Thursday, October 16, 2014

ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နှင့် တွေ့ဆုံခြင်း

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့သော ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကို တွေ့ဆုံမေးမြန်း ခဲ့သည်များမှ ကောက်နုတ် ဖော်ပြထားခြင်း ဖြစ်ပါသည်။
U Ye Htut : နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ၃၀ ရာခိုင်နှုန်းကို ပြင်ထားပါတယ်။ တည်ဆဲဥပဒေများပါ အတိုင်းပါလို့ ပြင်ထားတယ်။ ဆိုလိုတာတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေမှာပါတဲ့ အခြားဥပဒေတွေနဲ့ ဆန့်ကျင်သွားမှာ စိုးလို့ပါ။

Voice : အချက်တစ်ခု ရှိနေတယ်ခင်ဗျ။ ဒီမီဒီယာတွေအတွက် နိုင်ငံရေးအရရော စီးပွားရေးဖိအားမှ ကင်းလွတ်ရမည်ဆိုတဲ့ အချက်က ဘယ်လို သဘောလဲခင်ဗျ။

U Ye Htut : နိုင်ငံတကာမှာ လုပ်နေတဲ့ အများပြည်သူ ဝန်ဆောင်မှု မီဒီယာတွေပေါ့။ BBC၊ သြစတြေးလျမှာဆို ABC၊ ဂျပန်ဆို NHK တို့၊ တောင်ကိုရီးယားမှာဆို KBS ပေါ့။ ထိုင်းမှာဆိုရင် ထိုင်းပက်ဘလစ်ဆားဗစ် ပရိုရောဂက်စတင်းပေါ့။ အဲဒီမှာဆို အခြေခံမူက အာဏာရ ပါတီအတွက် မဟုတ်ဘူး။ အစိုးရ အတွက်လည်း မဟုတ်ဘူး။ နိုင်ငံသားတွေအတွက် ဖြစ်တယ်။ လွှတ်တော်တို့၊ အစိုးရတို့က ဘတ်ဂျက်တော့ ခွင်ပြုပေးရမယ်။ သို့သော် ဘတ်ဂျက်ကို ဘယ်လို သုံးစွဲရမယ်ဆိုတာ အသေးစိတ် ဝင်ပြောလို့ မရဘူး။ စွက်ဖက်လို့ မရဘူး။ နိုင်ငံရေးဖိအား မရှိရဘူး။ အယ်ဒီတာကို လုပ်ပိုင်ခွင့် ပေးရမယ်။ ဒါပေမဲ့ ကျင့်ဝတ် ချိုးဖောက်ရင်တော့ သူ့ရဲ့အထက်က ကောင်စီက အရေးယူခြင်းခံရမယ်။ ဒါက နိုင်ငံရေး ဖိအားပေါ့။ အခုနကမေးတဲ့ စီးပွားရေးဖိအား ဆိုတာက သူ့ကို တစ်သမတ်တည်း ငွေကြေး အရင်းအမြစ်ရအောင် ရှာပေးထားတယ်။ သူသည် ဈေးကွက်ရဲ့ ဖိအားနောက်ကို လိုက်စရာ မလိုဘူး။ ဒါကို ကျွန်တော်တို့က ညွန်းတာ။

