Wednesday, October 22, 2014

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်၌ လက်ရှိကျင့်သုံးနေသည့် မဲများသူ အနိုင်ပေးသည့်စနစ်ကို အခြေခံကာ အချိုးကျကိုယ်စားပြုစနစ် (PR) နှင့် ပေါင်းစပ်ကျင့်သုံးရန် ရွေးကောက်ပွဲလေ့လာသုံးသပ်ရေးကော်မရှင် အစီရင်ခံစာတင်သွင်း

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်၌ လက်ရှိကျင့်သုံးနေသည့် မဲများသူအနိုင်ပေးသည့်စနစ် (FPTP) ကို အခြေခံကာ အချိုးကျကိုယ်စားပြုစနစ် (PR) နှင့် ပေါင်းစပ်ကျင့်သုံးရန် ပြည်သူ့လွှတ်တော် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်က အစီရင်ခံစာ တင်သွင်းခဲ့သည်။



အောက်တိုဘာ ၂၁ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ အစီရင်ခံစာ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ကော်မတီဥက္ကဋ္ဌ ရွှေပြည်သာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက ဖတ်ကြားတင်သွင်းခဲ့ခြင်းဖြစ်သည်။

ကော်မတီ၏ အစီရင်ခံစာတွင် “ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲစနစ်သစ် ပုံစံတစ်ခု ဖြစ်ပေါ်လာရေး အတွက် ရည်ရွယ်ချက်၊ လေ့လာသုံးသပ်ချက်များကို အခြေခံ၍ ယနေ့ဖြစ်ပေါ်နေသော နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအပါအဝင် အခြေအနေအရပ်ရပ်ကို ထည့်သွင်းတွက်ချက် စဉ်းစားသုံးသပ်ပြီး နည်းလမ်းရှစ်ခုအား အကြံပြု တင်ပြခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ နည်းလမ်းရှစ်ခုအနက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်နှင့် လိုက်လျောညီထွေရှိမည့် ရွေးကောက်ပွဲစနစ်အား လေ့လာသုံးသပ်ရာတွင် မဲအများဆုံးရသူ အနိုင်ယူစနစ်နှင့် ပါတီလိုက်အချိုးကျ ကိုယ်စားပြုစနစ်တို့ကို ပေါင်းစပ်ထားသော ရွေးကောက်ပွဲစနစ် (ရာခိုင်နှုန်း ၅ဝ အပေါင်းတစ်မဲ မရရှိသော ကိုယ်စားလှယ်များအား အခွင့်အရေးပေးသောစနစ်) တစ်မျိုးနှင့် မဲအများဆုံးရသူ အနိုင်ယူစနစ်နှင့် ပါတီလိုက် အချိုးကျ ကိုယ်စားပြုစနစ်တို့ကို ပေါင်းစပ်ထားသော ရွေးကောက်ပွဲစနစ် (ရာခိုင်နှုန်း ၅ဝ အပေါင်းတစ်မဲ မရရှိသော ကိုယ်စားလှယ်များအား အခွင့်အရေးပေးသောစနစ်) မဲအများဆုံးရသူ အနိုင်ယူစနစ်ကို အဓိကအခြေခံ၍ ရာခိုင်နှုန်း ၅ဝ အပေါင်းတစ်မဲ မရရှိသော ကိုယ်စားလှယ်များကို အခွင့်အရေးပေးသော နည်းလမ်း နှစ်ခုသည် လိုက်လျောညီထွေမှုရှိနိုင်ကြောင်း လွှတ်တော်မှ သုံးသပ်ဆောင်ရွက်နိုင်ပါရန် အကြံပြုတင်ပြအပ်ပါသည်” ဟု ဖော်ပြထားသည်။

