Thursday, October 30, 2014

ဘဝအတွက်တာ အတွေ့အကြုံ လေ့လာမှတ်သားမှုနှင့် တီထွင်ကြံဆမှု


ယနေ့ ၂၁ ရာစု ခေတ်ကြီးသည် စိန်ခေါ်မှု များစွာကို ကမ္ဘာပြည်သူများ ရင်ဆိုင် နေရသကဲ့သို့ ယှဉ်ပြိုင်မှု များစွာကိုလည်း တစ်ပြိုင်တည်း ကြုံတွေ့ နေကြရသည်။
အင်္ဂလိပ်စာဆိုတော်ကြီး ဝီလီယံ ရှိတ်စပီးယား (၁၅၆၄-၁၆၁၆) က လောက လူသားတို့သည် ဘဝဇာတ်ဆရာ အလိုကျ ကပြနေကြရသည် (The World is Play) ဟု ဆိုခဲ့သည်မှာ ယနေ့အထိ သဘာဝကျသော အဆိုအမိန့် တစ်ခုပင် ဖြစ်သည်။ ရှိတ်စပီးယားသည် သဘင် အလုပ်ကိုသာ လုပ်ကိုင် ဖူးသော်လည်း လေ့လာ မှတ်သားမှု အားကောင်းသူ ဖြစ်ခြင်းကြောင့် ဗဟုသုတ ပြည့်စုံသူ တစ်ဦး ဖြစ်သည်။ ရှိတ်စပီးယား ရေးသားသည့် ဝတ္ထုများမှာ ဇာတ်ကောင်များသည် ခြေသလုံးအိမ်တိုင် ခါးပိုက်နှိုက်မှ စ၍ ရှင်ဘုရင်အထိ ပါဝင်သည်။ သက်ဆိုင်သူတို့၏ ပြောပြချက်များကို သေချာစွာ မှတ်သားပြီး မိမိ မှတ်သား နားလည်ထားသမျှကို နေရာတကျ ပြန်လည် အသုံးပြုတတ်သည့် ထူးခြားသော ဥာဏ်ကြောင့် ရှိတ်စပီးယားသည် ပညာရပ်ဆိုင်ရာ ဝေါဟာရတို့တွင် ကျွမ်းကျင် ပိုင်နိုင်စွာ ရေးသားနိုင်ခြင်း ဖြစ်သည်။

