Tuesday, October 7, 2014

လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင် ပေါ်ထွက်လာရေးသည် အရေးကြီးဆုံး

လယ်သမားများ အဖမ်းခံနေကြရသည့် ကိစ္စ၊ တက်ြွကလှုပ်ရှားသူများ ဆန္ဒပြ၍ ဖမ်းဆီးထောင်ချခံနေရသည့် ကိစ္စ၊ သတင်းမီဒီယာသများ ဖမ်းဆီးထောင်ချခံရသည့် ကိစ္စများသည် လွတ်လပ်၍ မျှတသည့် တရားစီရင်ရေးစနစ် မရှိခြင်းကြောင့်ဟုဆိုလျှင်မှား မည်မထင်ပေ။ လွတ်လပ်၍ တရားမျှတသော တရားစီရင်မှုစနစ်ရှိရေးသည် ယနေ့ မြန်မာနိုင်ငံတွင် ကြုံတွေ့နရသည့် ပြဿနာအတော်များများအတွက် အဖြေဖြစ်နေခြင်းကြောင့် ဖြစ်ပေသည်။ဆိုလိုသည်မှာ လွတ်လပ်ပြီး တရားမျှတမှုရှိကာ အရည်အချင်းလည်း ပြည့်ဝသည့် တရားစီရင်ရေးစနစ်သာရှိပါလျှင် အခြားသော နယ်ပယ်များ၌ ဖြစ်ပွားသည့် ပဋိပက္ခများကို မှန်ကန်စွာစီရင်ဆုံးဖြတ်ပေးနိုင်မည်ဖြစ်ပြီး နယ်ပယ် အသီးသီးမှ သက်ဆိုင်သူများက ကျေနပ်စွာခံယူနိုင်မည့် သဘောကို ဆိုလိုခြင်းဖြစ်သည်။တရားစီရင်ရေးစနစ်သည် နိုင်ငံတစ်နိုင်ငံအတွက် အလွန်အရေးကြီးသည့် အရာဖြစ်ကြောင်း ယခုဖော်ပြသည့် အကြောင်းအကျိုးယုတ္တိဖြင့် အထိုက်အလျောက် နားလည်လိမ့်မည်ဟု ထင်ပါသည်။
တရားဥပဒေ ချိုးဖောက်သည် သို့မဟုတ် ချိုးဖောက်သည်ဟုယူဆသည် စသဖြင့် အမှုကိစ္စများ ဖြစ်ပွားလာခြင်းသည် လူမှုအဖွဲ့အစည်းအတွင်း အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပွတ်တိုက်မှုဖြစ်ခြင်းတို့ကြောင့် ပေါ်ထွက်လာသည်ဟုဆိုလျှင် မှားမည်မထင်ပေ။

နယ်ပယ်အသီးသီးတွင် ထိုသို့သော ပဋိပက္ခများ ရှိနေကြသည်မှာ အဆန်းမဟုတ်သော်လည်း လွတ်လပ်ကောင်းမွန်သော တရားစီရင်ရေး စနစ်တစ်ရပ်ရှိနေသည် ဆိုပါလျှင် ယင်းပဋိပက္ခ တစ်နည်း အကျိုးစီးပွားဆန့်ကျင်မှုများကို မှန်ကန်စွာ ဖြေရှင်းနိုင်မည်ဖြစ်ပြီး လူမှုအဖွဲ့အစည်းကို တည်ငြိမ်အေးချမ်းမှုရှိအောင် ထိန်းသိမ်း ထားနိုင်မည်ဖြစ်ပေသည်။

သို့မဟုတ်ဘဲ တရားစီရင်ရေး စနစ်ကိုယ်၌က ဘက်လိုက်မှု၊ အဂတိလိုက်စားမှု၊ အရည်အချင်းမပြည့်ဝမှုများ ရှိနေခဲ့ပါလျှင် ပဋိပက္ခများကို မဖြေရှင်းနိုင်ပဲ လူမှုအဖွဲ့အစည်းအတွင်း မကျေနပ်မှု၊ ဆန့်ကျင်မှု၊ လက်စားချေလိုမှု စသည့် မကောင်းသည့် အကျိုးဆက်များထပ်မံ ထွက်ရှိလာမည်ဖြစ်သည်။

