Monday, October 13, 2014

ကလေးစက်မှုဇုန် မြေကွက်လွတ်များကို အမှန်တကယ် လုပ်ငန်းလုပ်ကိုင်သူထံ လွှဲပြောင်းချထားပေးသွားမည် ဟုဆို

ကလေးစက်မှုဇုန် မြေကွက်လွတ်များကို လုပ်ငန်းအမှန်တကယ် လုပ်ကိုင်မည့် သူများထံသို့ ပြန်လည်ချထား
ပေးရန်ရှိသည်ဟု အဆိုပါ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီက ပြောသည်။ကလေးစက်မှုဇုန်မြေများကို ၂၀၀၄ ခုနှစ် မှ စတင်ချထားပေးခဲ့သော်လည်း မြေကွက်အလွတ် ၁၀၀ ၀န်းကျင် မှာ ယခုအချိန်အထိ ငွေအကျေပေးချေမှု မရှိသဖြင့် အမှန်တကယ် လုပ်ကိုင်မည့်သူများထံ ချထားပေးတော့ မည်ဟု ဇုန်စီမံခန့်ခွဲရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ဦးစိုးသန်းက ပြောသည်။
၎င်းက “စက်မှုဇုန် မြေကွက်တွေကို အရင် ၁၀ နှစ်လောက်ကတည်းက ချထားပေးခဲ့တယ်။ အခုထပ်တိုးတာ တွေနဲ့ဆို အကွက် ပေါင်း ၇၂၀ ကျော်မှာ လုပ်ငန်းမလုပ်သလို ငွေအကျေမပေးတာက အကွက် ၁၀၀ ကျော် လောက်ရှိနေတယ်။ သတ်မှတ်ရက်အတွင်း အကြောင်းကြားလို့ ငွေမသွင်းရင် တခြားအလုပ်လုပ်မယ့်သူတွေကို ပြန်ချပေးဖို့ လုပ်နေပါတယ်” ဟု ဆိုသည်။
၎င်းစက်မှုဇုန်အတွင်း ပေ ၁၀၀ မှ ၄၀၀ အကျယ်အထိရှိနေသည့် အကွက်များကို လုပ်ငန်းအစုအလိုက် ချထားပေးခဲ့ပြီး ဇုန်တစ်ခုလုံး၏ ၈၀ ရာခိုင်နှုန်းနီးပါး လည်ပတ်နေသော်လည်း အချို့လုပ်ငန်းရှင်များမှာ မြေဝယ်ယူရင်းနှီးမြှုပ်နှံနေခြင်းများ ရှိနေသည်ဟု ၎င်းက ပြောသည်။
စက်မှုဇုန် ကော်မတီအစည်းအဝေးဆုံး ဖြတ်ချက်အရ ကလေးစက်မှုဇုန်အတွင်း မှီတင်းနေထိုင်ပြီး လက်ရှိ စက်မှုလုပ်ငန်း လုပ်ကိုင်နေသူများကို မြေကွက်တစ်ကွက်လျှင် ကျပ် ၃၂ သိန်းနှင့် စက်မှုဇုန် ပြင်ပနေထိုင်ပြီး မြေကွက်ရယူထားသူများအား မြေကွက်တစ်ကွက်လျှင် ကျပ် ၄၈ သိန်းနှုန်းထားဖြင့် ပေးသွင်းရမည်ဟု ဆိုသည်။
ကလေးစက်မှုဇုန် အခြေစိုက် ကားဘော်ဒီလုပ်ငန်းရှင် ဦးသိန်းဇော်ဦးက “အခု စက်မှုဇုန်ကော်မတီမှ သတ်မှတ်ထားတဲ့တန်ဖိုးက အပြင်ဈေးနဲ့ဆိုရင် နည်းနေပါသေးတယ်။ တချို့တွေကလည်း လက်လွှဲပြောင်း ရောင်းချတာတွေကြောင့် ဘယ်အကွက်က ဘယ်သူ ပိုင်မှန်းတောင်မသိဘူး။ စက်မှုဇုန် ဖွံ့ဖြိုးရေးလုပ်တော့ အကွက်လွတ်မြေတွေကိုပါ လုပ်တဲ့သူတွေကပဲ ပေးနေရတယ်” ဟု ဆိုသည်။
မြေကွက်ရယူထားသူများသည် ယခုနှစ် ဒီဇင်ဘာ ၃၁ ရက်အတွင်း ငွေပေးသွင်းရန် အောက်တိုဘာ ၃ ရက်က ထုတ်ပြန်ခဲ့သော်လည်း ယခုအချိန်ထိ ဆက်သွယ်သူ တစ်ဦး၊ နှစ်ဦးသာရှိနေသည်ဟု ကလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီက ပြောသည်။
Mizzima

No comments:

Post a Comment