Monday, October 13, 2014

စီးပွားရေးပြပွဲတွင် ပြသသည့်ပစ္စည်းများကို အခွန်မဆောင်ဘဲ ရောင်းချ၍ ဝန်ကြီးဌာနသတိပေး


ရန်ကုန်မြို့တွင် လာရောက် ပြုလုပ်လေ့ရှိသည့် နိုင်ငံတကာ စီးပွားရေးပြပွဲကြီးများ၌ ပြသထားသည့်ပစ္စည်းများကို အခွန်မဆောင်ဘဲ တင်သွင်းလာပြီး ပြပွဲတွင် တိုက်ရိုက်ရောင်းချမှုများရှိသဖြင့် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ လုပ်ငန်းရှင်များအား ခေါ်ယူသတိပေးထားကြောင်း သတင်း ရရှိသည်။
‘‘ပြပွဲ ကာလအတွင်းမှာ ပစ္စည်းကို တိုက်ရိုက်ရောင်းမယ် ဆိုရင် ပြပွဲကျင်းပသူတွေကို အရင်ဆုံးအသိပေးရမယ်။ ပြီးတော့ အကောက်ခွန်နဲ့ စီးပွားကူးသန်းမှာ ဒီပစ္စည်းတွေကို ပြည်ပက တင်သွင်းလာတဲ့အတွက် အခွန်ဆောင်ရမယ်။ ဒါမှ တိုက်ရိုက်ရောင်းချလို့ရမှာ’’ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုဥက္ကဋ္ဌ ဦးဇော်မင်းကပြောသည်။
စီးပွားရေးဆိုင်ရာ ပြပွဲများ တွင် နမူနာအဖြစ်ပြသရန် ကုန် ပစ္စည်းများကို အခွန်လွတ်တင် သွင်းခွင့်ပေးထားပြီး ပြပွဲကာလ အတွင်းရောင်းချနိုင်လျှင် ပြခန်းပိုင်ရှင်ကပြပွဲကျင်းပသူ၊ အကောက် ခွန်နှင့် စီးပွားကူးသန်းတို့အား အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။


ပြပွဲတွင် အခွန် မဆောင်ရသေးမီ ရောင်းချလိုက်သဖြင့် အမှန်တကယ်အခွန်ဆောင်ပါက ရောင်းချလိုက်သည့် ပစ္စည်း၏ တန်ဖိုးထက် များပြားသွားသဖြင့် အရောင်းအဝယ်အချို့ ပျက်ဖူး ကြောင်း မြမြင့်မိုရ်ဆောက်လုပ် ရေးလုပ်ငန်းရှင်က ၎င်း၏အတွေ့ အကြုံကိုပြောသည်။
‘‘ဝယ်မယ်လို့ ပြောလိုက် တော့ တစ်ဈေး။ ဒါပေမဲ့ အခွန် မဆောင်ရသေးတဲ့အတွက် တန် ဖိုးပြန်တွက်တော့ ဈေးကထပ်မြင့်သွားတယ်။ ဒါကြောင့် မဝယ်ဖြစ်လိုက်ဘူး’’ ဟု ကိုရီးယားနိုင်ငံ ထုတ် ဘိလပ်မြေဖျော်စက်ဝယ်ယူ စဉ်က အဆင်မပြေခဲ့သည်ကို အထက်ပါ လုပ်ငန်းရှင်ကပြောသည်။
ထို့အပြင် စီးပွားရေး လုပ်ငန်းရှင် အချို့က ပြပွဲအတွက် ရည်ရွယ်၍ တင်သွင်းလာသည်ဟု ပြောကာ သိုလှောင်ရောင်းချဖြန့် ဖြူးမှုများရှိသောကြောင့် ကုမ္ပဏီဂိုဒေါင်သို့ ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများလည်း ရှိခဲ့ကြောင်း တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်မှုဗဟို အဖွဲ့မှ ညွှန်ကြားရေးမှူးတစ်ဦးကပြောသည်။
‘‘ပြပွဲအတွက် simple ပြ မယ်ဆိုရင် သတ်မှတ်ထားတဲ့ အရေအတွက်ရှိတယ်။ အဲဒါထက်ကျော်ပြီးသွင်းလို့မရဘူး။ သွင်းလာတဲ့ကုမ္ပဏီတွေကို မနှစ်ကတော်တော် အရေးယူခဲ့ရတယ်’’ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။
အခွန်မဆောင်ဘဲအများဆုံး တင်သွင်းလာသည့် ပစ္စည်းများတွင် စားသောက်ကုန်၊ ဝိုင်၊ အရက်နှင့် လူသုံး ကုန်ပစ္စည်းအများဆုံးပါဝင် ကြောင်း ၎င်းကပြောသည်။
7 Day Daily

No comments:

Post a Comment