အတွက် ထောင်ဒဏ်သုံးလ ကျခံရကြောင်းနှင့် ယင်းကဲ့သို့ သတင်းသမားများကို ဖမ်းဆီးထောင်ချနေမှုအား ရှုံ့ချလိုက်ကြောင်းနှင့် ပြန်လည်လွတ်မြောက်ရေးအတွက် တောင်းဆိုလိုက်ကြောင်း ဖော်ပြလိုက်သည်

Eleven Media Group

No comments:

Post a Comment