Thursday, October 2, 2014

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတွင် နိုင်ငံတော်သမ္မတပြောကြားသည့် ရေဒီယိုမိန့်ခွန်း

Photo: ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတွင် နိုင်ငံတော်သမ္မတပြောကြားသည့် ရေဒီယိုမိန့်ခွန်း
Thursday, October 2, 2014

မိဘပြည်သူများခင်ဗျား
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှ တဆင့် အသိပေးပြောကြားနေကျ ဖြစ်တဲ့အတိုင်း စက်တင်ဘာလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြားရခြင်း ဖြစ်ပါတယ်။

 လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ထွန်းလျက်ရှိတဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို လေ့လာကြည့်ရှုတဲ့အခါမှာ အဆင့်တစ်ခုကို ရောက် ရှိနေပြီ ဆိုတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်များရဲ့ အောင်မြင်ဖြစ် ထွန်း မှုနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုများ ရှိနိုင်တယ်ဆိုတာ လက်ခံ ထားပါတယ်။ ကျွန်တော့်အနေနဲ့ အထူးပြု ပြောကြားလိုတဲ့အချက်ကတော့ ဒီကနေ့ ရရှိထားတဲ့ ဖြစ်ထွန်းမှု အဆင့်ဆင့်ဟာ မိမိတို့ရဲ့ အနာဂတ်ကို ပြဋ္ဌာန်းသတ်မှတ်နိုင်ပြီး ကျွန်တော်တို့ တည်ဆောက်လိုတဲ့ လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတခုအဖြစ် တက်လှမ်းနိုင်ဖို့အတွက် အခြေခံ အုတ်မြစ်ပဲ ဖြစ်ပါတယ်။ အခုလို ပြောကြားရခြင်း ဟာလည်း ဒီကနေ့ ကျွန်တော်တို့ရရှိ ပိုင်ဆိုင်ထားတဲ့ အခြေအနေကောင်းများကို အမိအရ ဆုပ်ကိုင်ပြီး နိုင်ငံရေးဖြစ်စဉ် ဆက်လက် ရှင်သန်နေဖို့အတွက် နိုင်ငံသားအားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြဖို့ အချိန်အခါ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို သတိပြုမိစေရေး အတွက်ပဲဖြစ်ပါတယ်။

 နိုင်ငံရေးဖြစ်စဉ်များ ဆက်လက်ရှင်သန်ရေးအတွက် အခြေခံ အကျဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ အလေးထား တိုက်တွန်းလိုတဲ့ အချက်ကတော့ ဆွေးနွေးဘက်များဖြစ်တဲ့ အစိုးရ၊ လွှတ်တော်များ၊ တပ်မတော်၊ နိုင်ငံရေးပါတီများနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးအနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အောင်မြင်ရေး အတွက် အရေးကြီးတဲ့အဆင့်ကို ရောက်ရှိနေတယ် ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။  မာရသွန် ပြေးပွဲများမှာ ပန်းတိုင်နဲ့နီးလာလေလေ၊ ပိုပြီးအားစိုက်ရလေ ဖြစ်တယ် ဆိုသလိုပဲ ဒီကနေ့ မိမိတို့ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုမှ ရပ်စဲရေး သဘောတူညီချက်စာချုပ် ချုပ်ဆိုနိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုကိုလည်း ပိုမို၍ အားထည့်ဆောင်ရွက် ကြရမယ့် အချိန် ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