ရှိတ်စပီးယားသည် လောက သဘာဝနှင့် လူတို့၏ သဘောကို အလွန်သိ နားလည်သူ ဖြစ်သဖြင့် လူတန်းစား အမျိုးမျိုးမှ လူတစ်ဦး တစ်ယောက်၌ ဖြစ်ပေါ်မည့် စိတ်ဓာတ်၊ ပြောဆိုမည့် စကား၊ ပြုလုပ်မည့် အပြုအမူများကို သဘာဝ ကျကျ ရေးသားနိုင်ခဲ့သဖြင့် တစ်ကမ္ဘာလုံးက ချီးကျူး ဂုဏ်ပြုကြရသူ ဖြစ်သည်။ မြန်မာ့သမိုင်း ကုန်းဘောင်ခေတ်တွင် ကင်းဝန်မင်းကြီးသည် ဇာတ်ကြီး ဆယ်ဘွဲ့မှ နေမိဇာတ်ကို ရကန်အဖြစ် ဖွဲ့ဆိုခဲ့သည်မှာ ယနေ့အထိ ဂန္ထဝင်စာပေအဖြစ် ထင်ရှားနေဆဲ ဖြစ်သည်။ နေမိရကန် ပိုဒ်ရေ(၆)တွင် မာတလိ နတ်သားသည် နေမိမင်းအား နတ်ပြည်သို့ ခေါ်ဆောင် သွားရန် ရထားဖြင့် နန်းတွင်း ရောက်လာသည်ကို နန်းတွင်းသူတို့ မြင်လိုက်သောအခါ ထိတ်လန့်တကြား ဖြစ်ပုံကို စိတ်ကူးဖြင့် ဖော်ပြ သီကုံး ထားသည်။ ဤအဖွဲ့တွင် နန်းတွင်းသူတို့၏ ဖြီးလိမ်း ဝတ်စားပုံ၊ ပြောဆိုပုံ၊ မိန်းမသားတို့ အမူအရာနှင့် အတွင်းစိတ်ဓာတ် သဘောထားတို့ကို ပေါ်လွင်အောင် ရေးစပ် နိုင်ခဲ့သည်။ ဤသို့ ရေးစပ်နိုင်စွမ်း ရှိခြင်းကြောင့် ''မောင်ကောင်းသည် လူပုံကြည့်တော့ မတုန်မလှုပ် ဣနြေ္ဒကြီးနှင့် ရေးလိုက်တဲ့ စာများကျတော့ နန်းတွင်းသူများ အမူအရာကို ဘယ်တုံးကများ မြင်ပါလိမ့်''ဟု အရှင် နန်းမတော်ကြီးက အံ့သြစကား ဆိုခဲ့သည်။ ဘဝအတွက် အတွေ့အကြုံနှင့် လေ့လာမှတ်သားမှု တို့သည် အရေးပါကြောင်း အင်္ဂလိပ် စာဆိုတော်ကြီး ဝီလီယံ ရှိတ်စပီးယားနှင့် ကင်းဝန်မင်းကြီး ဦးကောင်းတို့ အပြင် ကမ္ဘာ့သမိုင်းနှင့် မြန်မာ့သမိုင်း တို့တွင် စံပြုလောက်သော ပုဂ္ဂိုလ်များစွာ ရှိခဲ့ပြီး မျက်မှောက်ခေတ်တွင်လည်း နေရာဌာန အလိုက် ရှိကြသကဲ့သို့ အနာဂတ်တွင်လည်း ပေါ်ထွန်းကြဦးမည်သာ ဖြစ်သည်။ မိမိ ပတ်ဝန်းကျင်၊ မိမိ ရပ်ရွာ၊ မိမိဒေသနှင့် မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် ပညာသည် အရေးကြီးကြောင်း၊ မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့နယ် လျှော်ဖြူကိုင်းကျေးရွာနှင့် အိုင်ဘုတ်ကျေးရွာတို့မှ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)များ အဆင့်တိုးမြှင့်ခြင်း အခမ်းအနားများ ကျင်းပသည့် အောက်တိုဘာ ၂၆ ရက်တွင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တက်ရောက် အမှာစကား ပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ''ယနေ့ ခေတ်ကာလ ရောက်ရှိလာသည့်အခါ ကျောင်းနေသူများသည် ဘွဲ့ တစ်ခုခု ရရှိပြီး အစိုးရ အလုပ်ရရန် ဆိုသည့် ခံယူချက်များ မှားယွင်းစွာ ရှိနေသည်ကို တွေ့ရပါကြောင်း၊ ယနေ့ သိပ္ပံနှင့် နည်းပညာသည် အချိန်နှင့် အမျှ ပြောင်းလဲ တိုးတက်နေသည့် အတွက် အမီ လိုက်နိုင်ရန် တီထွင်ကြံဆ ဥာဏ်ရှိရန် လိုအပ်ပါကြောင်း''ဖြင့် ထည့်သွင်း ပြောကြားခဲ့သည်။ သို့ဖြစ်၍ ဘဝဇာတ်ဆရာ အလိုကျ ကပြနေကြရသော လူသားတို့သည် မိမိဘဝ အတွက်၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့ အတွက် ဖွံ့ဖြိုး တိုးတက်မှု ရရှိရန်မှာ နိုင်ငံသား တစ်ဦးချင်းစီ အနေဖြင့် အတွေ့အကြုံနှင့် လေ့လာမှတ်သားမှုတို့မှ တစ်ဆင့် တက်၍ တီထွင်ကြံဆမှု ရှိကြရမည် ဖြစ်ပေသည်။ ။
မြ၀တီ

No comments:

Post a Comment