Tuesday, October 7, 2014

ထိုင်း လူသတ်မှုကိစ္စ၊ သမ္မတကြီး ပြည်သူ့အသံ နားထောင်ပါ

ခုရက်ပိုင်း ပြည်သူတွေ စိတ်အဝင်စားဆုံး သတင်းကတော့ ထိုင်းနိုင်ငံတောင်ပိုင်း ဆူလတ်ဌာနီခရိုင် ခိုတောင်ကျွန်းပေါ်မှာ ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံလိုက်ရမှုနဲ့ ပတ်သက်ပြီး ရွှေ့ပြောင်း မြန်မာအလုပ်သမား လူငယ်လေးနှစ်ယောက်ကို ထိုင်းအာဏာပိုင်တွေ စွပ်စွဲဖမ်းဆီးလိုက်တဲ့ ကိစ္စပါ။ ဖမ်းဆီးထိန်းသိမ်းထားရုံမက လူသတ်ခဲ့တယ်လို့ ဝန်ခံတယ်ဆိုပြီး အခင်းဖြစ်ပွားရာနေရာမှာ ပြန်ပြီး သရုပ်ပြခိုင်းတာကိုလည်း လုပ်ခဲ့ပါတယ်။လက်ရှိထွက်ပေါ်လာတဲ့ သတင်းတွေအရ ဒီလူသတ်မှုကို အဲဒီ မြန်မာလူငယ်နှစ်ယောက် ကျူးလွန်ခဲ့တယ်ဆိုတာ မြန်မာနိုင်ငံသား အများစုကြီးက မယုံကြည်ကြပါဘူး။ အလားတူ ထိုင်းနိုင်ငံသားတွေကရော၊ ထိုင်း သတင်းစာတွေကပါ ယုံကြည်မှုမရှိပါဘူး။ ဘာကြောင့် အဲလိုယုံကြည်မှုမရှိတာလဲ၊ မြန်မာနိုင်ငံသားတွေကရော ဘာကြောင့် ယုံကြည်မှုမရှိတာလဲ၊ ဒီပြဿနာနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေ အထူးသဖြင့် သမ္မတကိုယ်တိုင် ဘယ်လို သဘောထားးသင့်လဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်မှာ ထိုင်းနိုင်ငံထဲက ကမ္ဘာလှည့်ခရီးသည်တွေအသွားများတဲ့ တောင်ပိုင်း ဆူလတ်ဌာနီခရိုင်၊ ခိုတောင်ကျွန်းပေါ်မှာ ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံခဲ့ရပါတယ်။ ဗြိတိန်သူဟာ အသတ်မခံရခင် မတရားပြုကျင့်ခံရတယ်လို့လည်း ရဲမှတ်တမ်းတွေက ဆိုပါတယ်။ နောက်ပိုင်း ထိုင်းရဲတပ်ဖွဲ့ဟာ တရားခံရှာဖို့ အပူတပြင်း ကြိုးစားပါတော့တယ်။
လူသတ်တရားခံရှာတဲ့ ကနဦးကာလမှာ ထိုင်းရဲတွေဟာ လက်ရှိ စွပ်စွဲခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ယောက်ကို ခေါ်ယူ စစ်ဆေးခဲ့ပါသေးတယ်။ အသတ်ခံရသူတွေရဲ့ ကိုယ်ပေါ်မှာ တွေ့ရတဲ့ ဒီအင်န်အေ (မျိုးဗီဇ) အမျိုးအစားနဲ့ အဲဒီရွှေ့ပြောင်းမြန်မာအလုပ်သမား လူငယ်နှစ်ယောက်ရဲ့ ဒီအင်န်အေ တိုက်ဆိုင်စစ်ဆေးရာမှာ တူညီမှုမရှိတဲ့အတွက် နောက်ပိုင်း ပြန်လွှတ်ပေးခဲ့ပါတယ်။

ရဲတွေဟာ အဲဒီကျွန်းတစ်ခုလုံးပေါ်မှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအားလုံး တစ်ယောက်မကျန် ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ ဒါပေမဲ့ တရားခံနဲ့တူတာ မတွေ့ခဲ့ပါဘူး ။ အလားတူ အဲဒီကျွန်းကနေ နေရပ်ပြန်ဖို့လုပ်တဲ့ ဗြိတိန်နိုင်ငံသားတစ်ယောက်ကိုလည်း လေဆိပ်မှာ သံသယနဲ့ ခေါ်ယူစစ်ဆေးခဲ့ပါသေးတယ်။