Voice : ဒါဆို အဲဒီဘတ်ဂျက် ရန်ပုံငွေက ...။

U Ye Htut : ရန်ပုံငွေက ပြည်သူ့လွှတ်တော်မှာ ရှိနေတဲ့ အများပြည်သူ ဝန်ဆောင်မှု မီဒီယာအပေါ်မှာ မူတည်တာပေါ့။ လက်ရှိ အဲဒီဥပဒေမှာ လက်ရှိ အဆိုပြုထားတာက ရင်းနှီးမယ့် ၇၀ ရာခိုင်နှုန်းကို ဝန်ကြီးဌာနနဲ့ လွှတ်တော်က ထောက်ခံတဲ့ အတည်ပြုချက်နဲ့ ပေးမယ်။ ၃၀ ရာခိုင်နှုန်းကိုက စီးပွားဖြစ် ကြော်ငြာတွေက ရှာရမယ်လို့ သတ်မှတ်ထားတယ်။ အဲလိုသတ်မှတ်တဲ့ ရည်ရွယ်ချက်က တချို့နိုင်ငံတွေမှာ ၁၀၀ ရာခိုင်နှုန်းကို အခွန်အကောက် တစ်ခုမှ မပေးဘူး။ ဆိုလိုတာက ဥရောပနိုင်ငံတွေဆို ရုပ်မြင်သံကြားစက် တီဗီတွေကို ပိုင်တဲ့ သူတိုင်းက တစ်နှစ်ကို ဒေါ်လာတစ်ရာကျော် အခွန်ဆောင်ရတယ်။ ဒီနိုင်ငံမှာ ရုပ်မြင်သံကြားစက် ပိုင်တဲ့သူတွေကို တစ်နှစ်ကို အခွန်တစ်သိန်းကျော် ကောက်လို့ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်တော့ ပုံနှိပ်တိုက် ရန်ပုံငွေအနေနဲ့ အစိုးရက တင်ပြမယ်။ လွှတ်တော်က ခွင့်ပြုမယ်။ ဒါကို ဘယ်လောက်သုံးပါလို့ အသေးစိတ် ပြောလို့မရဘူး။ သူ့ရဲ့ပုံစံနဲ့သူ သုံးရမယ်။ နှစ်ကုန်ရင်တော့ ပြန်သုံးသပ်မှာပေါ့။ ဒီငွေကို အကျိုးရှိရှိ အသုံးပြုနိုင်လား၊ မပြုနိုင်လားပေါ့။ အယ်ဒီတာ မူဝါဒကို လွှတ်တော်က သော်လည်းကောင်း၊ အစိုးရ အဖွဲ့က သော်လည်းကောင်း ဝင်စွက်ဖက်လို့ မရပါဘူး။

Voice : စီးပွားရေးသမားတွေနဲ့ ကင်းလွတ်ရမည် ဆိုတာက ဖြစ်နိုင်ပါ့မလားခင်ဗျ။

U Ye Htut : ဖြစ်ပါတယ်။ BBC တို့လည်း ဒီလိုပဲ။ ဆိုလိုတာက ကြော်ငြာဝင်ငွေကို အရမ်းမှီခိုရတဲ့ အခါကျရင် ကြော်ငြာရှင်တွေ ကြိုက်တဲ့ အစီအစဉ်တွေ များများထည့်ရမယ်။ ဒါကြောင့် ဈေးကွက်ရဲ့ဖိအား မပါရဘူး။ အများပြည်သူ ဝန်ဆောင်မှုမှာ သူ့ရဲ့ဝင်ငွေ ၃၀ ရာခိုင်နှုန်းထက် ပိုပြီးတော့ မယူရဘူးပေါ့။ သူသည် ကြော်ငြာဈေးကွက်ကို မှီခိုစရာ မလိုဘူး။ သူများနိုင်ငံတွေမှာ ၁၀၀ ရာခိုင်နှုန်းပေးတယ်။ ကျွန်တော်တို့ဆီမှာ ၇၀ ရာခိုင်နှုန်း ရင်းနှီးငွေကို နိုင်ငံတော်က ပေးတာပေါ့။ ချက်နိုင်ငံတို့ ဆိုရင် ၈၀း၂၀ နဲ့ သွားတယ်။ ကျွန်တော်တို့က ၇၀း၃၀ နဲ့ သွားတာပါ။ ၇၀ ရာခိုင်နှုန်း ရထားတယ်ဆိုတော့ အများကြိုက် ထည့်စရာ မလိုတဲ့ဟာတွေ ရှိတယ်ဗျာ။ ဥပမာ ဆိုပါတော့။ ကျန်းမာရေး ပညာပေး အစီအစဉ်ကို လူသိပ်မကြည့်ဘူး။ ပုဂ္ဂလိက ရုပ်သံကျတော့ အဲဒါတွေကို ကြာကြာ မလွှင့်နိုင်ဘူး။ ကျွန်တော်တို့ကျတော့ ဒါကို မဖြစ်မနေ ထည့်ပေးရမယ်။ နောက်တစ်ခါ အများပြည်သူ ဝန်ဆောင်မှု သတင်းစာပဲဖြစ်ဖြစ်၊ ရုပ်သံပဲဖြစ်ဖြစ် ခင်ဗျားတို့ကို သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်လို့ တစ်မျက်နှာတစ်ဝက် ထည့်ဝေးပါဆိုရင် ဘယ်သူမှ မထည့်နိုင်ဘူး။ ဒါပေမဲ့ သူကထည့်ပေးရမယ်။ တီဗီမှာ အခမဲ့ ထည့်ပေးဆိုရင် ထည့်ပေးရမယ်။ နောက်မုန်တိုင်း သတင်းမျိုးပေါ့။ ထည့်ပေးရမယ်။ ဒါကြောင့် ကြော်ငြာရဲ့ဖိအားကို ရှောင်နိုင်အောင် အာမခံ ပေးထားတာပါ။ အများပြည်သူ ဝန်ဆောင်မှု မီဒီယာ စစ်ဖို့အတွက် နိုင်ငံရေး ဖိအားရယ်၊ စီးပွားရေး ဖိအားတွေ ကင်းကို ကင်းလွတ်ရမယ်။

