Wednesday, October 1, 2014

တရုတ်နိုင်ငံသားနှစ်ဦးကို ပြန်ပေးဆွဲရာတွင် ပါဝင်သည်ဟု စွပ်စွဲခံရသော ဗကသကျောင်းသူ မဖြူနှင်းထွေး၏ အာမခံ ထပ်မံပယ်ချခံရ

တရုတ်နိုင်ငံသားနှစ်ဦးကို ပြန်ပေးဆွဲရာတွင်ပါဝင်သည်ဟု စွပ်စွဲခံ ရသော ဗ.က.သ ကျောင်းသူ မဖြူနှင်းထွေးအမှု ဒုတိယမြောက် ရုံးချိန်း၌ အာမခံလျှောက်ထားခဲ့မှုအား ပယ်ချခံခဲ့ရပြီး ယခု တတိယမြောက် ရုံးချိန်း၌လည်း ဒုတိယအကြိမ်အဖြစ် အာမခံလျှောက် ထားရာ ထပ်မံပယ်ချခံခဲ့ရကြောင်း သိရသည်။

တတိယမြောက်ရုံးချိန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့ရှိ ခရိုင်တရားရုံးတွင် စက်တင်ဘာ ၃၀ ရက် မွန်းလွဲ ၁၂ နာရီခန့်က တရားလိုပြ သက်သေတစ်ဦးကို စတင်စစ်ဆေးခဲ့ပြီး မဖြူနှင်းထွေးဘက်မှ အာမခံလျှောက်ထားခဲ့ရာ အာမခံအား ပယ်ချခဲ့သည်။ အမှုအား ဆက်လက်စစ်ဆေးနိုင်ရန်အတွက် ယင်းမာပင်ခရိုင် တရားသူကြီးက အောက်တိုဘာ ၁၃ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

အာမခံပယ်ချခံရမှုနှင့် ပတ်သက်၍ မဖြူနှင်းထွေး၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက “ ဒီကိစ္စနဲ့ပတ်သက်ပြီး အာမခံပေးခြင်း မပေးခြင်းက တရားရုံးနဲ့ပဲ ဆိုင်တယ်။

 ပေးမယ်ဆိုလည်း ပေးလို့ရပါတယ်။ ကုမ္ပဏီအနေနဲ့ကတော့ ဒေသခံတွေနဲ့လည်း ရန်ဖြစ်ချင်မှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ တရားစွဲဖို့ကိစ္စကို အမိန့်ပေးတာ တစ်ဦးတစ်ယောက် ဖြစ်နိုင်တယ်။ ဗ.က.သ အနေနဲ့က အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေတဲ့အချိန်နဲ့ ကိုက်နေလို့ လမ်းကြောင်းလွှဲတာလည်း ဖြစ်နိုင်တယ်။

ကန့်ဘလူဘက်မှာဆိုရင်လည်း မြေသိမ်းယာသိမ်းကိစ္စတွေနဲ့ တရားစွဲဆိုပြီး ထောင်ချမှုတွေ ပြုလုပ်နေတယ်။ ပြည်သူတွေကို လမ်းပေါ်ထွက်လာအောင် သေချာတမင်ရည်ရွယ်ပြီး လုပ်နေသလား မသိဘူး။ အခု တရားစီရင်မှုနဲ့ ပတ်သက်ပြီး တရားရုံးတွေ၊ တရားသူကြီးတွေနဲ့ မဆိုင်ဘူးလို့ပြောရင် တစ်သီး ပုဂ္ဂလဆန်တယ်။

၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်မှသာ တရားစီရင်ရေးစနစ် ကောင်းမွန်လာပြီး မှန်ကန်တဲ့ တရား စီရင်ရေးစနစ် ဖြစ်ပေါ်လာမှာပါ။ ဒီအမှုဟာ တရုတ်ကိုမထိနဲ့ ထိရင်ဒီလိုလုပ်မယ်ဆိုတဲ့ မက်ဆေ့တစ်ခု ပြည်သူကို ပေးချင်တာက တစ်ချက်၊ ဗ.က.သ အဖွဲ့ကို နားရွက်တံတွေးဆွတ်ချင်တာက တစ်ချက်ဖြစ် လိမ့်မယ်” ဟု တရားခွင်မှ ပြန်လည်ထွက်ခွာလာချိန်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“သူတို့ လယ်ယာမြေတွေ ပြန်ရဖို့အတွက် တောင်းဆိုပေးခဲ့တယ်။ အခု ကျွန်မကိုစွဲဆိုထားတဲ့ အမှုမှာတော့ လုံးဝမတရားဘူးဆိုတာ အရမ်းပေါ်လွင်နေတယ်။ ကျောင်းသားတစ်ဦးရဲ့ အခွင့်အရေးကိုလည်း တိုက်ရိုက်ချိုးဖောက်တယ်လို့ ယူဆပါတယ်။ အဲဒီအတွက်တော့ ရင်ဆိုင်သွားမှာပါ။ လက်ပံတောင်းဒေသခံတွေ အားလုံးလည်း သူတို့ရဲ့ လယ်ယာမြေတွေ ပြန်ရဖို့အတွက် ဆက်လက်တိုက်ပွဲဝင်ပါလို့ ပြောချင်ပါတယ်” ဟု မဖြူနှင်းထွေးက ပြောဆိုခဲ့သည်။

