Friday, October 24, 2014

မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုကြောင့် အဓိက ပြည်ပရင်းနှီးမြှုပ်နှံမှုကြီးများ ဝင်ရောက်ရန် ၂ဝ၁၅ ရွေးကောက်ပွဲ ပြီးစီးချိန်အထိ ကြန့်ကြာနိုင်ဟုဆို

မြန်မာ့နိုင်ငံရေး မတည်ငြိမ်မှုကြောင့် စီမံကိန်းကြီးများတွင် တစ်သီးပုဂ္ဂလ ကတိကဝတ်များ အားနည်းနေပြီး အဓိကပြည်ပ ရင်းနှီးမြှုပ်နှံမှုကြီးများဝင်ရောက်ရန်မှာ လာမည့် ၂ဝ၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲပြီးစီးချိန်အထိ ကြန့်ကြာနိုင်သည် ဟု ဘဏ္ဍာရေးဆိုင်ရာအကြံပေးကုမ္ပဏီ New Crossroads Asia (NCRA)မှ ပညာ ရှင်များက သုံးသပ်ထားသည်။

မြန်မာနိုင်ငံတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံလာသည့် နိုင်ငံခြားကုမ္ပဏီစာရင်းမှာ ၂ဝ၁၁ ခုနှစ်တွင် ၅ဝ သာရှိခဲ့ရာမှ ၂ဝ၁၃ ခု နှစ် ကိုးလအပြီးတွင် ၅ဝဝ အထိ တိုးတက် လာခဲ့သော်လည်း ကန့်သတ်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီ ၂ဝ မှ ၁၂ဝ အထိ တိုးလာခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုအများစုမှာ စွမ်းအင်နှင့်သတ္တုတွင်းကဏ္ဍမျိုးတွင် ဒေါ်လာ သန်းထောင်ချီမြှုပ်နှံမှု မျိုးထက် ဒေါ်လာ သန်း ၁ဝဝ ဝန်းကျင်မြှုပ်နှံမှုများသာ များပြားခဲ့သည်ဟု (NCRA) က ဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက “အဓိကရင်းနှီးမြှုပ်နှံမှုကြီးတွေက ၂ဝ၁၅ အပြီးကို စောင့်နေတယ် ဆိုတာက မှန်လည်းမှန် မှားလည်းမှားတယ်။ ဥပမာ-ကိုကာကိုလာ၊ ပက်စီ၊ ယူနီလီဗာ လို ကုမ္ပဏီကြီးတွေကဝင်လာပြီ။ အခြား အကြီးကြီးတွေ ဝင်မလာသေးတာက လာပြီး လေ့လာမှု လုပ်နေတာတွေရှိတယ်။ ပြင်ဆင်နေတဲ့အဆင့်ရှိတယ်။ တချို့က စောင့်ကောင်းစောင့်နိုင်ပေမယ့် တချို့ကတော့ လုပ်ငန်းစဉ်တွေ စနေပါပြီ”ဟု ရှင်းလင်း ပြော ကြားသည်။

မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု အကြီးစားများ နည်းပါးနေခြင်းမှာ လျှပ်စစ်စွမ်းအင်မှအစ လုံလောက်မှုနည်းပါးနေခြင်းကြောင့်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ သည်။

မြန်မာနိုင်ငံတွင် အများဆုံး ရင်းနှီး မြှုပ်နှံသည့် နိုင်ငံများစာရင်းတွင် တရုတ် နိုင်ငံက ထိပ်ဆုံးတွင် ဆက်လက်ရပ်တည် နေပြီး ၂ဝ၁၃ ခုနှစ်အကုန်အထိ ပြည်ပရင်း နှီးမြှုပ်နှံမှုအားလုံးပေါင်း၏ ၃၂ ရာခိုင်နှုန်း ရှိထားကြောင်း NCRAမှ အချက်အလက် အရ သိရသည်။

တရုတ်နိုင်ငံ၏ နောက်မှ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း၏ ၂၃ ရာခိုင်နှုန်း ဖြင့် ဒုတိယ၊ ဟောင်ကောင်က ၁၅ ရာခိုင် နှုန်းဖြင့် တတိယအသီးသီး နေရာယူထား သည်။

မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံ များနှင့်ယှဉ်လျှင် စီးပွားရေး တိုးတက်မှုနည်းပါးနေသေးသော်လည်း ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာနေပြီ ဖြစ်သည်။ 

Eleven Media Group

No comments:

Post a Comment