Wednesday, October 22, 2014

ဟုမ္မလင်းမြို့နယ် တရားသူကြီးအား အဂတိလိုက်စားမှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်က ထောင်ဒဏ် ၁၀ နှစ်နှင့် ဒဏ်ငွေကျပ်ငါးသောင်း အမိန့်ချမှတ်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် တရားသူကြီးတာဝန် ထမ်းဆောင်ခဲ့သူ ဦးတင်စိန်အား အဂတိလိုက်စားမှုဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့မှ စစ်ဆေးရေးမှူး ဦးသိန်းဝင်းက ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် ဟုမ္မလင်းမြို့ မြို့မရဲစခန်းတွင် (ပ)၁၃၇/၂၀၁၄၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးပုဒ်မ ၅၆ အရ တရားလိုပြုလုပ် အမှုဖွင့်ဖမ်းဆီးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်တရားရုံး၌ စက်တင်ဘာ ၁၆ ရက်တွင် စတင်တရားစွဲဆိုရန် ပြင်ဆင်ခဲ့ပြီး စက်တင်ဘာ ၂၅ ရက်တွင် စတင်ရုံးတင်စစ်ဆေးခဲ့ကာ ရုံးချိန်းပေါင်း ၁၀ ချိန်းဖြင့် စစ်ဆေးပြီး အောက်တိုဘာ ၂၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် ရုံးအမှတ် (၁) တရားလွှတ်တော်တရားသူကြီး ဦးစန်းကိုက ဟုမ္မလင်းမြို့နယ် တရားသူကြီးတာဝန် ထမ်းဆောင်ခဲ့သူ ဦးတင်စိန်အား ထောင်ဒဏ် ၁၀ နှစ်နှင့် ဒဏ်ငွေကျပ်ငါးသောင်းပေးဆောင်ရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ဦးတင်စိန်သည် ဟုမ္မလင်းမြို့နယ် တရားသူကြီးတာဝန် ထမ်းဆောင်စဉ်အချိန်အတွင်း အဆိုပါရုံး၏ ၁၃၄၉/၂၀၁၃ မူး/စိတ် ၁၅/၁၆ (ဂ) အမှုမှ ကျပ် ၁၅ သိန်းကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် ဟုမ္မလင်းမြို့နယ် ဥပဒေရုံးမှ အကြီးတန်းစာရေးတာဝန် ထမ်းဆောင်သူ ဦးသိန်းလွင်ထံမှ ရယူခြင်း၊ ပြစ်မှုကြီးအမှတ် ၁၆၁/၂၀၁၄ ပြစ်မှု ၃၀၄-က/၃၃၇ အမှုတွင် ကျပ်နှစ်သိန်းရယူခြင်း၊ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က ကောင်းထက်စားသောက်ဆိုင်တွင် ကျပ် ၃၇၀၀၀ ဖိုးစားသုံးကာ ကျပ် ၁၀ သိန်းကို ဒုတိယအကြိမ် ထပ်မံလာဘ်ငွေအဖြစ် ရယူခြင်း၊ ပြစ်မှုကြီးအမှတ် ၁၆၁/၂၀၁၄ ယာဉ်ပိုင်ရှင် ဦးဝင်းပို ကျွေးမွေးဧည့်ခံသည့် ကျပ် ၅၂၉၀၀ ဖိုး စားသုံးခဲ့ခြင်းများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့မှ စစ်ဆေးရေးမှူးဦးသိန်းဝင်းက စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ယခုကဲ့သို့ တရားစွဲမှုများပြုလုပ်ကာ တရားစွဲဆိုခဲ့သည့် အမှုဖြစ်သည်။

“အခု တိုင်းတရားလွှတ်တော်ရုံးက ချမှတ်လိုက်တဲ့ ပြစ်ဒဏ်စီရင်ချက်ကို မိတ္တူကူးပြီးတာနဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးကို အယူခံဆက်ဝင်သွားမှာပါ။ အယူခံဝင်ပိုင်ခွင့်လည်း ရှိပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ရုံးနဲ့အထူးအယူခံရုံးတွေကို ဆက်လက်ပြီး အယူခံပိုင်ခွင့် ရှိပါတယ်” ဟု ဟုမ္မလင်းမြို့နယ် တရားသူကြီး ဦးတင်စိန်၏ အကျိုးဆောင်ရှေ့နေ ဦးညွန့်ဝေက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တရားစီရင်ရေးတာဝန် ထမ်းဆောင်သူများကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်စီရင်မှုသည် အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ်ဖြစ်ပြီး လာဘ်ငွေရယူမှုများဖြင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် မုံရွာမြို့နယ်တရားရုံးမှ တရားသူကြီးတစ်ဦးအား ရားထူးတစ်ဆင့်လျှော့ဖြင့် မြို့နယ်ပြောင်းရွှေ့တာဝန် ထမ်းဆောင်စေခဲ့ဖူးသည့်ဖြစ်စဉ်လည်း ရှိခဲ့ဖူးကြောင်း မုံရွာမြို့နယ် တရားရုံးအသိုင်းအ၀ိုင်းမှ သိရသည်။

Eleven Media Group

No comments:

Post a Comment