 နိုင်ငံရေး အင်အားစုများအားလုံးရဲ့ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှုနဲ့ အလေးအနက်ထား ပါဝင်ကြိုးပမ်းအားထုတ်မှုတို့ အထူးလိုအပ်လျက်ရှိတဲ့ အချိန်အခါ လည်းဖြစ်သလို အခုလိုအလွန် အရေးကြီးတဲ့ အဆင့်ဖြစ်တဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေး ကိစ္စကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှသာလျှင် မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်ကို ပုံဖော် ထုဆစ်နိုင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလို စတင်နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေး တည်ငြိမ်မှု၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုများကို ရေရာသေချာစေမှာဖြစ်တဲ့ အကြောင်းကိုလည်း သတိပြုမိစေလို ပါတယ်။ အထက်မှာ ကျွန်တော်ပြောကြားခဲ့တဲ့ အချက်များကို ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့စွဲနဲ့ အယူဝါဒအစွဲများကို ဘေးဖယ်ပြီး ရရှိထားတဲ့ နိုင်ငံရေးဖြစ်ထွန်းမှုများ ဆက်လက် ရှင်သန်ရေးကို အာရုံပြု လုပ်ဆောင်သွားကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။

 ကျွန်တော့်အနေနဲ့ စက်တင်ဘာလ လဆန်းပိုင်းမှာ ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ နယ်သာလန်နိုင်ငံများကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ ပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနဲ့အတူ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းမှာ ဂုဏ်သိက္ခာရှိရှိ ပြန်လည်ရပ်တည်နိုင်ဖို့အတွက် နိုင်ငံတကာထောက်ခံမှု ပိုမိုလိုအပ်တာ ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ အခုလို ပြည်ပခရီးစဉ်များကို စီစဉ်ပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို နိုင်ငံတကာကို အသိပေး သတင်းစကား ပါးနေတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ်မှာ နိုင်ငံတကာရဲ့ အမြင်ပြောင်းလဲလာတာနဲ့အမျှ ကျွန်တော်တို့ နိုင်ငံအတွက် အရေးတကြီး လိုအပ်နေတဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှာများစွာ အကျိုးဖြစ်ထွန်း လာမှာဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဟာ နိုင်ငံရေးတည်ငြိမ်မှုအတွက် အထူးအရေးကြီးသလို ဒီနိုင်ငံရေး တည်ငြိမ်မှုကသာလျှင် လက်ရှိကျွန်တော်တို့ လူ့အဖွဲ့အစည်း ချီတက်နေတဲ့ ဒီမိုကရေစီ အခြေတည် ခိုင်မာရေးကို အဓိကမဏ္ဍိုင်တစ်ရပ် အနေနဲ့ ထောက်ကူပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော် အခုခရီးစဉ်အတွင်း သွားရောက်ခဲ့တဲ့ နိုင်ငံများဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု သက်သက်သာမက လူသားအရင်းအမြစ်၊ နည်းပညာပိုင်းနဲ့ နိုင်ငံရေးစနစ်များမှာ များစွာမှပင် ရှေ့တန်းက ချီတက်နေတဲ့ နိုင်ငံများဖြစ်တဲ့ အတွက် ဒီခရီးစဉ်က ကျွန်တော်တို့ နိုင်ငံအတွက် အကျိုးရှိမယ့် အတွေအကြုံ များစွာရရှိခဲ့ပါတယ်။

ဒီနိုင်ငံများရဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်များ၊ လူသားအရင်းအမြစ် ပျိုးထောင်မှု၊ ပညာရေးစနစ်များ၊ အင်စတီကျူးရှင်းများရဲ့ လုပ်ငန်းစွမ်းဆောင်ရည်နဲ့ ကုမ္ပဏီကြီးများရဲ့ စီးပွားရေး မဟာဗျူဟာ အမြင်များကို လေ့လာခဲ့ပြီး ကျွန်တော်တို့နိုင်ငံအတွက် လေ့လာသင်ယူစရာတွေနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖွယ်ရာများကို လေ့လာခဲ့ပါတယ်။ ဥရောပသုံးနိုင်ငံ ခရီးစဉ်အတွင်းမှာ သဘာဝသယံဇာတ ထုတ်ယူတဲ့ စီးပွားရေး ကဏ္ဍများမှာထက် နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ သုတေသန လုပ်ငန်းများနဲ့ ခရီးသွားလုပ်ငန်းကဏ္ဍများမှာ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့နဲ့ လတ်တလောမှာ လုပ်ငန်းခွင် ဝင်ရောက်ရေး အတွက် ကျွမ်းကျင်လုပ်သားများ လေ့ကျင့်မွမ်းမံပေးနိုင်မယ့် အလားအလာများနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ ပါတယ်။

