Friday, October 3, 2014

ပျောက်ဆုံး ရဟတ်ယာဉ် ခြေရာမခံနိုင်သေး

ပျောက်ဆုံးနေသည့် B4 ရဟတ်ယာဉ်ကို ဆက်သွယ်ရေး ကိရိယာကို ခြေရာခံ၍ ရှာဖွေနေ သော်လည်း အဆက်အသွယ် မရရှိသေးကြောင်း ထူးဖောင်ဒေး ရှင်းမှ သတင်းရရှိသည်။

B4 ရဟတ်ယာဉ်တွင်ရှိသည့် ဆက်သွယ်ရေးအချက်ပြ ကိရိယာကို B4 ရဟတ်ယာဉ်ကုမ္ပဏီနှင့် နိုင်ငံတကာမှ ရှာဖွေရေးအဖွဲ့အစည်းများက ခြေရာခံ ရှာဖွေသော်လည်း အချက်ပြဆက်သွယ်လာခြင်း မရှိဟု ထူးဖောင်ဒေးရှင်းပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကိုကိုက ပြောသည်။

‘‘ရဟတ်ယာဉ်မှာ ELT (Em-ergency Locator Transmitter) ဆိုတာရှိတယ်။ အဲဒါက ဘယ်မှာရှိတယ်ဆိုတာ Signal ပြတယ်။ အခုက ရဟတ်ယာဉ်ရဲ့ ပင်မ ကုမ္ပဏီကရော၊ တခြားအဖွဲ့တွေကပါ နေရာပေါင်းစုံက Check လုပ်ပေမယ့် Signal မပြဘူး။ ဘာကြောင့်လဲဆိုတာတော့ ကျွမ်းကျင်တဲ့သူတွေပဲ ပြောနိုင်မယ်’’ ဟု ကိုဖြိုးကိုကိုက ပြောသည်။

စက်တင်ဘာ ၂၉ ရက်တွင် ဒေသခံတစ်ဦးက နောင်မွန်းမြို့ နယ် အကျော် ဂါထုရွာအနီးလေယာဉ်တစ်စီး ထိုးကျသွား သည်ဟု သတင်းပေးပို့ခဲ့သည့်အတွက် သွားရောက်ရှာဖွေသော် လည်း ယနေ့အထိ မတွေ့ရှိသေး ဟု ၎င်းက ဆိုသည်။

ပျောက်ဆုံးနေသူ တောင်တက် သမားနှစ်ဦးကို ရှာဖွေနေသည့် ထိုင်းနိုင်ငံ Advance Av-iation မှ B4ရဟတ်ယာဉ်သည် ရိက္ခာပို့ရန် ပူတာအိုမှ ထွက်ခွာသွားစဉ် ပျောက်ဆုံးလျက်ရှိရာ ငါးရက် ကြာမြင့်လာပြီဖြစ်သော်လည်းယနေ့အချိန်အထိ အဆက်အသွယ် မရရှိသေးကြောင်း သတင်းရရှိသည်။

ခါကာဘိုရာဇီ ရေခဲတောင် တွင် ပျောက်ဆုံးနေသည့် တောင် တက်သမားနှစ်ဦးကို ရှာဖွေကယ် ဆယ်ရေးပြုလုပ်နေသည့် ထိုင်း နိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ်သည် တဟွန်ဒမ်းရွာ သို့ ရိက္ခာပို့ရန် စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ပူတာအိုမှ ထွက်ခွာခဲ့ပြီး မိနစ် ၂၀ အကြာတွင် အဆက်အသွယ် ပြတ်တောက်သွားခြင်း ဖြစ်သည်။

B4 ရဟတ်ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူး Mr.Chat Chawal, မြန်မာလူမျိုး ရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးနှင့် ထူးဖောင်ဒေးရှင်းနာယက ဦးတေဇ၏ ကိုယ်ရေးလက်ထောက်ဖြစ်ပြီး ကျွမ်းကျင်တောင်တက်သမား နမားဂျွန်ဆင်၏ တူဖြစ်သူ ရွှေရင်တော်ကြီးတို့ ပါဝင်လိုက်ပါသွားခဲ့ခြင်းဖြစ် သည်။

ရှာဖွေရေး လုပ်ငန်းများကို ဝေဟင်နှင့် မြေပြင်တွင်ပါရှာဖွေ ရေး ပြုလုပ်နေပြီး တရုတ်နိုင်ငံ Blue Sky Rescue အဖွဲ့၏ Infrared Sensor သုံးရှာဖွေရေး ကိရိယာများ၊ ကင်မရာများ၊ Dro−ne များနှင့် မိုးပျံပူဖောင်းများကို အသုံးပြုပြီး ဒေသအာဏာပိုင်များ၊ ဒေသခံများနှင့်အတူ ပူး ပေါင်းလုပ်ဆောင်လျက် ရှိသည် ဟု ထူးဖောင်ဒေးရှင်းမှ သတင်း ထုတ်ပြန်သည်။

ခါကာဘိုရာဇီ ရေခဲတောင် ထိပ်ရောက် တောင်တက်သမား နှစ်ဦးပျောက်ဆုံးနေသည်မှာ တစ် လကျော်ကြာ မြင့်လာပြီဖြစ်သော် လည်း ယနေ့အချိန်ထိ မတွေ့ရှိ သေးဟု သိရသည်။

မြေပြင်ရှာဖွေရေးအဖွဲ့မှ အမြင့်ပေ ၁၆၂၀၀ တွင် ပျောက် ဆုံးတောင်တက်သမားတို့ ချန် ရစ်ခဲ့သည့် အိတ်အနီတစ်လုံးနှင့် အမြင့်ပေ ၁၇၃၀၀ တွင် ကျောပိုး အိတ်အပြာ တစ်လုံးတို့ကိုသာ တွေ့ရှိသေးသည်။

နမားဂျွန်ဆင်ဦးဆောင်သည့် မြေပြင်ရှာဖွေရေး အဖွဲ့ကလည်း ရာသီဥတုကောင်းမွန်ခြင်း မရှိ၍ တောင်ခြေ စခန်းမှ အမြင့်ပေ၁၇,၀၀၀ အထက်ထိသာ ရှာဖွေမှု ပြုလုပ်နိုင်သေးပြီး နိုင်ငံတကာမှ တောင်တက် သမားများ ဆွေးနွေး၍ ရာ သီဥတု အခြေအနေကောင်းပါက တောင်ထိပ်သို့ ဆက်လက်ရှာဖွေရန်ရှိသည်ဟု သိရသည်။

7Day Daily

No comments:

Post a Comment