လက်ရှိတွင် မဖြူနှင်းထွေး၏ ကျန်းမာရေးအခြေအနေမှာ အခြားစိုးရိမ်ရသည့် အနေအထားမရှိဘဲ အားနည်း၍ အားဆေးနှစ်ကြိမ်သွင်းထားရပြီး သီးသန့်ခန်းဖြင့်နေထိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။


ဖမ်းဆီးခံထားရသော မဖြူနှင်းထွေးအား ယင်းမာပင်မြို့ရှိ ခရိုင်တရားရုံး၌ စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဟိန်းမင်းထက်)

“မဖြူနှင်းထွေး ပြန်လည်လွတ်မြောက်ရေးအတွက် တောင်းဆိုလွှင့်တင်တဲ့အလံကို ဘယ်တော့မှ ပြန်ချမှာမဟုတ်ပါဘူး။ ဆက်လက်ပြီး တောင်းဆိုမှုတွေ ပြုလုပ်သွားမှာပါ။ မဖြူနှင်းထွေးကို တစ်ကျွန်းချသည်ဖြစ်စေ ပြစ်ဒဏ်ပေးသည်ဖြစ်စေ ကျွန်တော်တို့က မဖြူနှင်းထွေးမှန်တယ်။ တရား စီရင်ရေးမှားတယ်။ မှန်တဲ့ဘက်မှာပဲ ရပ်တည်ပြီးတော့ ဘယ်လိုအခြေအနေမျိုးကို ရင်ဆိုင်ရပါစေ မဖြူနှင်းထွေး ပြန်လည်လွတ်မြောက်ဖို့အတွက် အဆုံးစွန် တိုက်ပွဲဝင်သွားမှာပါ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဗ.က.သ များအဖွဲ့ချုပ်ဥက္ကဋ္ဌ ကျော်ကိုကိုက ပြောကြားသည်။

မဖြူနှင်းထွေးအား စက်တင်ဘာ ၁၃ ရက်တွင် ၎င်းနေထိုင်ရာ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့ အောင်မင်္ဂလာ(၁)ရပ်ကွက် နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ပြစ်မှုသေး ၁/၂၀၁၄၊ ပုဒ်မ ၃၆၄/၃၆၈ အရ ဖမ်းဆီးခဲ့ပြီး ယခုကဲ့သို့ တရားစွဲဆိုခဲ့ရာ ပထမရုံးချိန်းအား စက်တင်ဘာ ၁၅ ရက်တွင် တရားလိုလာရောက်ခြင်းမရှိခဲ့ဘဲ ဒုတိယရုံးချိန်းကို စက်တင်ဘာ ၂၃ ရက်တွင် ချိန်းဆိုကာ တရားလိုပြ သက်သေသုံးဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၃၀ ရက် ရုံးချိန်းတွင် ဒုတိယအကြိမ် ရုံးချိန်းကဲ့သို့ ယင်းမာပင်ခရိုင် တရားရုံးအတွင်း၌ စစ်ကိုင်း၊ ကျောက်ဆည်၊ မြင်းခြံ၊ ဟင်္သာတ၊ မုံရွာ၊ မန္တလေး၊ ရန်ကုန်၊ သံလျင်စသည့် ဒေသအသီးသီးမှ ဗ.က.သ ကျောင်းသား၊ ကျောင်းသူအင်အား ၇၀ ကျော် အပါအ၀င် လက်ပံတောင်းဒေသခံ တောင်သူများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့တို့က လာရောက်အားပေးခဲ့ကြသည်။


Eleven Medai Group

No comments:

Post a Comment