နိုင်ငံတကာမိတ်ဖက်များ တိုးတက်ရရှိလာတာနဲ့အမျှ ကူးလူးဆက်ဆံမှုများနဲ့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာတော့မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံသားများ အားလုံး အနေနဲ့လည်း ဒီအခွင့် အရေးများကို အမိအရ ဆုပ်ကိုင်ထားပြီး သက်ဆိုင်ရာကဏ္ဍအသီးသီးမှာ ဝင်ရောက်သင်ယူ လုပ်ကိုင်နိုင်ဖို့ အတွက် ပြင်ဆင်ထားကြရမှာပဲ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ စက်တင်ဘာ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံ ကျင်းပတဲ့ (၃၆)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးများ အစည်းအဝေးမှာ အာဆီယံ ဒေသတွင်းက သက်ဆိုင်ရာ ဝန်ကြီး များကို လက်ခံတွေ့ဆုံခဲ့ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ ရေ၊ မြေ အနေအထားများဟာ လယ်ယာကဏ္ဍ အတွက် သဘာဝက ပေးထားတဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။ ရိုးရာနည်းစနစ်နဲ့ စိုက်ပျိုးရေး စနစ်များကနေ လုပ်သားအင်အား နည်းနည်းသာသုံးရတဲ့၊ အရင်းအနှီးနည်းပြီး အကျိုးအမြတ်များတဲ့ အရည်အသွေးမြင့် လယ်ယာထုတ်ကုန်များ တိုးတက် ထုတ်လုပ်နိုင်မှုဟာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့အတွက် များစွာ အရေးပါတဲ့ ကိစ္စများဖြစ်တဲ့ အတွက်လယ်ယာ ကဏ္ဍကိုလည်း ကျွန်တော်တို့အနေနဲ့ မဟာဗျူဟာ ကဏ္ဍတစ်ရပ် အဖြစ်ရှုမြင် အကောင်အထည်ဖော်လျက် ရှိပါတယ်။

 လက်ရှိမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသ အတွက် စိုးရိမ်ပူပန်မှု တိုးပွားစရာဖြစ်လာတဲ့ ကိစ္စရပ် နှစ်ရပ်ရှိပါတယ်။  ပထမတစ်ခုကတော့ ကမ္ဘာကို ခြိမ်းခြောက်လာတဲ့ ကူးစက်မြန်ရောဂါတွေပဲ ဖြစ်ပါတယ်။ ကူးစက်မြန်ရောဂါများရဲ့ စိန်ခေါ်မှုဟာ အသစ်မဟုတ်ပေမယ့် နိုင်ငံတကာမှာ ကူးလူး ဆက်ဆံမှုတွေ မြင့်မားလာတာ၊ လူဦးရေသိပ်သည်းဆ မြင့်မားလာတာတွေကြောင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန် လာပါတယ်။ အနောက်အာဖရိကမှာ စတင်ခဲ့တဲ့ အီဘိုလာရောဂါ ကူးစက်ခံနိုင်ငံများကို ကျွန်တော်တို့အနေနဲ့ လူသားချင်း စာနာနားလည်ပေးနိုင်သလို ကျွန်တော်တို့ ဒေသတွင်း အတွက်လည်း စိုးရိမ်ပူပန်ရပါတယ်။ ဒါ့အပြင် ဇီဝလက်နက်များ အသုံးပြုပြီး အကြမ်းဖက်တိုက်ခိုက် လာနိုင်ခြေများကလည်း စိုးရိမ်ပူပန်မှု များကို ပိုမိုတိုးပွားစေ ပါတယ်။  ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ သာမက အာဆီယံဒေသ အနေနဲ့ပါ ဒီလိုကူးစက်မြန်ရောဂါတွေကို ကာကွယ်ထိန်းချုပ်ဖို့ ဝိုင်းဝန်းကြိုးပမ်း ကြရမှာ ဖြစ်ပါတယ်။