တရားစီရင်ရေး စနစ်တစ်ရပ်သည် အုပ်ချုပ်သူ အစိုးရ၏ လက်ကိုင်တုတ်သဖွယ် အသုံးချခံနေရပါလျှင် အစိုးရအပေါ် ယုံကြည်မှုကို ပျက်စီးစေရုံမျှမက တရားစီရင်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေမည်ဖြစ်သည်။

အချို့သော အစိုးရစနစ်တွင် အုပ်ချုပ်သည့် စနစ်ကလည်း လူထုအပေါ် ဖိနှိပ်သကဲ့သို့၊ တရားစီရင်ရေးစနစ်ကလည်း လွတ်လပ်မှုနှင့် မျှတမှုမရှိသည့်အဖြစ်များ သမိုင်းအဖြစ်အပျက်များတွင် တွေ့ရှိကြရသည်။

အချို့သော အစိုးရစနစ်များတွင် အုပ်ချုပ်သည့်စနစ်က လူထုအပေါ် ဖိနှိပ်မှုရှိသော်လည်း လွတ်လပ်သည့် တရားစီရင်ရေးစနစ်ရှိသည့် သာဓကများ မဝေးသည့် ကာလအဖြစ်အပျက်များတွင် တွေ့ရသည်။

ဥပမာအားဖြင့် အင်္ဂလိပ်ကိုလိုနီခေတ် နယ်မြို့အချို့နှင့် ရန်ကုန်မြို့တွင် အုပ်ချုပ်ရေး တရားစီရင်ရေး တာဝန်ယူခဲ့ဖူးသူ စာရေးဆရာ မောရစ်ကောလစ်၏ မြန်မာပြည်မှ မှုခင်းများဆိုသည့် စာအုပ်တွင် ၎င်းအရေးပိုင်တာဝန်ယူစဉ် အမှုအခင်းများကို အစိုးရအုပ်ချုပ်သူ၏ ဩဇာမှ လွတ်ကင်းစွာဖြင့် စီရင်ခဲ့ပုံကို ရေးသားဖော်ပြခဲ့သည်။

ယင်းဖြစ်ရပ်သည် လွတ်လပ်သည့် တရားစီရင်ရေး၏ တန်ဖိုးနှင့် အရေးကြီးပုံကို ထင်ရှားပေါ်လွင်စေပေသည်။

ညံ့ဖျင်းဆိုးရွားသော အုပ်ချုပ်ရေးအောက်တွင်ပင် လွတ်လပ်သည့် တရားစီရင်ရေးရှိပါက ပြည်သူလူထုအဖို့ ပြည်သူ့ပြည်သားအခွင့်အရေး ရပိုင်ခွင့်များကို ကာကွယ်ပေးနိုင်သည့် အခြေအနေဖြစ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် အသွင်ကူးပြောင်းရေး ကာလသာ ရှိနေသေးသဖြင့် နယ်ပယ်အသီးသီးတွင် လိုအပ်ချက်များ အရည်အချင်းမပြည့်မီမှုများ အားနည်းချက်များ ရှိနေနိုင်ပေသည်။

ထိုသို့သော အခြေအနေများအောက်တွင် တရားစီရင်ရေး စနစ်သာ လွတ်လပ်ပြီး တရားမျှတမှုရှိမည် ဆိုပါက လတ်တလော ကြုံတွေ့နေရသည့် ပွတ်တိုက်မှု၊ နစ်နာမှု မကျေနပ်မှုများကို တစ်စုံတစ်ရာအတိုင်းအတာထိ ပြေလည်စေမည် ဖြစ်ကြောင်း မဇ္ဈိမက တိုက်တွန်းရေးသားလိုက်ရပေသည်။
Mizzima News

No comments:

Post a Comment