Monday, October 13, 2014

တယ်လီနောဖုန်းများတွင် အခမဲ့ဝန်ဆောင်မှု အများအပြားပါဝင်မည်

တယ်လီနောဆင်းမ်ကတ် အသုံးပြုသူများအနေဖြင့် ဖုန်းခေါ်ဆိုရာတွင် အသုံးပြုနိုင်သည့် အခြေခံဝန်ဆောင်မှု ခုနစ်ခုကို အခမဲ့အသုံးပြုနိုင်ကြောင်း ၎င်းတို့၏ ၀က်ဘ်ဆိုက်တွင်ဖော်ပြထားသည်။ ‘‘Call Forwarding နဲ့ Call Waiting တို့ဆိုရင် MPT လို ပြန်လျှောက်စရာမလိုဘူး။ ၀န်ဆောင်ခအနေနဲ့လည်း ကောက်ယူခြင်းမရှိဘဲ အခမဲ့အနေနဲ့ တစ်ခါတည်း အသုံးပြုလို့ရပါတယ်’’ ဟု တယ်လီနော၏ Call Center မှ တာဝန်ခံတစ်ဦးက ပြောသည်။
လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖုန်းခေါ်ဆိုရာတွင် အသုံးပြုနိုင်သည့် ၀န်ဆောင်မှုလေးခုကို ပေးလျက်ရှိပြီး Call Waiting ၀န်ဆောင်မှုအတွက် ငါးရာကျပ်၊ Call Forwarding ၀န်ဆောင်မှုအတွက် ကိုးထောင်ကျပ်၊ Miss Call Alarm နှင့် Voice mail ၀န်ဆောင်မှုတို့အတွက် တစ်ထောင်ကျပ်နှုန်းဖြင့် ၀န်ဆောင်မှုအသုံးပြုခအဖြစ် တစ်လလျှင်တစ်ကြိမ် ကောက်ယူလျက်ရှိသည်။
‘‘တယ်လီနောဆင်းမ်ကတ်ထဲမှာ အဲဒီဝန်ဆောင်မှုတွေ အသုံးပြုချင်တယ်ဆိုရင်တော့ ဟန်းဆက်ရဲ့ ဖုန်းခေါ်ဆိုမှုစနစ်ထဲကို ၀င်ပြီးတော့ Setting ကိုချိန်လိုက်မယ်ဆိုရင် အသုံးပြုလို့ရပါတယ်။ ဖုန်းပြောခကလွဲရင် ၀န်ဆောင်ခကို ပေးစရာမလိုပါဘူး’’ဟု တယ်လီနောCall Center မှတာဝန်ခံတစ်ဦးကဆိုသည်။

တယ်လီနောမှ အခမဲ့ပေးထားသည့် အခြေခံဝန်ဆောင်မှုများမှာ ဖုန်းပြောနေစဉ် နောက်ထပ်ဖုန်းတစ်လုံးဝင်လာပါက Hold ကို နှိပ်၍ ဖုန်းမချဘဲ နောက်ဝင်လာသည့် ဖုန်းကိုပြန်ဖြေနိုင်သည့် Call Hold ၀န်ဆောင်မှု၊ ဖုန်းဝင်လာပါက ဖုန်းနံပါတ်ကို ကြည့်နိုင်သည့် Caller ID ၀န်ဆောင်မှု၊ လူငါးဦးကို တစ်ပြိုင်တည်း ဖုန်းပြောနိုင်မည့် Conference Call ၀န်ဆောင်မှု၊ အ၀င်ခေါ်ဆိုမှုများကို Personal Voicemail သို့ လွှဲပြောင်းပေးနိုင်သည့် Call Divert ၀န်ဆောင်မှု၊ ဖုန်းပြောနေစဉ် ဖုန်းတစ်လုံးထပ်ဝင်လာပါက သိနိုင်မည့် Call Waiting ၀န်ဆောင်မှု၊ ဖုန်းခေါ်ဆို ၍ မရအောင်တားမြစ်သည့် Call Banning ၀န်ဆောင်မှုနှင့် အ၀င် ဖုန်းများကို အခြားဖုန်းများသို့ လွှဲပြောင်းပေးနိုင်သည့် Call Forwarding ၀န်ဆောင်မှုတို့ဖြစ်ကြောင်း သတင်းရရှိသည်။

7 Day Daily

No comments:

Post a Comment