 ဒုတိယစိန်ခေါ်မှုကတော့ ရာသီဥတုဖောက်ပြန်မှုများကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့ ကိစ္စဖြစ်ပြီး အာဆီယံဒေသက မြို့ကြီးအတော် များများဟာ ရေကြီးမှုအန္တရာယ်ကို တွေ့ကြုံခံစား လာရပြီ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှု တွေကြောင့် ပေါ်ပေါက်လာတဲ့ ဆိုးဝါးတဲ့ ရာသီဥတု ဖောက်ပြန်မှုများရဲ့ ဒဏ်တွေကို ရှေ့မှာ မလွဲမသွေ ပိုပြီးရင်ဆိုင်လာရတော့မှာ ဖြစ်ပါတယ်။ မုန်တိုင်းဒဏ်တစ်ခုကြောင့် လူ့အသက်ပေါင်း တစ်သိန်း ကျော်ဆုံးရှုံးခဲ့ရတဲ့ နာကျင်ခံစားမှုမျိုး ကျွန်တော်တို့နိုင်ငံမှာ တွေ့ကြုံခံစားခဲ့ရဖူးပါတယ်။ မုန်တိုင်းကာလအလွန် ပြန်လည် ထူထောင်ရေးတွေကို အထိုက်အလျောက် လုပ်ကိုင်နိုင်သည့်တိုင် မုန်တိုင်းဒဏ်ခံပြည်သူများရဲ့ ပျက်စီးသွားတဲ့ စိတ်ဓာတ်ခွန်အားတွေ ပြန်လည်ရရှိဖို့ ဒီကနေ့အချိန်ထိ ကုစားမှုတွေ လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီလို အဖြစ်အပျက်သင်ခန်းစာတွေကနေတဆင့် ရာသီဥတုဖောက်ပြန် မှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝဘေး အန္တရာယ်တွေကို တုန့်ပြန် ရင်ဆိုင်နိုင်ဖို့ ဒေသတွင်း မဟာဗျူဟာတစ်ခုကို နောင်ဆယ်စုနှစ် သုံးလေးခုစာလောက် မျှော်မှန်းပြီး ချမှတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ တစ်ဘက်မှာလည်း ကမ္ဘာလုံးချီတဲ့ ရာသီဥတုဆိုးဝါးဖောက်ပြန်မှုတွေကို တုန့်ပြန်ရင်ဆိုင်ဖို့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပူပေါင်းဆောင်ရွက်မှု တွေလုပ်ကြတဲ့အခါ အာဆီယံနိုင်ငံတွေရဲ့ အသံ၊ အမြင်၊ ရပ်တည်ချက်တွေ ပါဝင်ဖို့ အတူတကွ ခိုင်ခိုင်မာမာ လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။

 ဒီကနေ့ ကမ္ဘာ့လူသားများရဲ့ လူ့အခွင့်အရေးနဲ့ အေးချမ်းသာယာစွာ ရပ်တည် နေထိုင်ရေးကို အထူးခြိမ်းခြောက်လာတဲ့ ကိစ္စရပ်ကတော့ ကမ္ဘာလုံးချီ အကြမ်းဖက်ဝါဒပဲ ဖြစ်ပါတယ်။ မကြာသေးမီက ကျွန်တော်တို့ မြန်မာနိုင်ငံကို ဦးတည်ခြိမ်းခြောက်ခဲ့မှုများဟာ သိပ်ပြီးစိုးရိမ်စရာ မရှိသည့်တိုင် လုံခြုံရေး အသိ၊ သတိရှိရှိနဲ့ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံ မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကနေ တစ်ဆင့် ရရှိလာတဲ့ ဖြေလျှော့မှုများ၊ လျော့ပါးသွားတဲ့ ကန့်သတ်ချက်များကနေ ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းများကို အလွဲသုံးပြီး ကိုယ်ကျိုးစီးပွားအတွက် အသုံးချမယ့် ကိစ္စရပ်များ၊ ခြိမ်းခြောက်မှုများကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခများ ဟာလည်း အခုလို လုပ်ရပ်တွေကြောင့် ပေါ်ပေါက် ခဲ့တာ ဖြစ်ပါတယ်။

 နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုမလိုလားတဲ့ အဟန့်အတားပြုလိုတဲ့ အင်အားစုများကလည်း သွေးထိုး လှုံ့ဆော်မှုများ ပြုလုပ်လာနိုင်တဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးအနေနဲ့ ဒီလိုကိစ္စရပ်များကို အသိရှိရှိ တုံ့ပြန်ဆောင်ရွက်ကြရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ နှစ်ပေါင်းရာနဲ့ချီပြီး မတူကွဲပြားမှုများကို နားလည် လက်ခံ စည်းလုံးညီညွတ်စွာ နေထိုင် လာတဲ့ သမိုင်းကြောင်း အခိုင်အမာ ရှိခဲ့ပြီး ဖြစ်ပါတယ်။

 မျိုးနွယ်စုနဲ့ ကိုးကွယ် ယုံကြည်မှုများ မည်သို့ပင် ကွဲပြားစေကာမူ အားလုံးမှာ တူညီတဲ့ အချက်ကတော့ မြန်မာ့ရေမြေပေါ်မှာ ဒိုးတူဘောင်ဘက် နေထိုင်၊ လုပ်ကိုင်၊ စားသောက်ကြပြီး နိုင်ငံသားတိုင်းဟာ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုအပေါ်မှာ ချစ်ခင်ကြတဲ့စိတ်ပဲ ဖြစ်ပါတယ်။ ဒီစိတ်ဓာတ်တန်ဖိုး များကို အခြေခံပြီး နိုင်ငံသား အချင်းချင်းအကြား စိတ်ဝမ်းကွဲပြားမှုများ မဖြစ်စေဖို့နဲ့ ဘေးပယောဂ အဖျက်အမှောင့်များကို နားမယောင်ဘဲ ဆန့်ကျင် တုန့်ပြန်ကြရမှာ ဖြစ်ပါတယ်။ မိမိတို့ အစိုးရအဖွဲ့၊ လွှတ်တော်များ၊ တရားစီရင်ရေး အဖွဲ့များ၊ တပ်မတော်၊ လုံခြုံရေးအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်း များနဲ့ နိုင်ငံသားအားလုံးက တစ်စိတ်တစ်ဝမ်းတည်း တိုင်းချစ်ပြည်ချစ် နိုင်ငံချစ်စိတ် အပြည့်အဝနဲ့ လက်တွဲ ပူးပေါင်းပြီး အကြမ်းဖက်အန္တရာယ်ကို ကာကွယ်တားဆီးရာမှာ ပူးပေါင်းပါဝင် ကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးရအောင်၊ ပြည်သူများရဲ့ စီးပွားရေး ပြန်လည်ဖွံ့ဖြိုး တိုးတက်လာအောင်၊ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိတဲ့ အကြောင်း ပြောကြားရင်း နိဂုံးချုပ် ပါတယ်။

မိဘပြည်သူများ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေ။

Credit to : Hmuu Zaw

မိဘပြည်သူများခင်ဗျား
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှ တဆင့် အသိပေးပြောကြားနေကျ ဖြစ်တဲ့ အတိုင်း စက်တင်ဘာလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြားရခြင်း ဖြစ်ပါတယ်။

No comments:

Post a Comment