Voice : ဒါဆိုရင် ၃၀ ရာခိုင်နှုန်းအတွက် ဝင်လာတဲ့သူက စီးပွားရေးနဲ့ ဆိုင်တဲ့သူတွေ ဝင်လာမှာ မဟုတ်ဘူးလားခင်ဗျ။

U Ye Htut : အဲဒါက ပုဂ္ဂလိကက သက်သက်ပါ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက အများပြည်သူ ဝန်ဆောင်မှု မီဒီယာမှာ ပါလို့ မရဘူး။ နိုင်ငံတော်က ပေးတဲ့ငွေနဲ့ နိုင်ငံတော်က တရားဝင် ခွင့်ပြုထားတဲ့ ကြော်ငြာခနဲ့ ရပ်တည်ရမှာပေါ့။ ခုဥပဒေအသစ် ဖြစ်လာမှာက (တစ်) က အများ ပြည်သူဝန်ဆောင်မှု မီဒီယာတစ်ခု အသွင်ကူးပြောင်းဖို့၊ နောက်တစ်ခုက ပုဂ္ဂလိက မီဒီယာတွေ ဖြစ်လာမယ်။ ပြီးလို့ရှိရင် ဌာနပိုင် မီဒီယာတွေ ဖြစ်လာမယ်။ ဌာနပိုင် မီဒီယာ ဆိုတာက စည်ပင်လို၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက FM လိုဟာမျိုးတွေပေါ့။ သူ့ရန်ပုံငွေနဲ့ သူသွားတဲ့ သဘောပေါ့။ ပြီးလို့ရှိရင် စီးပွားရေး လုံးဝမပါတဲ့ ရေလုပ်သားတွေအတွက် ပင်လယ်ကမ်းခြေမှာ သတ်မှတ်တဲ့ နေရာတွေမှာ လွင့်တဲ့လိုင်းတွေလို လေးမျိုးပေါ်သွားမယ်။

Voice : ဒီလိုဆိုရင် ၇၀ ရာခိုင်နှုန်းကို နိုင်ငံဘတ်ဂျက်က ချပေးမယ်ဆိုတော့ အစိုးရရဲ့ အာဘော် မဖြစ်စေရဘူးလို့ အာမခံ နိုင်ပါသလားခင်ဗျ။

