Monday, October 20, 2014

AFC စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၏ ပြစ်ဒဏ်ချမှတ်မှု ကို ခံယူရတော့မည့် မြန်မာ

မြန်မာနိုင်ငံမှ အိမ်ရှင်ဖြစ် လက်ခံကျင်းပလျက် ရှိသော AFC U19 Championship Myanmar 2014 ဘောလုံးပြိုင်ပွဲတွင် ပရိသတ်အချို့၏ မလိုလားအပ်သော အပြုအမူ များကြောင့် အာရှဘောလုံး အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် ဒဏ်ကြေးငွေ ဒေါ်လာ ၂၄၀၀၀ နှင့် ၂ နှစ်အတွင်း အိမ်ရှင်အဖြစ် ကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲ များမှ ပွဲစဉ်(၁)ပွဲအား ပရိသတ်မပါဘဲ ကစားစေရန် အောက်တိုဘာ ၁၉ ရက်နေ့က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အား ပြစ်ဒဏ်ချမှတ် အရေးယူခဲ့ကြောင်း MFF မှထုတ်ပြန်အတည်ပြုပြောကြားခဲ့သည်။ 

အဆိုပါ ပြိုင်ပွဲအား နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် အောက်တိုဘာ ၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပလျက် ရှိပြီး ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်းတွင် အောက်တိုဘာ ၁၃ ရက်နေ့ အီရန်နှင့် ကစားခဲ့သည့် အုပ်စု နောက်ဆုံးပွဲစဉ်တွင် ပရိသတ် အချို့က ပွဲကြည့် ထိုင်ခုံများအား ရိုက်ချိုးဖျက်ဆီး၍ ကွင်းအတွင်းသို့ ပစ်ပေါက်ခြင်း သတ်မှတ်နေရာများတွင် အားပေးမှု မရှိခြင်း စသည့် အပြုအမူများ ပြုလုပ်ခဲ့ကြပြီး အောက်တိုဘာ ၁၇ ရက်နေ့ ယူအေအီး အသင်းနှင့် ကစားခဲ့သည့် ကွာတားဖိုင်နယ် ပွဲစဉ်အနိုင်ရရှိခဲ့ပြီး မြန်မာ့ဘောလုံးသမိုင်းတွင် ပထမဆုံး ကမ္ဘာ့ဖလား (ယူ၂၀) ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့သည့် အတွက် ပရိသတ်အချို့ ကွင်းအတွင်း မြက်ခင်းပြင်ပေါ်သို့ ၀င်ရောက်၍ အောင်ပွဲခံခဲ့ကြပါသည်။ အဆိုပါ ပွဲစဉ်တွင် ကွင်းအတွင်း ၀င်ရောက်ခဲ့သည့် အချို့သော ပရိသတ်များ အနေဖြင့် ပြိုင်ဘက်အသင်းအား မလိုလားအပ်သော နောက်ပြောင်မှု ပြုလုပ်ခြင်း၊ ကွင်းအတွင်းရှိ အားကစားဆိုင်ရာ ပစ္စည်းအချို့ ပျက်စီးခဲ့ခြင်း တို့ကြောင့် အာရှ ဘောလုံး အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်း အရ အထက်ပါအတိုင်း ပြစ်ဒဏ်များ ချမှတ် အရေးယူ ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

မနက်ဖြန်အောက်တိုဘာလ (၂၀) ရက်နေ့ ညနေ (၇) နာရီတွင် မြန်မာ အသင်းသည် ဆီးမီးဖိုင်နယ်ပွဲစဉ် အဖြစ် ကာတာအသင်းနဲ့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အနိုင်ရရှိပါက နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်နိုင်မည်လည်းဖြစ်သည်။ စည်းကမ်းရှိရှိနဲ့ မြန်မာအသင်း မည်သည့် ရလဒ်ဘဲ ရရ အားပေးကြည့်ရှု့ ကြပါစို့... ကာတာလိုအသင်းမျိုးကို ထပ်မံပြီး စိတ်ဓာတ်ရှိရှိနဲ့ကျော်ဖြတ်နိုင်ပါစေ မြန်မာ...။။။

Football Café

No comments:

Post a Comment