Monday, October 27, 2014

ကိုပါကြီး သေဆုံးမှု သေမှုသေခင်း ပုဒ်မဖြင့် ကျိုက်မရော ရဲစခန်းတွင် ဇနီးဖြစ်သူအမှုဖွင့်

တပ်မတော်က ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးသွားသည်ဟု သတင်းထုတ်ပြန်ထားသောကို အောင်ကျော်နိုင် (ခ) ပါကြီး သေဆုံးမှုကို အောက်တိုဘာလ ၂၆ ရက်နေ့က ကျိုက်မရောမြို့နယ် ရဲစခန်းတွင် (ပ) ၁၁/၂၀၁၄ သေမှုသေခင်း ဥပဒေပုဒ်မဖြင့် သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်သန္တာက အမှုဖွင့်ခဲ့ကြောင်း ဒေါ်သန္တာက ပြောကြားသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက် အမှုဖွင့်ခဲ့သော်လည်း ကျိုက်မရောမြို့နယ် ရဲစခန်းက အမှုဖွင့်ခွင့်မပြုဘဲ ညနေ ၅ နာရီ အချိန်မှသာ အမှုဖွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းနေ့ နံနက်ပိုင်းတွင် ကျိုက်မရောမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ပေးခြင်း မရှိသည့်အတွက် မော်လမြိုင်ခရိုင် ရဲစခန်းတွင် သွားရောက် အမှုဖွင့်ခဲ့သော်လည်း ယင်းရဲစခန်းက လက်ခံခြင်းမရှိဘဲ ကျိုက်မရောမြို့နယ် ရဲစခန်းတွင်သာ ဖွင့်ရန် ပြောကြားခဲ့ကြောင်း ဒေါ်သန္တာက ဆိုသည်။
“ညနေမှ အမှုဖွင့်တာ လက်ခံတာပါ။ နံနက်ပိုင်းက လုံးဝလက်မခံဘူး” ဟု ဒေါ်သန္တာက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျိုက်မရော မြို့မရဲစခန်းမှ စခန်းမှူးသို့ ဆက်သွယ်မေးမြန်းရာ နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာတွင် ဦးအောင်ကျော်နိုင်နှင့် ပတ်သက်သည့် အစိုးရထုတ်ပြန်ချက် သတင်းပါလာခြင်းကြောင့် အမှုဖွင့်ရန် လက်မခံခြင်း ဖြစ်ကြောင်းနှင့် ကျိုက်မရော မြို့မရဲစခန်း၏ အထက်ဌာနများမှ တာဝန်ရှိသူများက အမှုဖွင့်ပေးရန် ညွှန်ကြားလာပါက အမှုဖွင့်ပေးသွားမည် ဖြစ်ကြောင်း The Voice သို့ ပြောကြားခဲ့သည်။

The Voice Weekly

No comments:

Post a Comment