ဒါပေမဲ့ လူသတ်မှု ကျူးလွန်တယ်လို့ ဘာအထောက်အထားမှ မတွေ့ရလို့ နောက်ပိုင်း ပြန်လွှတ်ပေးခဲ့ရပါတယ်။ ဒီလို
နဲ့ ရက်တချို့ကြာလာတဲ့အခါ လူသတ်တရားခံ ရှာမတွေ့နိုင်တဲ့ ရဲတပ်ဖွဲ့ကို ဖိအားတွေ များလာပါတယ်။ အမှုကို ရဲချုပ်ကိုယ်တိုင် ကြီးကြပ်ပြီး အခင်းဖြစ်ပွားရာကျွန်းကို ရဲတပ်ဖွဲ့ဝင်ပေါင်း မြောက်မြားစွာ စေလွှတ်ပြီး စုံစမ်းစစ်ဆေးစေပါတယ်။ ဒါပေမဲ့ တရားခံ မမိပါဘူး။ သေဆုံးသူတွေရဲ့ ကိုယ်ပေါ်က ဒီအင်န်အေ သဲလွန်စအရ အာရှ
နိုင်ငံသား ဖြစ်တယ်လို့တော့ အကြမ်းဖျင်း သိရပါတယ်။ ဒါဟာ ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာ အားလုံး ဖြစ်နိုင်ပါတယ်။

နောက်ဆုံးတော့ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း မြန်မာရွှေ့ပြောင်းအလုပ်သမား လူငယ်သုံးယောက်ကို ဖမ်းဆီး၊ အဲဒီအထဲက နှစ်ယောက်ဟာ လူသတ်မှုကျူးလွန်တယ်လို့ ဝန်ခံတယ်ဆိုပြီး လူအများရှေ့ ထုတ်ပြခဲ့တာပါ။ ဒါပေမဲ့ ထိုင်းရဲတွေရဲ့ အဲလို တရားခံဖမ်းပြတာကို ဘယ်သူမှ မယုံကြည်ကြပါဘူး။ အဲဒီကျွန်းက အလုပ်သမားတွေ အားလုံးလိုလိုလောက်ကလည်း မယုံကြည်ကြပါဘူး။

အဓိကအချက်ကတော့ နဂို ဒီအင်န်အေ တိုက်ဆိုင်စစ်ဆေးစဉ်က မတူဘူးပြောပြီး အခုမှ တူတယ်လို့ ပြောတာ၊ မြန်မာ
နှစ်ယောက်က ပေါက်တူးကို အသုံးပြုပြီး သတ်ဖြတ်ခဲ့တယ်လို့ သရုပ်ပေမယ့် သေဆုံးသူတွေရဲ့ ဒဏ်ရာဆေးမှတ်တမ်းအရ အခြားချွန်ထက်တဲ့ အရာတစ်ခုဖြစ်နိုင်တယ်လို့ ယူဆထားတာ၊ သေဆုံး ဗြိတိန်သူရဲ့ မိုဘိုင်းဖုန်းကို မြန်မာအလုပ်သမားရဲ့ အခန်းထဲက ရတယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောပေမယ့် တကယ့်တကယ် အဲဒီ မိုဘိုင်းဖုန်းကို ဗြိတိန်သူရဲ့ မိတ်ဆွေတစ်ယောက်က ရဲတပ်ဖွဲ့ဆီ အပ်နှံထားပြီးသား ဖြစ်တယ်ဆိုတာ ဓာတ်ပုံမှတ်တမ်းတွေမှာ ထင်ထင်ရှားရှား တွေ့ကြရတာ၊ လူသတ်ပါတယ်လို့ သရုပ်ပြစဉ်မှာ တကယ်ဖြစ်ခဲ့တဲ့ နေရာနဲ့ မြန်မာလူငယ်ကလေးတွေ ပြတဲ့နေရာ ကွဲလွဲနေတာ စသဖြင့် အချက်အလက်ပေါင်း များစွာမှာ သံသယဖြစ်ဖွယ်ရှိနေလို့ ဖြစ်ပါတယ်။