ကော်မရှင်မှ ထောက်ခံခဲ့သည့် FPTP နှင့် PR ပေါင်းစပ်ရွေးကောက်ပွဲစနစ် နှစ်မျိုးအနက် ပထမတစ်မျိုးမှာ ပြည်နယ်ခုနစ်ခုနှင့် နာဂမြို့နယ်များအား ယခင် FPTP စနစ်အတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်။ ကျန်တိုင်းခုနစ်ခုနှင့် နေပြည်တော်ရှိ မြို့နယ်ပေါင်း ၂ဝ၄ မြို့နယ်၌ မဲရာခိုင်နှုန်း ၅ဝ အပေါင်းတစ် ရရှိသူအား အနိုင်ပေးမည်ဖြစ်သည်။ ရာခိုင်နှုန်း ၅ဝ မကျော်သည့် မြို့နယ်များကိုပေါင်းကာ ပါတီမဲ PR စနစ်ဖြင့် ရွေးမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယစနစ်မှာ ပြည်နယ်ခုနစ်ခုနှင့် နာဂမြို့နယ်များအား ယခင် FPTP စနစ်အတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်။ ကျန်တိုင်းခုနစ်ခုနှင့် နေပြည်တော်ရှိ မြို့နယ်ပေါင်း ၂ဝ၄ မြို့နယ်၌ မဲရာခိုင်နှုန်း ၅ဝ အပေါင်းတစ်ရရှိသူအား အနိုင်ပေးမည်ဖြစ်သည်။ ၅ဝ ရာခိုင်နှုန်းအထက် မရသည့် မြို့နယ်များ၏ မဲများအားလုံးပေါင်း PR ဖြင့် ရွေးချယ်မည်ဖြစ်သည်။ ရွေးချယ်ခံပြီး မြို့နယ်မဲများ ပါဝင်မည်မဟုတ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေး ကော်မရှင်က မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေရှိမည့် ရွေးကောက်ပွဲစနစ် ရှစ်မျိုးအား လွှတ်တော်သို့ တင်သွင်းခဲ့သော်လည်း အထက်ပါစနစ်နှစ်မျိုးအား ကျင့်သုံးရန် သဘောထားမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်၊ မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးတင်မောင်ဦးက “ကျွန်တော်တို့ကော်မတီက အဆုံးအဖြတ်ပေးတဲ့ ကော်မတီ မဟုတ်ပါဘူး။ ဘယ်စနစ်ကို လုပ်မယ်ဆိုတာက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူ လူထုရဲ့ တာဝန်ပါ။ အပြင်မှာပြောနေတဲ့ PR ဆိုတာက ရွေးကောက်ပွဲစနစ်ပေါင်း ၁ဝဝ လောက်ထဲက တစ်ခုပဲဖြစ်တယ်။ အခု ကမ္ဘာမှာ ၁၉ဝ၂ ခုနှစ်ကနေ ကျင့်သုံးလာတဲ့ နည်းလမ်းပေါင်း ၁ဝဝ ကျော်ရှိပါတယ်။ ဒီ ၁ဝဝ ကျော်က ဘာကိုအခြေခံလဲဆိုရင် FPTP တို့ PR တို့ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံနဲ့ကိုက်မယ့် စနစ်ကို သုံးကြတာဖြစ်ပါတယ်။ အဲဒီတော့ ဦးတို့နိုင်ငံကို ပြန်လေ့လာမယ်။ ဦးတို့က နှစ်ပေါင်း ၆ဝ နီးပါး FPTP စနစ်ကို ကျင့်သုံးပါတယ်။ ယနေ့စနစ်ကို မကောင်းဘူးလားမေးရင် ကောင်းပါတယ်။ သို့သော် ဦးတို့နိုင်ငံတကာမှာ သွားလေ့လာတဲ့အခါကျတော့ နိုင်ငံတကာက တိုးတက်နေမှုတွေထက် ဦးတို့နိုင်ငံရဲ့ တိုးတက်နေမှု နောက်ကျနေတာက ဒီစနစ်နဲ့ အတိုင်းအတာတစ်ခုတော့ ဆိုင်မယ်လို့ သုံးသပ်ပါတယ်။ ဒီနေ့ အဓိကထားပြီးပြသွားတဲ့ စနစ်ဆိုရင် FPTP ပါပဲ။ မဲပေးမယ့် ပြည်သူလူထုက ဘာမှသိစရာ မလိုဘူး။ အရင်တိုင်း မဲပြားမှာမဲခြစ်ပြီးတော့ မဲဆန္ဒရှင်မသိဘဲ ပေးတဲ့စနစ်ကို ဦးတည်ပြီး ပြောသွားတာပါ” ဟု ပြောကြားသည်။