U Ye Htut : အာမခံရမယ်။ သူ့ဟာက ခင်ဗျားတို့က ရုပ်သံဥပဒေ တစ်ခုတည်း ကြည့်နေတာကိုး။ အများပြည်သူ ဝန်ဆောင်မှု မီဒီယာကို ကြည့်ရမယ်။ အဲဒီမှာ ကောင်စီက ဘာလုပ်လို့ရလဲဆိုတော့ အောက်မှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ရွေးပေးရမယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးအဖွဲ့က လုပ်ဆောင်ချက်ကို ပြောလို့မရဘူး။ တစ်နှစ်တစ်ခါ ပြန်သုံးသပ်ရမယ်။ ဒီနှစ်မှာ ဘယ်ရည်မှန်းချက်တွေ အကောင်အထည် ဖော်တယ်။ အောင်မြင်မယ်ဆိုတာ ပြန်ဆန်းစစ်ရမယ်။ မအောင်မြင်ရင် အောက်မှာရှိတဲ့ စာတည်းမှုးချုပ်တွေနဲ့ တိုင်ပင်ပြီး ကောင်စီကို တင်ပြရမယ်။ ကောင်စီက အတည်ပြုရင် ဆက်လုပ်မှာပေါ့။ မီဒီယာရဲ့လုပ်ဆောင်ချက်ကို အုပ်ချုပ်ရေးအဖွဲ့က ဝင်စွက်ဖက်လို့ မရဘူး။ သူတို့ကို ဖယ်ချင်ရင် ကောင်စီကို ပြန်တင်ပြရမယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ထိန်းကျောင်းထားရတဲ့ သဘောပေါ့။ ဒါပေမဲ့ ငြင်းတာခုံတာတော့ ရှိမှာပေါ့။

Voice : ကောင်စီကို သမ္မတနဲ့ လွှတ်တော် နှစ်ရပ်က ခြောက်ယောက်စီ အချိုးကျ ဖွဲ့စည်းမယ်ဆိုတာ သိရတယ်။ သူတို့ကရော ဒီမီဒီယာ အဖွဲ့အစည်းကို အမြဲစစ်ဆေးနေတဲ့ အခြေအနေမျိုး ဖြစ်သွားနိုင်မလား။

U Ye Htut : မဖြစ်နိုင်ဘူး။ သူတို့က အောက်က လူတွေကို ဝိုက်လိုင်းပဲ ချပေးရမှာ။ ခင်ဗျားတို့ ပုဂ္ဂလိက မီဒီယာတစ်ခုဟာ မုန်တိုင်းသတင်းတော့ မဖြစ်မနေ လွှင့်ပေးရမယ်ပေါ့။ ညစ်ညမ်းတာကို မလုပ်ရဘူး။ စာနယ်ဇင်း ကျင့်ဝတ်နဲ့ မညီတာကို မလုပ်ရဘူး။ အဲဒါနဲ့ ပတ်သက်လို့ တိုင်ကြားမှု ရှိလာရင် လက်ခံပြီး ကျကျနန စစ်ဆေးရမယ်။ စာပေစိစစ်လိုတော့ မဟုတ်ပါဘူး။

Voice : ပြီးတော့ မီဒီယာရဲ့ လုပ်ဆောင်ချက် စာရင်းချုပ်ကို နှစ်ကုန်ရင် ကောင်စီကို တင်ပြရမယ်လို့ ဆိုထားတာကရော...။

U Ye Htut : ကောင်စီကို တင်ပြရင် ကောင်စီက သိမ်းထားမှာပေါ့ဗျာ။ တိတ်တဆိတ်နဲ့ နောက်ကွယ်က နေစီးပွားရေး ကြိုးကိုင်တာမျိုးတွေ ရှိလာမှာ စိုးလို့ပါ။

Voice : သိမ်းထားတဲ့ ကောင်စီအတွက် ဥပဒေအရ ကျော်လွန်ရင် ပြစ်မှု ပြစ်ဒဏ်တွေ ပေးထားတာ တွေ့ရတယ်ခင်ဗျ။ ဒီငွေဒဏ်တွေနဲ့ လုံလောက်မယ်လို့ ထင်လား။

