တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ပြီးနောက် ယခုနှစ် ကုန်ပိုင်းတွင် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် တစ်ရပ်ကို အပြီးသတ် ရေးဆွဲမည် ဖြစ်ကြောင်း နိုင်ငံရေး ပါတီ (၅၆) ပါတီမှ ရွေးချယ် တင်မြှောက်ထားသည့် ကိုယ်စားလှယ် (၁၅) ဦး ယမန်နေ့က တွေ့ဆုံ ညှိနှိုင်း အပြီးတွင် အဆိုပါ (၅၆) ပါတီတွင် ပါဝင်သည့် ညီနောင် တိုင်းရင်းသားများ ပါတီ ဖက်ဒရေးရှင်း (NBF) မှ ပြောရေးဆိုခွင့် ရှိသူ ဦးစောသန်းမြင့်က ပြောသည်။ ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) မှ စီစဉ်သော နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်နှင့် ပတ်သက်၍ နိုင်ငံရေး ပါတီများ ညှိနှိုင်း ဆွေးနွေးပွဲကို စက်တင်ဘာ (၁၃) ရက်နှင့် (၁၄) ရက်နေ့ တို့တွင် ရန်ကုန်မြို့၊ ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်တွင် နိုင်ငံရေး ပါတီ (၅၆) ပါတီမှ နှစ်ရက်ကြာ ဆွေးနွေးခဲ့ပြီး၊ ပါတီဝင်များ၏ သဘော တူညီချက်ဖြင့် လုပ်ငန်း ကော်မတီ တစ်ရပ်ကို အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
၂၀၁၄ မကုန်ခင်မှာ အဖြေတစ်ခု ရမယ်လို့ ထင်တယ်။ ဆွေးနွေးပြီးရင် (၅၆) ပါတီကို ချပြပြီး အကြံပြုချက် ရယူရမယ်။ အကြံပြုချက် ရယူ ပြီးရင် (၁၅) ပါတီက ပြန်ဆွေးနွေးရမယ်။ အားလုံး သဘောတူတယ် ဆိုရင် မူဘောင်ရပြီပေါ့ ဟု ၎င်းက ပြောသည်။ အဆိုပါ (၅၆) ပါတီတွင် ပါဝင်ခြင်း မရှိ သော NLD နှင့် မဟာမိတ် ပါတီများ မှလည်း မူဘောင်တစ်ခု ထွက်ရှိမည် ဖြစ်ပြီး ထွက်ရှိလာမည့် မူဘောင်တစ်ခုနှင့် တစ်ခု ကွာခြားမှုရှိမည်ဟု မထင်ကြောင်း၊ ၎င်းကဲ့သို့ ကွာခြားမှု မရှိသောကြောင့် ဆွေးနွေးမှုတွင် အခက်အခဲ များစွာ မရှိဘဲ သဘောတရား တစ်ခုတည်းဖြစ် သွားမည် ဖြစ်ကြောင်း ဦးစောသန်းမြင့်က ဆိုသည်။ မူဘောင် ငါးခုရှိရင် ဒီမူဘောင်ငါးခု ကိုင်ထားတဲ့ သူတွေကို ညှိနှိုင်း ဆွေးနွေးရမယ်။ ညှိနှိုင်း ဆွေးနွေးပြီးမှ မူဘောင် တစ်ခုတည်း ရအောင် လုပ်ရမယ်။ အဓိက ညှိနှိုင်းမှု မရှိရင် မူဘောင် တစ်ခုတည်း ဖြစ်ဖို့ဆိုတာ မလွယ်ဘူး ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟို အလုပ် အမှုဆောင် ဦးထွန်းထွန်းဟိန်း က ပြောသည်။ စက်တင်ဘာလ (၁၃) ရက်နှင့် (၁၄) ရက်တို့တွင် ပြုလုပ်သော နိုင်ငံရေး ပါတီများ၊ ကိုယ်စားလှယ်ပြု အဖွဲ့ ဖွဲ့စည်း နိုင်ရေး ဆွေးနွေးပွဲသို့ နိုင်ငံရေး ပါတီ (၅၆) ပါတီ တက်ရောက်ခဲ့ သော်လည်း အင်အားကြီး ပါတီများ ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ (USDP) တို့ တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။
messengernewsjournal.
No comments:
Post a Comment