တကယ်လို့ ထိုင်းအာဏာပိုင်တွေဟာ ဒီလူသတ်မှုကို နိုင်ငံရေး၊ စီးပွားရေး ရှုဒေါင့်က စဉ်းစားပြီး ပြဿနာဖြေရှင်းမယ် ဆိုရင်လည်း ဒီသံသယတွေ ပိုပြီး ဖြစ်နိုင်ခြေရှိပါတယ်။ တကယ်လို့ လူသတ်မှု ကျူးလွန်သူတွေဟာ ထိုင်းတွေ ဖြစ်တယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ပုံရိပ် ဆိုးဆိုးရွားရွားထိခိုက်မှာဖြစ်ပြီး ထိုင်းကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကိုလည်း အကြီးအကျယ် နစ်နာစေမှာဖြစ်ပါတယ်။

ဒါကြောင့် အခြားအားနည်းတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် လုပ်ကြံပုံချတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီလိုစွပ်စွဲရတာကလည်း အကြောင်းရှိပါတယ်။ အခုကိစ္စမှာ မြန်မာအလုပ်သမားတွေဟာ လူသတ်တရားခံ အစစ်ဖြစ်တယ်မဖြစ်ဘူး သေချာပေါက် မပြောနိုင်ပေမယ့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအပေါ်တင်မက သူ့နိုင်ငံသားတွေအပေါ်ပါ ထိုင်းရဲတပ်ဖွဲ့ဝင်တချို့ ယုတ်မာကောက်ကျစ်လုပ်တတ်တဲ့၊ လုပ်ခဲ့တဲ့ မှတ်တမ်းမှတ်ရာ
အများကြီး ရှိခဲ့လို့ဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို မေးရင် ဇာတ်လမ်းပေါင်း ထောင်သောင်းချီ ကြားရနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီဖြစ်ရပ်မှာ မြန်မာလူငယ်နှစ်ယောက် လူသတ်မှု တကယ်ကျူးလွန်ခဲ့တယ်ဆိုရင်တောင် တရားဥပဒေအရ မျှတတဲ့ စီရင်မှုရဖို့ လိုပါတယ်။ တကယ် မကျူးလွန်ခဲ့ဖူးဆိုရင်တော့ မြန်မာနိုင်ငံသား အားလုံးရဲ့ ပုံရိပ်အကြီးအကျယ် ထိခိုက်သလို မြန်မာနိုင်ငံပုံရိပ်ကိုလည်း အကြီးအကျယ် ကျဆင်းစေမှာဖြစ်ပါတယ်။

ဒီထက်ပိုဆိုးမှာက မဆီမဆိုင် ထိုင်းနိုင်ငံထဲရောက်နေတဲ့ သန်းနဲ့ချီရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းအလုပ်ရှင်တွေ၊ ထိုင်းပုလိပ်တွေ၊ ထိုင်းနိုင်ငံသားတွေရဲ့ အထင်အမြင်သေးမှု၊ နှိမ့်ချဆက်ဆံမှု၊ ဖိနှိပ်မှု ပိုပြီးခံရဖွယ် ရှိနေပါတယ်။ ဒါဟာ မြန်မာရွှေ့ပြောင်း လူငယ်နှစ်ယောက်တည်းရဲ့ကိစ္စ မဟုတ်ပါဘူး။ နိုင်ငံသားတွေနဲ့ နိုင်ငံ့ပုံရိပ်ကိစ္စ ဖြစ်နေတာကြောင့် သမ္မတဦးသိန်းစိန်ကိုယ်တိုင် ဝင်ရောက် ဖြေရှင်းသင့်ပါတယ်။

ပြည်သူတချို့ အကြံဉာဏ်ပေးနေကြသလို သမ္မတအနေနဲ့ သိပ်မကြာခင် မြန်မာနိုင်ငံကို လာရောက်လည်ပတ်မယ့် ထိုင်းဝန်ကြီးချုပ်ကို ဒီကိစ္စ လူသိရှင်ကြားတရားဝင် ပြောဆိုသင့်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်(မဇ္ဈိမ)

No comments:

Post a Comment