ထို့နောက် ကော်မတီက တင်သွင်းခဲ့သည့် ရွေးကောက်ပွဲစနစ်ရှစ်မျိုး၏ မူများနှင့်ပတ်သက်၍ ဦးတင်မောင်ဦးက ရှင်းလင်းရာတွင် “နံပါတ် (၁) က တစ်နိုင်ငံလုံးမှာ ကျင့်သုံးနေတဲ့ FPTP ပါပဲ။ (၂) က အပြင်မှာအော်နေတဲ့ PR ပါပဲ။ (၃) ကတော့ တစ်နိုင်ငံလုံးကို FPTP နဲ့ကျင့်သုံးတဲ့ စနစ်ပါ။ ဒီနေရာမှာ Vote ကို Seat ပြောင်းတဲ့စနစ်တော့ မတူပါဘူး။ (၄) ကလည်း သုံးနဲ့အတူတူပါပဲ။ အားလုံး တစ်နိုင်ငံလုံးကို FPTP နဲ့ မဲဆန္ဒနယ် သတ်မှတ်မယ်။ မဲပေးတဲ့စနစ် မပြောင်းဘူး။ အားလုံးအတူတူပါပဲ။ သုံးနဲ့ကွာတာက သုံးမှာတုန်းက ရန်ကုန်တိုင်းမှာ ၄၅ မြို့နယ် ရှိတယ်ဆိုပါစို့။ ၁၅ မြို့နယ်မှာ ရာခိုင်နှုန်း ၅ဝ အပေါင်းတစ်မဲ ရသွားတယ်ဆိုရင် သူ့ကို ကိုယ်စားလှယ်အနေနဲ့ သတ်မှတ်လိုက်တယ်။ ကျန်တဲ့မြို့နယ် ၃ဝ ကို သုံးမှာတုန်းက ရှုံးမဲတွေကို မပေါင်းဘူး။ လေးကျတော့ မြို့နယ် ၃ဝ အပြင် ကိုယ်စားလှယ်ရွေးပြီးသား မြို့နယ်တွေမှာ ကိုယ်စားလှယ်မဖြစ်လိုက်တဲ့ နိုင်ငံရေးပါတီတွေရဲ့ မဲတွေကို ပေါင်းပေးမှာဖြစ်ပါတယ်။ ဒီလိုပေါင်းပေးခြင်းအားဖြင့် ပြည်သူလူထုပေးလိုက်တဲ့ မဲအားလုံးက တန်ဖိုးရှိသွားမှာ ဖြစ်ပါတယ်။ သုံးနဲ့လေးမှာက ဖွဲ့စည်းပုံလည်း ပြင်စရာမလိုဘူး။ နံပါတ် (၅) ကျတော့ ပြည်နယ်ခုနစ်ခုပြီးရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသုံးခု ဒါက ယခင်အတိုင်း FPTP ရိုးရိုးဖြစ်ပါတယ်။ တိုင်းဒေသကြီး ခုနစ်ခုမှာရှိတဲ့ ၂ဝ၄ မြို့နယ်မှာက ရာခိုင်နှုန်းသတ်မှတ်ပြီးတော့ တချို့ FPTP တချို့ PR။ ဒါပေမဲ့ မဲပေးတဲ့အခါမှာတော့ FPTP မဲပေးတဲ့သူရော PR ပေးတဲ့သူရော တစ်မဲပဲပေးရမယ်။ ဒီစနစ်ဖြစ်ပါတယ်။ ပြီးတော့ ၅၊ ၆၊ ၇ ကတော့ အကြမ်းအားဖြင့်ပြောရရင် FPTP နဲ့ PR စနစ်ကို ရောထားတာပါ။ ရောထားပေမယ့် ရာခိုင်နှုန်းမတူဘူး။ စနစ်မတူဘူး” ဟု ပြောကြားသည်။

မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေး ကော်မရှင်ကို အဖွဲ့ဝင် ၂၄ ဦးဖြင့် ပြည်သူ့လွှတ်တော်၌ ဇူလိုင် ၃၁ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က PR စနစ်ကြောင့် အမျိုးသားရင်ကြားစေ့ရေး ရရှိခဲ့သည့် နိုင်ငံဟူသည် မရှိခဲ့ဖူးကြောင်း၊ PR စနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီသည်မှာ အမှန်ပင်ဖြစ်ကြောင်း ပြောကြားထားသည်။


Eleven Media Group

No comments:

Post a Comment