Saturday, October 25, 2014

အမေရိကန် အထက်တန်းကျောင်းတွင် ကျောင်းသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ၁ ဦးသေဆုံး

Photo: အမေရိကန် အထက်တန်းကျောင်းတွင် ကျောင်းသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ၁ ဦးသေဆုံး
Saturday, October 25, 2014

အမေရိကန် နိုင်ငံ ၀ါရှင်တန် ပြည်နယ် မယ်ရီစ်ဗီးလ် အထက်တန်း ကျောင်း တွင် အောက်တိုဘာ ၂၄ ရက်က အသက် ၁၅ နှစ်အရွယ် ကျောင်း သား တစ်ဦး၏ ပစ်ခတ်မှုကြောင့် ကျောင်းသူတစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး အခြား ကျောင်းသား ကျောင်းသူ လေးဦးမှာလည်း ဆေးရုံသို့ တင်ပို့ ထားရကြောင်း သိရသည်။

ကျောင်းကန်တင်း အတွင်း သေနတ်ဖြင့် ပစ်ခဲ့သူ ဂျေလန် (၀ဲ)၊ ထိတ်လန့်နေကြသည့် ကျောင်းသူများနှင့် မိဘများ (ယာ၊ ပေါ်) နှင့် အခင်း ဖြစ်ပွားခဲ့သည့် မယ်ရီစ်ဗီးလ် အထက်တန်းကျောင်း (ယာ၊ အောက်)။ ဓာတ်ပုံ - Mirror

ယင်းဖြစ်ရပ်မှာ ၀ါရှင်တန် ပြည်နယ် မြို့တော် ဆီယက်တဲလ်၏ မြောက်ဘက် မိုင် ၃၀ အကွာခန့်တွင် တည်ရှိသည့် မယ်ရီစ်ဗီးလ် အထက် တန်း ကျောင်း တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး နံနက် ၁၀း၄၅ နာရီခန့်က ကျောင်း၏ နံနက်စာ စားချိန်တွင် အသက် ၁၅ နှစ်အရွယ် ကျောင်း သား ဂျေလန် ဖရိုင်းဘာ့ဂ်က ကျောင်းကန်တင်း အတွင်း နေ့လည်စာ စားသောက်နေသည့် ကျောင်းသားများကို သေနတ်ဖြင့် ပစ်ခတ် ခဲ့ခြင်း ဖြစ်သည်။

ဖရိုင်းဘာ့ဂ်၏ ပစ်ခတ်မှုနှင့် ပတ်သက်၍ မျက်မြင်တွေ့ခဲ့ရသည့် ဂျော်ဒန် လူတန် အမည်ရှိ ကျောင်းသား တစ်ဦးက "ဂျေလန်က အားလုံး စားသောက်နေ ချိန်မှာ သေနတ်တစ်လက် ကိုင်ပြီး ရုတ်တရက် ရောက်လာတယ်။ ပြီးတော့ စားသောက်နေကြတဲ့ ကျောင်းသားတွေ ဆီကို ကျည်ဆံ ရှစ်တောင့်လောက် ပစ်လွှတ် လိုက်တယ်။ အဲ့မှာ ထိုင်စားနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အားလုံးက သူ့သူငယ်ချင်းတွေ ချည်းပဲလေ။ သူက တစ်ကယ့်ကို ကြုံရာကျပန်း ပစ်လိုက်တာပါ။ ပြီးလည်း ပြီးရော သူက ကျွန်တော်နဲ့ ကျွန်တော် ကောင်မလေးကို မအီမလည် ပြုံးပြတယ်။ ပြီးတော့ လှည့်ထွက်သွားပြီး အပြင်ဘက်မှာလည်း ကျည်တွေကို တော်တော်များများ ပစ်လိုက်သေး တယ်"ဟု ပြောပြ ခဲ့သည်။

ယင်း ပစ်ခတ်မှုတွင် ကျောင်းသူတစ်ဦးမှာ ပွဲချင်းပြီး သေဆုံးသွား ခဲ့ပြီး ကျောင်းသူ နှစ်ဦးနှင့် ကျောင်းသား နှစ်ဦးမှာ ဒဏ်ရာ ရရှိခဲ့ သောကြောင့် ဆေးရုံတက်ရောက်ကာ ဆေးဝါးကုသမှု ခံယူနေရသည်။ ယင်းတို့ အနက်မှ သုံးဦးမှာ ဒဏ်ရာ ပြင်းထန်သောကြောင့် အသက် ရှင်ရေး ရုန်းကန် နေရကြောင်း သတင်းများက ဖော်ပြသည်။ ဒဏ်ရာ ရရှိသူ လေးဦး အနက်မှ ယောက်ျားလေး နှစ်ဦး မှာ သေနတ် သမား ဂျေလန်၏ ညီအစ်ကို ၀မ်းကွဲများ ဖြစ်ကြသည်။

အဆိုပါ ပစ်ခတ်မှုကို ဂျေလန်တစ်ဦးတည်းက လုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ သို့သော် ဂျေလန် ကိုင်ဆောင် ခဲ့သည့် လက်နက်ကိုမူ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။ မီဒီယာများ၏ ဖော်ပြချက် အရမူ .40 Caliber Beretta သေနတ် ဖြစ်ကြောင်း သိရသည်။ သေနတ်သမား ဂျေလန်ကိုမူ ယင်းနေ့တွင်ပင် ရဲများက အသေပစ်သတ် ဖမ်းဆီး ရမိခဲ့သည်။ ဂျေလန်သည် ဒေသခံ အမေရိကန် တိုင်းရင်းသား အင်ဒီယန်း တစ်ဦး ဖြစ်ပြီး သေနတ်များနှင့် အမဲလိုက်ခြင်းကို နှစ်ခြိုက်သူ တစ်ဦး ဖြစ်ကြောင်း သတင်းများက ဖော်ပြကြသည်။

Ref: Mirror
Mizzima - News in Burmese

No comments:

Post a Comment