U Ye Htut : များသောအားဖြင့် မီဒီယာ ဥပဒေတွေအတွက် အရင်တုန်းက ထောင်ဒဏ်တွေ ဘာတွေထည့်တယ်။ ခုက နိုင်ငံတကာနဲ့ ယှဉ်ကြည့်တဲ့အခါ မီဒီယာ ဥပဒေတွေမှာ ထောင်ဒဏ် မထည့်စေချင်တော့ဘူး။ နှစ်ခုတော့ လုပ်လို့ရတယ်။ တစ်ခုက သတိပေးချက် ထုတ်လို့ရတယ်။ အပြစ်ကြီးရင် လိုင်စင်ရုပ်သိမ်းလို့ ရတယ်။ သတိပေးချက်တွေ ထုတ်လို့ရတာကြောင့် ဘဏ္ဍာရေး ဆိုင်ရာပဲဖြစ်ဖြစ်၊ ကျင့်ဝတ်ဆိုင်ရာပဲ ဖြစ်ဖြစ် ဖောက်ဖျက်တဲ့ မီဒီယာကို ကောင်စီက အကြိမ်ကြိမ် သတိပေးမယ်ဆိုရင် ပရိသတ်ကလည်း ယုံကြည်မှု လျော့သွားမှာပါ။ ကြည့်ရှုသူ နည်းလာမယ်။ ကျွန်တော်ထင်တယ်။ ဒီလို နည်းနဲ့ပဲ ထိန်းကျောင်း ရမှာပေါ့။ ထောင်ဒဏ်ကိုတော့ နိုင်ငံတကာစံအရ မထည့်တော့ပါဘူး။

Voice : ဒီဥပဒေကြမ်းမှာ လက်ရှိ အားသာချက်၊ အားနည်းချက်က ဘာတွေ ဖြစ်နေမယ် ထင်ပါသလဲ။

U Ye Htut : စိုးရိမ်တာတစ်ခုပဲ။ ဘာလဲဆိုတော့ ရုပ်သံကောင်စီကို ရွေးတဲ့အခါမှာ အတွေ့အကြုံရှိတဲ့သူ များများလိုအပ်တယ်။ သူများနိုင်ငံတွေမှာ ပုဂ္ဂလိက မီဒီယာကို ဖွင့်ပေးတဲ့ အတွေ့အကြုံ ရှိတဲ့သူတွေ အများကြီး ရှိတယ်။ ကျွန်တော်တို့ဆီမှာက မဖွံ့ဖြိုးခင်မှာ တစ်ပြိုင်တည်း အတူတူ သွားရတဲ့အခါကျတော့ အတွေ့အကြုံ ရှိတဲ့သူတွေကို ကြိုးစားပမ်းစား ရှာရမယ့် သဘောရှိတယ်။

Voice : စိုးရိမ်ရတာက အဲဒါလားခင်ဗျ။

U Ye Htut : စိုးရိမ်ရတယ်လို့တော့ မဟုတ်ဘူးပေါ့လေ။ ရုပ်သံဥပဒေကလည်း ခုမှပေါ်တယ်။ မီဒီယာ ဥပဒေကလည်း ခုမှပေါ်တယ်။ ကျွမ်းကျင်တဲ့သူတွေက မရှိသေးဘူးလေ။ အကုန်လုံးက အစိုးရ လုပ်ငန်း လုပ်တဲ့သူလည်း ဖြစ်ချင်ဖြစ်မယ်။ ပုဂ္ဂလိကလုပ်ငန်း လုပ်တဲ့သူလည်း ဖြစ်ချင်ဖြစ်မယ်။ စနစ်တကျ အချိန်အကြာ ကြီးလုပ်လာတဲ့ စကော်လာတွေ မရှိဘူးပေါ့ဗျာ။ Lawyer တွေ မရှိဘူး။ ရွေးတဲ့အခါမှာ တော်တော်လေးကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရမယ်လို့ ပြောတာပါ။

အောင်ထက်
thevoicemyanmar

No comments:

Post a Comment