Thursday, October 30, 2014

ပြည်သူ့အကျိုးကို ရှေးရှု၍ တော်တည့် မှန်ကန်စွာ ရှုမြင်



ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၈)ရက်မြောက် နေ့ကို
အောက်တိုဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အဆောက်အအုံ၌ ကျင်းပရာ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေမူကြမ်း၏ မူနှင့် အခြေခံသဘော ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးဌာနများမှ ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုတိယ ဝန်ကြီးများ တက်ရောက် ဆွေးနွေး ခဲ့ကြသည်။
ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က တပ်မတော်၏ အသုံးစရိတ်နှင့် ကာကွယ်ရေး ဆိုင်ရာ အသုံးစရိတ်များ၊ နိုင်ငံတော် ကာကွယ်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်နေမှု အခြေအနေများ အပေါ် အသေးစိတ် ရှင်းလင်းဆွေးနွေး တင်ပြသွားသည်။


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် ပြည်သူများသိရှိစေရန် ကာလတို ငါးနှစ် အမျိုးသား စီမံကိန်း ၂ဝ၁၁-၂ဝ၁၂ မှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အထိ(မူကြမ်း) ထုတ်ပြန်ကြေညာခဲ့သည်။ ကာလတို ငါးနှစ် အမျိုးသား စီမံကိန်းအရ ကဏ္ဍအလိုက် တစ်နှစ်ပျမ်းမျှ တိုးတက်မှုနှုန်း ရှိရမည့် ရည်မှန်းချက်များမှာ ဆက်သွယ်ရေး ကဏ္ဍ ၄၆ ဒသမ ၂ ရာခိုင်နှုန်း(လူ ၁ဝဝဝ မှာ တယ်လီဖုန်း သုံးစွဲသူ ၄ဝဝ ရှိလာရမည်)၊ ငွေရေးကြေးရေး ကဏ္ဍ ၁၇ ဒသမ ၃ ရာခိုင်နှုန်း၊လူမှုရေးနှင့် စီမံခန့်ခွဲရေး ကဏ္ဍ ၁၇ ဒသမ သုည ရာခိုင်နှုန်း၊ သတ္တုနှင့် တွင်းထွက်ကဏ္ဍ ၁၄ ဒသမ ၁ ရာခိုင်နှုန်း၊ ငှားရမ်းခနှင့် အခြားဝန်ဆောင်မှု ကဏ္ဍ ၁၃ ဒသမ ၅ ရာခိုင်နှုန်း၊ စက်မှုလက်မှု ကဏ္ဍ ၁၂ ဒသမ ၇ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးကဏ္ဍ ၁၂ ဒသမ ၂ ရာခိုင်နှုန်း၊ လျှပ်စစ်ကဏ္ဍ ၉ ဒသမ ၅ ရာခိုင်နှုန်း၊ သားငါးကဏ္ဍ ၆ ဒသမ ၉ ရာခိုင်နှုန်း၊ ကုန်သွယ်မှု ကဏ္ဍ ၅ ဒသမ ၄ ရာခိုင်နှုန်း၊ပို့ဆောင်ရေး ကဏ္ဍ ၅ ဒသမ ၁ ရာခိုင်နှုန်း၊စွမ်းအင်ကဏ္ဍ ၂ ဒသမ ၇ ရာခိုင်နှုန်း၊ သစ်တောကဏ္ဍ ၁ ဒသမ ၉ ရာခိုင်နှုန်းနှင့် လယ်ယာကဏ္ဍ ၁ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်အောင် ဆောင်ရွက်ရန် ဟူ၍ အသီးသီး လျာထားကြောင်း တွေ့ရသည်။
၂ဝ၁၁-၂ဝ၁၂ မှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အထိ (မူကြမ်း) ရည်မှန်းချက်၌ ဖော်ပြထားသော ကဏ္ဍကြီး ၁၄ ခုအတွက် တစ်နှစ်ပျမ်းမျှ တိုးတက်မှုနှုန်း ရည်မှန်းချက်များ ပြည့်မီစေရန် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများ က ဆောင် ရွက်နေကြသည်။ ကာကွယ်ရေး ဝန်ကြီးဌာနသည် စီးပွားရေး အဖွဲ့အစည်း မဟုတ်သဖြင့် အထက်ပါ ကဏ္ဍကြီး ၁၄ ခုတွင် တိုက်ရိုက်ပါဝင်မှု မရှိသော်လည်း နိုင်ငံတော် အစိုးရက အကောင်အထည်ဖော်မည့် စီမံကိန်းများ အောင်မြင်ရေးနှင့် တိုင်းရင်းသား ပြည်သူများ အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေး တာဝန်ကို ထမ်းဆောင်နေရသည်မှာ အားလုံးသိပြီး ဖြစ်သည်။
ယခုကျင်းပနေဆဲ ပထမအကြိမ် လွှတ်တော်များ၏ (၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေးများတွင် လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးကြရာ၌ ပဋိပက္ခ ဖြစ်ပွားသည့် ဒေသများသည် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများထက် စီးပွားရေး၊ ပညာရေးစသည့် အဘက်ဘက်တွင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျလျက် ရှိကြောင်းကို ပြည်နယ်နှင့်တိုင်း ဒေသကြီး များ၏ ၂ဝ၁၃-၂ဝ၁၄ စီးပွားရေး အညွှန်းကိန်းများကို ကြည့်ပါက တွေ့နိုင်ကြောင်း ထောက်ပြခဲ့ကြပြီးဖြစ်သည်။
သို့ဖြစ်၍ ကာကွယ်ရေး ဝန်ကြီးဌာန အသုံးစရိတ်အတွက် နိုင်ငံတော် အစိုးရထံမှ ဘဏ္ဍာငွေ ခွဲဝေပေးခြင်း သည် ပြည်ထောင်စုကြီး အတွင်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟနေသည်ကို ကျဉ်းမြောင်းစေရန် နိုင်ငံတော်က ရင်းနှီးမြှုပ်နှံခြင်း ပင် ဖြစ်ကြောင်း ပြည်သူ့ အကျိုးကို ရှေးရှု၍ တော်တည့်မှန်ကန်စွာ ရှုမြင်ကြရမည် ဖြစ်ပါကြောင်း။ ။
မြ၀တီ

No comments:

Post a Comment