Monday, October 13, 2014

ကုန်သွယ်မှုလိုငွေ ဖြေရှင်းရန် မဖြစ်နိုင်သေးဟု စီး/ကူးဝန်ကြီး ဆို

ကုန်သွယ်မှု လိုငွေများနေခြင်းကို လက်ရှိအချိန်တွင် ဖြေရှင်းရန် မဖြစ်နိုင်သေးဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က အောက်တိုဘာ ၁၀ ရက် ညပိုင်း၌ ကျင်းပသော Mazada 3 ကားမော်ဒယ်အသစ် မိတ်ဆက်ပွဲ အခမ်းအနားတွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
ပြည်တွင်းစီးပွားရေး ရေရှည်တိုးတက်မှုအတွက် ဦးတည်ကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အများအပြားကို ခွင့်ပြု နေချိန်ဖြစ်၍ ၎င်းလုပ်ငန်းများက တင်သွင်းသည့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများနေသဖြင့် ကုန်သွယ်မှုလိုငွေ များနေခြင်းကို လျှော့ချဖြေရှင်းရန် မဖြစ်နိုင်သေးဟု ရှင်းလင်းပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က “ရေရှည်အတွက် ရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးနေရတော့ ကုန်သွယ်မှု လိုငွေပြနေတာကို လောလောဆယ် ဖြေရှင်းလို့မရနိုင်သေးဘူး။ အခု ကုန်သွယ်မှုလို ငွေပြနေမယ့်လုပ်ငန်းတွေ အကောင်အထည်ပေါ်လာရင် ပြန်ဝင်လာမှာလေ။ ဒါကို ဦးစားပေးနေရတော့ လိုငွေကရှိနေဦးမှာပါ” ဟု ပြောသည်။
မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့နှင့် စက်မှုကုန်ချောပိုင်းပို့ကုန်များ တိုးတက်လာခြင်းကြောင့် ပို့ကုန်ပမာဏများ တိုးလာသည်ဟုဆိုသော်လည်း တစ်ဖက်တွင် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတင်သွင်းမှုများမှာ ပို့ကုန်ထက် များစွာပိုနေသဖြင့် ကုန်သွယ်မှုလိုငွေများပြနေခြင်းဖြစ်သည်။
လတ်တလော ကုန်သွယ်မှုပမာဏအရ ယခု ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၃ ရက် အထိ ကန်ဒေါ်လာ ၁၄ ဘီလီယံကျော် ကုန်သွယ်ထားနိုင်သည့် အနက်သွင်းကုန်ပမာဏမှာ ကန်ဒေါ်လာ ဒေါ်လာ ၈ ဒသမ ၃ ဘီလီယံကျော်ရှိနေပြီး ကုန်သွယ်မှုလိုငွေမှာ ၃ ဒသမ ၂ ဘီလီယံ ကျော်ရှိနေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှု စာရင်းများတွင် ဖော်ပြထားသည်။
သို့သော် သွင်းကုန်များအနက် ရင်းနှီးမြှုပ်နှံမှုကုန်ပစ်္စည်းကို ကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံကျော်၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း သုံးဘီလီယံနီးပါးနှင့် လူသုံးကုန်ပစ္စည်း ၁ ဒသမ ၅ ဘီလီယံကျော် အသီးသီးတင်သွင်းထားသဖြင့် ရင်းနှီးမြှုပ်နှံမှုကုန် ပစ္စည်းတင်သွင်းထားမှုက အများဆုံးဖြစ်နေ ခြင်းဖြစ်သည်။
“နိုင်ငံတိုင်းမှာတော့ ရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးရတဲ့ ဒီလိုအချိန်မျိုးမှာ လိုငွေပြတာက ဖြစ်နေကျဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိရင်းနှီးမြှုပ်နှံမှုဥပဒေများအရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအစ ငါးနှစ်၌ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း တင်သွင်းခြင်းနှင့် လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတင်သွင်းခြင်းများကို အခွန်ကင်းလွတ်ခွင့်ပြုထားသဖြင့် နိုင်ငံတော်သည် အခွန်ရရှိမည် မဟုတ်ပေ။
ကုန်သွယ်မှုပြုရာတွင် ပို့ကုန်အားနည်းကာ သွင်းကုန်များပါက ပြည်ပနိုင်ငံများသို့ ပြည်တွင်းငွေကြေး များစွာပေးရသဖြင့် ရေရှည်ဖြစ်ပေါ်နေမည်ဆိုပါက တိုင်းပြည်နစ်နာမှုရှိသည်ဟု ပြည်တွင်းစီးပွားရေး ပညာရှင်များက မဇ္ဈိမကို ပြောထားသည်။
Mizzima

No comments:

Post a Comment