Wednesday, October 1, 2014

တောင်ဥက္ကလာပတွင် ဖြစ်ပွားနေသည့် ၀မ်းရောဂါမှာ သောက်သုံးရေ မသန့်ရှင်းမှုကြောင့်ဖြစ်

တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက် စီမံကိန်း(၁)တွင် ဖြစ်ပွားနေသည့် ၀မ်းရောဂါမှာ သောက်သုံးရေ မသန့် ရှင်းမှုကြောင့်ဖြစ်ပြီး လူနာများ၏ဓာတ်ခွဲနမူနာများကို အမျိုးသား ကျန်းမာရေး ဓာတ်
ခွဲမှုဆိုင်ရာဌာန (NHL) သို့ ပေးပို့စစ်ဆေးထားကြောင်း ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

လက်ရှိ ၀မ်းရောဂါဖြစ်ပွားသူဦးရေ ၁၀၀ ၀န်းကျင်ခန့်ရှိပြီး ယင်းတို့အထဲမှာ လူဦးရေ ၃၀ နီးပါးကို စံပြဆေးရုံကြီး (သင်္ဃန်းကျွန်း) သို့ ပို့ဆောင်ကုသထားကြောင်းနှင့် ၀မ်းရောဂါမှာ စက်တင်ဘာ ၂၄ ရက်က စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက်ရှိ မိခင်နှင့်ကလေး စောင့်ရှောက်ရေးရုံး၌ ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းများဖွင့်ကာ ဆေးကုသမှုလုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

“အဲဒီရပ်ကွက်မှာ တချို့က ဂျိုးဖြူရေ၊ တွင်းရေသုံးတာရှိသလို အ၀ီစိရေလည်း သုံးကြတယ်။ အခုဖြစ်တဲ့သူတွေကို ဘာရေသုံးသလဲမေးတော့ တွင်းရေနဲ့ အ၀ီစိရေကို ပိုက်သွယ်သုံးတယ်လို့ပြောတော့ ရေရောင်းတဲ့ အ၀ိစီတွင်းတွေကို ကျန်းမာရေးဌာနကသူတွေ လိုက်စစ်တော့ အ၀ီစိတွင်းက သတ်မှတ် ပေ ၅၀ အကွာမှာ အနည်းဆုံးရှိရမှာလို့ ပြောတယ်။ တချို့တွင်းတွေက အိမ်သာနဲ့ အခုပေ ၂၀ လောက်ပဲ ကွာနေတယ်။ ဒါကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပြောသွားပါတယ်။ အခု ၀မ်းရောဂါဖြစ်နေတဲ့သူတွေရဲ့ ဓာတ်ခွဲနမူနာတွေကိုလည်း အမျိုးသားဓာတ်ခွဲဌာနကို ပို့ထားတယ်လို့လည်း ကြားပါတယ်” ဟု တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက်နေ ဒေါ်လင်းလင်းက ပြောကြားခဲ့သည်။

လက်ရှိတွင် ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းကို သိရှိနိုင်ရန် ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ဝမ်းပျက်ဝမ်းလျောရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်မှုအများဆုံးဖြစ်ပွားသော ရောဂါတစ်ခုဖြစ်နေပြီး အသက်ငါးနှစ်အောက် ကလေးသူငယ် သေဆုံးရခြင်း အဓိကအကြောင်းအရင်းများအနက် ၂၅ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးနေရာတွင် ရပ်တည်နေကြောင်းနှင့် ကမ္ဘာတစ်ဝန်းရှိ အသက်ငါးနှစ်အောက် ကလေးများ အသက်ဆုံးရှုံးရခြင်း၏ နံပါတ်နှစ်နေရာတွင် ရှိနေပြီး ကလေး ၁၀ ဦးတွင် တစ်ဦးနှုန်း နှစ်စဉ်လူဦးရေ ရှစ်သိန်းခန့်မှာ ၀မ်းပျက်ဝမ်းလျောရောဂါကြောင့် နှစ်စဉ်သေဆုံးနေရကြောင်း သိရသည်။

လက်ရှိ ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများရှိ ကယ်ဆယ်ရေးစခန်းများတွင်လည်း လူဦးရေထူထပ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းမှု နည်းပါးခြင်း၊ ယင်လုံအိမ်သာ လုံလောက်မှုမရှိခြင်း၊ သန့်ရှင်းသည့် သောက်သုံးရေရရှိမှု အားနည်းခြင်း စသည့်အချက်များကြောင့် ၀မ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားနှုန်း မြင့်မားနေကြောင်း ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်အကူအညီပေးနေသည့် လူမှုအဖွဲ့အစည်းများ ထံမှ သိရသည်။ -

Eleven Media Group

No comments:

Post a Comment